သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်းမှန်ကန်ရေး အိမ်တိုင်ရာရောက် စာရင်းကောက်မည်


မဲဆန္ဒရှင်စာရင်း
မဲဆန္ဒရှင်စာရင်း

လာမယ့်ရွေးကောက်ပွဲတွေမှာမဲပေးနိုင်တဲ့ လူဦးရေ မဲစာရင်းကို တိကျစွာပြုစုနိုင်ဖို့ အိမ်တိုင်ရာရောက်မဲစာရင်းကောက်ယူမှုတွေကို လုပ်ဆောင်သွားမယ် လို့ ကော်မရှင်က ပြောဆိုလိုက်ပါတယ်။ ကောက်ယူနိုင်ဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရယ် နိုင်ငံရေးပါတီတွေရယ်နဲ့ ပူးပေါင်းကောက်ယူမယ် လို့လည်းပြောဆိုလိုက်ပါတယ်။ ကောက်ယူ ဖို့လုပ်ဆောင်နေကြောင်း ပြောဆို ခဲ့ပေမယ့် ဘယ်အချိန် ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာကိုတော့မပြောခဲ့ပါဘူး။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်းက မေခ ကပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲစာရင်းမှားယွင်းမှူတွေ ရှိခဲ့တာမို့၊လာမယ့် ရွေးကောက်ပွဲ မဲစာရင်း မှန်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဘယ်လို ဆောင်ရွက်သွားဖို့ရှိလဲလို့ ပြည်သူလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက် က မေးမြန်းခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဒီအတွက် အစီအစဉ်ဆွဲထားပြီလို့ ကော်မရှင်အဖွဲ့ဝင်သစ် ဦးလှတင့် လွှတ်တော်မှာ ဖြေကြားခဲ့တာပါ။

“နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ ကျနော်တို့ မဲစာရင်းမှန်ကန်စေရေးအတွက် ကျနော်တို့အဓိကတော့ ကျနော်တို့ ၂၀၁၅ အထွေထျွေရွေးကောက်ပွဲမှာ ပြုစုခဲ့တဲ့ မဲစာရင်းတွေကို အခြေပြုပြီးတော့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီးတော့ အိမ်တိုင်ရာရောက် Door to Door ကျနော်တို့မဲစာရင်းကောက်ယူခြင်းနှင့် ပိုမိုပြည့်စုံစွာ တိကျမှန်ကန်ရေးဆောင်ရွက်ထားရန် စီစဉ်ထားပါတယ်။ အဲဒီမဲစာရင်းကောက်ယူရေးနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ကို ကျနော်တို့ စံပြ စမ်းသပ်နိုင်လျှင်ဖြင့် ကျနော်တို့ သတ်မှတ်ပြီးတော့ စတင်ကောက်ယူနိုင်ဖို့ ကျနော်တို့ စီစဉ်ထားပါတယ်ခင်ဗျ။”

ဒီလိုမဲစာရင်းမှန်ကန်နိုင်ဖို့ လုပ်ဆောင်တာမှာ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မဲဆန္ဒရှင်ပြည်သူများ၊နိုင်ငံတကာ အဖွဲ့အစည်းများ နဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဦးလှတင့်ကပြောပါတယ်။ ဒီပြင် မဲဆန္ဒရှင်များ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ရေဒီယို ရုပ်မြင်သံကြားတို့မှာ အသိပညာပေးဖို့နဲ့ ဗီနိုင်းပိုစတာများ လက်ကမ်းစာစောင်များဖြန့်ဝေလှုံ့ဆော် စည်းရုံးသွားမယ်လို့ သူကပြောပါတယ်။ ဒီလိုတွေ လွှတ်တော်မှာပြောဆိုခဲ့ပေမယ့် ဘယ်ချိန်ကို တိကျစွာလုပ်ဆောင်မလဲဆိုတာကို တော့ အဖြေမပေးခဲ့ပါဘူး။

ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလ မှာ တနိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာတာမှာ မဲစာရင်းတွေမှာ အိမ်ထောင်စု စာရင်း ဝင် မိသားစု မဟုတ်တဲ့ အမည်စာရင်း တွေ ပါဝင်တာတွေ၊ ပါဝင်သင့်သူတွေမပါဝင်တာတွေ ကြောင့်ပြန်ပြင်မရနိုင်တော့တဲ့ မဲစာရင်း မှားယွင်းမှုတွေရှိခဲ့ပြီး ဒီမဲစာရင်းအမှားနဲ့ဘဲ ပြီးခဲ့တဲ့ရွေးကောက်ပွဲကို ကျင်းပခဲ့ရပါတယ်။ ဒီအတွက် ရွေးကောက်ပွဲကော်မရှင် အသစ်က နောင်လာမယ့်ရွေးကောက်ပွဲမှာ မဲစာရင်းတိကျနိုင် ဖို့ အခုလို လုပ်ဆောင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှုးချုပ် ဦးတင်ထွန်းက ပြောပါတယ်။

“အခုဟာက Door to Door ဆိုတာက အခုလက်ရှိကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေရဲ့ မဲစာရင်းလုပ်မယ့်စနစ်လေးကို Door to Door လုပ်တာ ပိုပြီးကောင်းမယ် ဆိုတဲ့စနစ်ကို သူတို့ရွေးချယ်ထားတာပါ။ ဘယ်တော့ လုပ်မယ်ဆိုတာကတော့ ပြောလို့တော့မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ်မှာ ခုံရုံးအမှုတွေ မပြီးပြတ်သေးဘူး။ ခုံရုံးအမှုတွေ၊ တရားမမှုတွေကို အပြီးစစ်နေကြတယ်လေ။ သူတို့ရဲ့အရင်အတွေ့အကြုံက မဲစာရင်းနဲ့ပတ်သက်ပြီးတော့ အသံလေးတွေတော်တော်များများထွက်ခဲ့တဲ့အခါကျတော့ သူတို့လက်ထက်ကျရင်တော့ မဲစာရင်းကို ပိုပြီးတော့ ပြည့်စုံမှန်ကန်တိကျအောင် door to door လုပ်မယ်ဆိုတာလေးတွေကို လက်ရှိကော်မရှင်အဖွဲ့အသစ်ရဲ့ မူပေါ့လေ။ မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့မလုပ်ရသေးပါဘူး။”

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်နယ်နဲ့တိုင်းတွေမှာပါ ကော်မရှင်အဖွဲ့ဝင်အသစ် တွေပြန်ဖွဲ့စည်းရမှာပါ။ ဒါကြောင့်လည်း အိမ်တိုင်ရာရောက်မဲစာရင်းကောက်ယူမှုတွေကို လုပ်ဆောင်မယ့် အချိန်ကိုပြောဖို့ခက်နေပါသေးတယ်။ လက်ရှိမှာတော့ ကော်မရှင်ဟောင်းတွေကပဲ တာဝန်ကို ထမ်းပေးရတဲ့သဘောဖြစ်နေသေးတယ်လို့ လက်ရှိ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။

“ကျနော်တို့တိုင်းက ဘာမှမပြောပါဘူး။ ကျနော်တို့ ကော်မရှင်ကို ဖွဲ့စည်းမယ့်အသစ်မလာသေးပါဘူး။ ကျနော်တို့အခုက ကော်မရှင်အဟောင်းနဲ့ပဲ ထိန်းထားတာပါပဲ။ သူတို့ကော်မတီပဲ သူတို့ဖွဲ့ပေးရမှာပဲ။ ကျနော်တို့အဟောင်းတွေကတော့ အသစ်မလာခင်မှာ interim သဘောမျိုးပေါ့ ကျနော်တို့ ထိန်းသိမ်းထားတဲ့ သဘောပါပဲ။”

ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဌ ဦးတင်အေးကိုယ်တိုင်က အဲဒီချိန်ကအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တဦး ဖြစ်ခဲ့သလို စစ်ဗိုလ်ချုပ်ဟောင်း တဦးလည်း ဖြစ်နေတာမို့ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေရှိခဲ့ပြီး၊ မဲစာရင်းမှားတာတွေလည်း ကြုံခဲ့ရပါတယ်။ အခု NLD အစိုးရလက်ထက်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို နိုင်ငံရေးပါတီဝင်မဟုတ်သူတွေနဲ့ ပြောင်းလဲဖွဲ့စည်းခဲ့ပေမယ့်၊ ကော်မရှင်ခွဲတွေကိုတော့ အခုအချိန်အထိ ပြင်ဆင်ဖွဲ့နိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့်လည်း မဲစာရင်းပြစုရေး တအိမ်တက်ဆင်း စာရင်းကောက်ခံမယ်ဆိုတဲ့ အစီအစဉ်မှာ ဘယ်တော့အကောင်အထည်ပေါ်နိုင်မလဲ အချိန်အတိအကျကတော့ ပြောရခက်ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG