သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း သဘာဝဘေးအန္တရာယ်ကြောင့် ဒေါ်လာ ၁၇၅ ဘီလီယံ ဆုံးရှုံး


ကမ္ဘာတဝှမ်း သဘာဝဘေးအန္တရာယ်တွေကြောင့် - ၂၀၁၆ ခုနှစ်အတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံလောက် ရှိခဲ့ပြီး - ဒါဟာ ၂၀၁၂ ခုနှစ်ကတည်းကစလို့ အများဆုံးဖြစ်ကြောင်း ဂျာမန်အာမခံကုမ္ပဏီကြီးတခုဖြစ်တဲ့ Munich Re က ပြောဆိုလိုက်ပါ တယ်။

သဘာဝကပ်ဘေးကြောင့် ထိခိုက်သေဆုံးသူအရေအတွက်ဟာ ၂၀၁၅ ခုနှစ်မှာ ၂၅၄၀၀ ရှိခဲ့ရာက၊ ၈၇၀၀ အထိ သိသိသာသာ လျော့ကျသွား ခဲ့ပေမဲ့ - ငွေကြေးဆုံးရှုံးမှုအပိုင်းမှာတော့ မနှစ်ကထက် ၃ ပုံ ၂ ပုံ နီးပါး တိုးလာကြောင်းလည်း ဂျာမန်အာမခံကုမ္ပဏီကြီးရဲ့ ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။

ထိခိုက်ဆုံးရှုံးမှုအများဆုံး သဘာဝဘေးအန္တရာယ်တွေကိုတော့ အာရှတလွှားမှာ ကြုံခဲ့ရပြီး၊ ဂျပန်နိုင်ငံမှာ ငလျင်ဒဏ် ၂ ကြိမ်ခံခဲ့ရတာကြောင့် ဆုံးရှုံးမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ရှိခဲ့သလို - တရုတ်နိုင်ငံက နွေရာသီမှာ ရေဘေးဒဏ်ကြောင့် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။

မြောက်အမေရိကတိုက်မှာတော့ သဘာဝဘေးဒဏ် အကြိမ်ပေါင်း ၁၆၀ လောက် ရင်ဆိုင်ခဲ့ရပြီး၊ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း တနှစ်ထဲမှာတင် အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။ Matthew ဟာရီကိန်း မုန်တိုင်းကြောင့် ဆုံးရှုံးမှုနဲ့ သေဆုံးမှုအများဆုံး ကြုံခဲ့ရပြီး၊ ဟေတီတနိုင်ငံတည်းမှာတင် အနည်းဆုံး လူပေါင်း ၅၅၀ သေဆုံးပြီး၊ ပျက်စီးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံဟာလည်း ၂၀၁၆ ခုနှစ်အတွင်း တောမီးအကြီးအကျယ် လောင်ကျွမ်းမှု၊ ရေကြီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ဥရောပတိုက်မှာတော့ မုန်တိုင်းတွေ ဆက်တိုက်ကြုံခဲ့ရတဲ့အတွက် ဒေါ်လာ ၆ ဘီလီယံ ဆုံးရှုံးခဲ့ရပြီး၊ ကမ္ဘာတဝန်း စံချိန်တင် ရေကြီးမှုတွေကြောင့် ၂၀၁၆ ခုနှစ်မှာ ဘဏ္ဍာရေးအရ ဆုံးရှုံးမှုအားလုံးရဲ့ ၃၄% အထိ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG