သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်မှာ စစ်တပ်က မြေယာသိမ်းမှု ဒေသခံတွေ ကန့်ကွက်


နေပြည်တော် အပြင်ဘက် လယ်ယာမြေတခုမှာ လယ်သမားတဦး လယ်ထွန်နေစဉ်
နေပြည်တော် အပြင်ဘက် လယ်ယာမြေတခုမှာ လယ်သမားတဦး လယ်ထွန်နေစဉ်

ကာကွယ်ရေးဝန်ကြီးဌာနရဲ့လုံခြုံရေး အကြောင်းပြချက်နဲ့ နေပြည်တော်ကောင်စီ နယ်မြေထဲက လွှဲကြီးကျေးရွာနေလူထုကို ဧပြီလ ၃၀ရက်နေ့ နောက်ဆုံးထားရွှေ့ပြောင်းဖို့အမိန့်ထုတ်တာဟာ ဒေသခံတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်တယ်လို့ ကယန်း အဖွဲ့အစည်းတွေက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။ တကယ်လို့မဖြစ်မနေရွှေ့ပြောင်းခိုင်းမယ်ဆိုရင်လည်း ဒေသခံတွေအတွက် ရေ၊မီး၊အိမ် စာသင်ကျောင်းနဲ့လူမှုထောက်ပံ့မှုတွေကို ပြုလုပ်ပေးဖို့ အစိုးရနဲ့တပ်မတော်ကို တောင်းဆိုထားပါတယ်။ နေပြည်တော်ကောင်စီဘက်ကတော့ ဒီမြေသိမ်းမှုနဲ့ပတ်သက်လို့ စုံစမ်းနေဆဲပဲလို့ဆိုပါတယ်။

အသေးစိတ်မဆုမွန် ဆက်ပြောပြပါမယ်။

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ထဲက ခလရ တပ်ရင်း ၁၂၂ ကနေ လွှဲကြီးကျေးရွာထဲကပြည်သူတွေကို အခုလာမယ့် ဧပြီလ ၃၀ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့ အမိန့်ထုတ်ထားတာပါ။ အခုလိုနေပြည်တော်ရုံးစိုက်တဲ့နေရာမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့လုံခြုံရေး အကြောင်းပြချက်နဲ့ အချိန်တိုအတွင်း ပြောင်းရွှေ့ဖို့အမိန့်ထုတ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်ဆိုတာကို ကယန်းအဖွဲ့အစည်းတွေဘက်က ကြေညာချက် ထုတ်ပြန်ကန့်ကွက်သလို သတင်းစာရှင်းလင်းပွဲလုပ်ပြီးလည်း ရွာသားတွေ ကြုံနေရတဲ့ အခက်အခဲနဲ့ လက်ရှိအခြေအနေကို ရှင်းပြခဲ့တဲ့အကြောင်း ကယန်းအမျိူးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး မူဂလိုရီက ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေတွင်း ဇေယျာသိရီမြို့နယ်ထဲက လွှဲကြီးကျေးရွာနေပြည်သူတွေကို ဘာကြောင့် ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ရပါသလဲဆိုပြီး နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရနဲ့ နေပြည်တော်ကောင်စီတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီအမှုနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

အခုလိုမြေယာသိမ်းခံရပြီး ထိခိုက်နစ်နာရသူတွေ အတွက် ပြန်လည်စိစစ် သုံးသပ်နိုင်ဖို့ နေပြည်တော်ကောင်စီ်ကနေ သိမ်းဆည်းမြေများ စိစစ်ရေးကော်မတီတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်ကျေးရွာ၊ ခရိုင်၊ နေပြည်တော်အဆင့်အထိ ဖွဲ့စည်းထားပြီး သိမ်းဆည်းမြေများပြန်လည်စုံစမ်းရေးကော်မရှင်အထိ တိုင်တန်းအသိပေး အကြောင်းကြားနိုင်တယ်လို့ နေပြည်တော်ကောင်စီတာဝန်ရှိသူတဦးကပြောပါတယ်။

ပြောင်းရွှေ့မိန့်ထုတ်ပြန်ခြင်းခံရတဲ့ လွှဲကြီးကျေးရွာနေပြည်သူတွေဟာ တပ်စခန်းမချခင်ကတည်းက အခြေချနေထိုင်ခဲ့သူတွေဖြစ်ပြီး အခုလက်ရှိမှာကို ယာမြေစိုက်ပျိုးရေးနဲ့ စားဝတ်နေထိုင်ရေးအခက်ခဲကြုံနေရချိန်လည်းဖြစ်တယ်ဆိုတာ ကို ကယန်းအမျိူးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး မူဂလိုရီက ပြောပြပါတယ်။

လွှဲကြီးကျေးရွာသူကျေးရွာသားတွေကို အတင်းအဓမ္မပြောင်းရွှေ့ခိုင်းတာကို အမြန်ဆုံးရုပ်သိမ်းပေးဖို့ တပ်မတော်နဲ့ အစိုးရအဖွဲ့ကို တောင်းဆိုတိုက်တွန်းနေချိန်နဲ့တပြိုင်တည်း တကယ်လို့ မဖြစ်မနေပြုလုပ်မယ်ဆိုရင်လည်း လွှဲကြီးရွာသူရွာသားတွေ ဆုံးရှုံးနစ်နာရတဲ့ မြေယာတွေကို ကာလတန်ဖိုးနဲ့အညီပေးလျော်ဖို့နဲ့ သူတို့ရွှေ့ပြောင်းရမယ့်နေရာမှာ ရေ၊ မီး၊ စာသင်ကျောင်းနဲ့နေထိုင်စရာ တည်ဆောက်ပေးပြီး စီစဉ်ပေးဖို့နဲ့ လူမှုရေးထောက်ပံ့မှုတွေကို ကာလတခုအထိ ပြုလုပ်ပေးဖို့ အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေ၊ တပ်မတော်ပိုင်းတာဝန်ရှိသူတွေကို တိုက်တွန်းထားတယ်လို့လည်း မူဂလိုရီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေချိန် အတင်းအဓမ္မမြေယာသိမ်းကိစ္စတွေကို အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်ဖို့ လယ်ယာမြေသိမ်းကိစ္စတွေ အထူးဦးစားပေးဖြေရှင်းနေချိန် ဥပဒေအရဖြေရှင်းပြီးချိန်အထိ ရပ်ဆိုင်းထားဖို့ဆိုပြီး သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုးထုတ်ပြန်ထားချိန်လည်းဖြစ်ပါတယ်။ အရင်နေပြည်တော်တည်ဆောက်စဉ်က သိမ်းဆည်းခံရသည့် မြေစာရင်းများကို လက်ရှိအစိုးရသစ် လက်ထက်တွင် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းစိစစ်ပြီး သိမ်းဆည်းခံရပြီး လျော်ကြေးမရရှိသူတွေကို လျော်ကြေးပေးတာ၊ ကျေးရွာလိုက်ရွှေ့ပြောင်းပြီး နေအိမ်မရရှိသူတွေကို စိစစ်ပြီး ဥပဒေနှင့်အညီ လုပ်ကိုင်ပေးနေတယ် လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဘက်ကလည်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG