သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA မှာ အားလုံးပါဝင်ရေး ဝိုင်းဝန်းကြိုးပမ်းကြမည်


NCA လက်မှတ်ရေးထိုးခြင်း တနှစ်ပြည့် အခမ်းအနား
NCA လက်မှတ်ရေးထိုးခြင်း တနှစ်ပြည့် အခမ်းအနား

မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး စစ်မီးတွေ ငြိမ်းပြီးနိုင်ငံသားတွေသောကတွေ ကင်းဝေးစေဖို့ လက်နက်ကိုင်တွေရဲ့ ဒေါသတွေ အာဃာတတွေ ငြှိမ်းသတ်ပေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေး ထိုးခြင်း တနှစ်ပြည့် အခမ်းအနားမှာ ပြောဆိုလိုက်သလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ အားလုံး ပါဝင်နိုင်ဖို့ ဆက်ဆောင်ရွက်သွားမယ်လို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေ လျော့ပါးနိုင်ရေး ကူညီဆောင်ရွက်သွားမယ်လို့ လည်း အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဘက်က ပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်တဲ့ အရင်အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် မတ်လ(၃၁)ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇) ကိုယ်စားလှယ်တွေဘက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA) မူကြမ်းကို သဘောတူခဲ့ကြပေမဲ့ အောက်တိုဘာလ (၁၅)ရက်နေ့မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နဲ့ပဲ အစိုးရတို့ကြား နှစ်ဖက် သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြော
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြော

ဒါကို NLD ဦးဆောင်တဲ့အစိုးရသစ်လက်ထက်မှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးနဲ့ ဆက်လက်အကောင်အထည်ဖော်နိုင်အောင် ဝိုင်းဝန်းကြိုးစားပေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ကျင်းပတဲ့ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား မှာ ပြောဆိုလိုက်ပါတယ်။

" အပစ်အခတ်ရပ်စဲရေး တနိုင်ငံလုံးဆိုင်ရာ Nationwide ဆိုတာ တနိုင်ငံလုံးဆိုပေမဲ့ ပါစေချင်တဲ့ပုဂ္ဂိုလ်တွေ ပါသင့်ပါထိုက်တဲ့ပုဂ္ဂိုလ်တွေ အဖွဲ့တွေ မပါသေးဘူး ဆိုတာလည်း ကျမတို့ သိပြီးသားဖြစ်ပါတယ်။ အားလုံးပါဝင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကျမတို့နိုင်ငံအတွက် အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ဘာနဲ့မှ လဲလို့မရတဲ့ ရတနာကြီးတခုပါပဲ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းပြောကြားစဉ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းပြောကြားစဉ်။

ဒီနေ့ကျင်းပတဲ့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလည်း လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ အဖွဲ့ အားလုံးပါဝင်နိုင်ရေးကို သူတို့အားလုံး ဆက်လက်ကြိုးပမ်း နေပြီး ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း တံခါးဖွင့်ပြီး ကမ်းလှမ်း ကြိုဆိုနေပါတယ်လို့လည်း မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အပစ်မရပ်ထားတဲ့အဖွဲ့တွေနဲ့ အစိုးရတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေက စစ်ရေးပဋိပက္ခတွေ လျော့ပါးနိုင်ဖို့အတွက်ကိုလည်း အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဘက်က ကူညီဆောင်ရွက်သွားမယ်လို့ အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ ထဲက အဖွဲ့ကြီးတဖွဲ့ဖြစ်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း ပြောပါတယ်။

" NCA ကို ပူးပေါင်းအကောင်အထည်ဖော်မယ်ပေါ့ဗျာ။ အဲ့တာကို ဆုံးဖြတ်ချက်တခု ချသလိုပဲ နောက်ထပ် ကျနော်တို့ရဲ့ ကျန်ခဲ့တဲ့အဖွဲ့တွေ လိုက်ပါနိုင်အောင် ကျနော်တို့ အစီအစဉ်တွေ လုပ်သွားပြီးတော့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ ဆုံးဖြတ်ချထားတာရှိပါတယ်။ ရှိတော့ နှစ်ခုစလုံးကို တပြိုင်နက်တည်း ဆောင်ရွက် တဲ့နေရာမှာ တနှစ်တော့ ကြာခဲ့ပြီပေါ့။ NCA အကောင်အထည်ဖော်တဲ့ လုပ်ငန်း ကတော့ တချို့အောင်မြင်ပါတယ်။ အတိုင်းအတာတခု အထိ အောင်မြင်ပါ တယ်။ သို့သော် အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့တော့ တနှစ်ပြည့်သွားတဲ့ ပါဝင်လာမှုကတော့ ကျနော်တို့ကတော့ မပြောနိုင်ဘူး။ သူတို့အဖွဲ့အစည်းတွေကို ကိုယ်တိုင် လက်ရှိ အစိုးရ၊ တပ်မတော်နဲ့ တိုက်ရိုက်ဆွေးနွေးခွင့် ရှိနေပြီ။

ဥပမာ ဒီနေ့ မွန်းလွဲပိုင်းဆိုင်ရာ အပစ်မရပ်ရသေးတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရနဲ့ တွေ့နေကြပါတယ်။ အခုအချိန်ပေါ့ တွေ့နေကြတုန်းပါပဲ။ ဒါကို သူတို့တွေ့ခွင့်ရတယ် တံခါးဖွင့်ထားတယ်ဆိုရင် သူတို့ရဲ့စဉ်းစားချက်တွေကလည်း အချိန်နဲ့တပြေးညီ ပြောင်းလဲလာမယ်လို့တော့ မျှော်လင့်ရတာပေါ့။"

အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း ပြည်သူတွေ သောကမီးငြိမ်းစေဖို့ ဒေသတွင်းစစ်မီးတွေ ငြှိမ်းစေဖို့ ဒေါသတွေ အာဃာတတွေ လျော့ပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံသွားပါတယ်။

" ကျွန်မတို့ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတဲ့နေရာမှာ ကျွန်မက Nationwide Ceasefire Agreement ဆိုတဲ့စကားကို ဆင်ခြင်လိုက်ပါတယ်။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆိုတာကို NCA လို့လွယ်လွယ်နဲ့ ခေါ်ကြ ပါတယ်။ မြန်မာစကားနဲ့ကျတော့ အပစ်အခတ်ရပ်စဲရေးပေါ့။ အင်္ဂလိပ်ဘာသာ စကားနဲ့ ဆိုရင် Ceasefire၊ Fire ဆိုတာ ပစ်ခတ်ခြင်း၊ Fire ဆိုတာတိုက်ခိုက်ခြင်းပါပဲ။ ဒီတော့ Fire ဆိုတာ မီးဆိုတဲ့စကားကနေ လာတာဖြစ်ပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးရဖို့ ဆိုရင်၊ အပစ်အခတ်ရပ်စဲရေးတွေရဖို့ဆိုရင် ကျွန်မတို့ရဲ့ အတွင်းမီးတွေဖြစ်တဲ့ ဒေါသ တွေ၊ အာဃာတတွေငြိမ်းဖို့ဟာ အင်မတန်မှအရေးကြီးပါတယ်။ သက်ဆိုင်ရာပုဂ္ဂိုလ် အသီးသီး၊ အဖွဲ့အစည်းအသီးသီးက မိမိတို့အတွင်းက ဒေါသတွေ၊ အာဃာတတွေ ငြိမ်းအောင်လုပ်နိုင်မှ ကျွန်မတို့စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနိုင်မှာပါ။

ကျွန်မတို့အဖွဲ့အစည်းများအတွင်းမှာရှိတဲ့ အာဃာတဒေါသမီးတွေ ငြိမ်းမှ ပြည်သူပြည်သားတွေရဲ့ သောကမီးတွေ ငြိမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ဟာ အပစ်အခတ်ရပ်စဲရေး Ceasefire အတွက် လုပ်တယ်ဆိုရာမှာ ကျွန်မတု့ိရဲ့ ပြည်သူ ပြည်သားများကို သောကဖြစ်စေတဲ့မီးများအားလုံး ငြိမ်းဖို့အတွက် လုပ်ရတာဖြစ်ပါ တယ်။ အဲဒီတော့ ဒီဟာကိုအဓိကထားပြီး ကျွန်မတို့ရဲ့ အဖွဲ့အစည်းအသီးသီးက ဆင်ခြင်စေချင်ပါတယ်။ အားလုံးဟာ ကိုယ့်အမြင်နဲ့ကိုယ် ရှိကြတာပါပဲ။ နာကြည်းချက် တွေရှိခဲ့တယ်ဆိုတာလည်း ကျွန်မတို့မငြင်းပါဘူး။ ဒါပေမယ့် ဒီနာကြည်းချက်တွေကို ကျော်လွှားနိုင်တဲ့ အရည်အချင်းလည်း ကျွန်မတို့အားလုံးမှာရှိတယ်လို့ ကျွန်မယုံကြည်ပါ တယ်။ ဒါကိုကျော်လွှားနိုင်တဲ့ အရည်အချင်းနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ပြိုင်ရမှာပါ။ တကယ်ဆိုရင် ကျွန်မတို့က(Fire Power)မီးအင်အားကို ပြိုင်ရမှာမဟုတ်ပါဘူး။ မီးကို ငြိမ်းနိုင်တဲ့အင်အားကို ပြိုင်ရမှာဖြစ်ပါတယ်။ ဒီလိုကျွန်မတို့ ကြိုးစားနေတဲ့အခါမှာ တစ်နိုင်ငံလုံးကနေပြီးတော့ စောင့်ကြည့်နေကြပါတယ်။ တစ်နိုင်ငံလုံးက မျှော်လင့် ချက် ကြီးစွာနဲ့ စောင့်မျှော်နေကြပါတယ်။ ပြီးတော့ ကျွန်မတို့ပြည်သူတွေက အခုအစိုးရနဲ့ တကွ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့များနဲ့ ဘာတွေလုပ်နေလဲဆိုတာ ကြည့်တဲ့အခါ မှာ ကျွန်မတို့ရဲ့ပြည်သူတွေကို လျှော့ မတွက်ပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်"

NCA လက်မှတ်ရေးထိုးခဲ့ကြတဲ့ အချိန်တစ်နှစ်တာအတွင်း စာချုပ်ပါ အချက်များ ကို အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား ယုံကြည်မှုတည်ဆောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကြိုးစား အကောင် အထည်ဖော်နေကြပါတယ်။ အခုဆိုရင်တော့ NCA ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA ပါ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ထိထိ ရောက်ရောက် လိုက်နာမှု ရှိစေရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)ကို ဖွဲ့စည်းပြီး စောင့် ကြည့် ကြီးကြပ်နေချိန်ဖြစ်ပါတယ်။

အရပ်သားအစိုးရလက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အပစ်ရပ်လက်နက်ကိုင်တွေရော အပစ်မရပ်လက်နက်ကိုင်တွေပါ ပါဝင်တဲ့ ပထမအကြိမ် ၂၁ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလက ကျင်းပနိုင်ခဲ့ပြီး ရှေ့ကျင်းပမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အပစ်မရပ်လက်နက်ကိုင်တွေပါ ပါဝင်နိုင်ရေး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး အပါအဝင် NCA လက်မှတ်ရေးထိုးနိုင်ရေး လုပ်ဆောင်နေကြတာပါ။ဒါပေမဲ့လို့ ကချင်အဖွဲ့လို အပစ်မရပ်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်၊ ရှမ်း ရခိုင်နဲ့ တအောင်းအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေသလို အပစ်ရပ်ရှမ်းအဖွဲ့နဲ့လည်း စစ်ရေးထိတွေ့မှုတွေဖြစ်နေလို့ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် မေးခွန်းထွက်ပါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG