သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံး အတိုင်းအတာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုး


တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ထိုးပြီး ပေါ်ပေါက်လာတဲ့ ငြိမ်းချမ်းရေးဟာ နောက်ပြန် လှည့်စရာ မရှိဘဲ ရှေ့ဆက် သွားဖို့ပဲ ရှိတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။ ဒီနေ့လက်မှတ်ရေးထိုးပွဲမှာမပါဝင်သေးတဲ့ အဖွဲ့တွေ အနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေမှာ ပါဝင် လာနိုင်ဖို့ ကိုလည်း လုပ်ဆောင်ပေးမယ်လို့လည်းပြောဆိုလိုက်ပါတယ်။ လက်မှတ်မ ထိုးနိုင်သေးတဲ့ နောက်ထပ် တိုင်းရင်းသားတွေ ပါဝင်လာနိုင်ဖို့ တပ်မတော်အနေနဲ့ အင်အားသုံးနည်းထပ် ညှိနှိုင်း အဖြေရှာနည်းကိုသာ သုံးဖို့နဲ့ စစ်ရေးတွေ ကို လျော့ချပေးဖို့ အတွက် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ကလည်း တောင်းဆိုလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း က မေခကပေးပို့ထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ထိုးပွဲ အခမ်းအနားမှာ သမ္မတကြီးက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ဟာ အရေးကြီးတဲ့ အပိုင်းတခုဖြစ်ပြီး ဒီသမိုင်းရဲ့ အောင်မြင်မှု ကျဆုံးမှုတွေကို အစိုးရနဲ့ တိုင်းရင်းသားတွေပါ အတူတကွ တာဝန်ခံရမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ အခုရ လာတဲ့ ငြိမ်းချမ်းရေးကို နောက်ကြောင်း ပြန်လှည့်မှာ မဟုတ် ကြောင်းလည်း အခုလိုပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ရဲ့ သမိုင်းတန်ဖိုးက NCA ကို ဘယ်နှစ်ဖွဲ့ လက်မှတ်ရေးထိုးတယ် ဆိုတာထက် အားလုံး လက်ခံထားတဲ့ သဘောတူညီချက်တွေကို ဘယ်လောက် ထိထိ ရောက်ရောက် အကောင်အထည်ဖော်နိုင်လဲ ဆိုတဲ့ မှတ်ကျောက် အပေါ်မှာ အခြေခံပါလိမ့်မယ်။ NCA လက်မှတ်ရေးထိုးပြီး ပေါ်ပေါက်လာမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ရှေ့ကို ဆက်သွားဖို့ပဲ ရှိပါတယ်။ နောက်ပြန် လှည့်စရာ မရှိပါဘူး။

ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းတွေနဲ့ပတ်သတ်ပြီး သမ္မတ ဦးသိန်းစိန်က အခုလိုပြောဆိုခဲ့ပါသေးတယ်။

“တိုက်ပွဲတွေ လျှော့ချ ရပ်ဆိုင်းနိုင်ဖို့ “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ကော်မတီ (JMC)” ကို ဖွဲ့စည်းပြီး ထိန်းသိမ်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခ အလွန်ဒေသတွေမှာ နိုင်ငံတကာ အထောက်အကူ တွေ၊ လူထု အကျိုးပြုတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာစေဖို့ ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်ထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို အကောင်အထည်ဖော် သွားမှာ ဖြစ်ပါတယ်။”

ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ခုလုပ်ဆောင်မှုဟာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ဖို့ လျှောက်လှမ်းရမယ့် ခရီးရှည်တခု အတွက် ပထမဆုံးခရီးတခုသာဖြစ်ကြောင်း၊ စိန်ခေါ်မှုများစွာ ရှိနေသေးကြောင်း၊ လက်မှတ်ရေး ထိုးနိုင်တာမရှိသေးတဲ့ အဖွဲ့တွေနဲ့ပတ်သတ်ပြီးလည်း သူက အခုလိုတောင်းဆို ခဲ့ပါတယ်။

“လက်တလော ပါဝင်လက်မှတ် ရေးမထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထပ်မံပါဝင်လာရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာလည်း တပ်မတော်အနေနဲ့ အင်အားသုံးတဲ့နည်းထက် ညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းကို အသုံးပြုဖို့ အလေးထား တောင်းဆို တိုက်တွန်းလိုပါတယ်။”

ဒီလက်မှတ်ရေးထိုးပွဲအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က အခုလိုသုံးသပ်ပါတယ်။

“တကယ်လို့သာ သူတို့တွေက သဘောတူညီချက်တွေ ကို ကောင်းကောင်းမွန်မွန် အကောင်အထည်ဖော်တယ် ဆိုရင်တော့ ဒီNCA ကို နောက်ထပ် အခြားအဖွဲ့တွေ ကလည်း လာပြီးတော့မှ ဆက်ပြီးတော့ လက်မှတ်ရေး ထိုးကြ မှာပေါ့နော်။ ကောင်းကောင်း အကောင်အထည် မဖော်နိုင်ဘူး၊ နောက်ပြီးတော့ အစိုးရဘက် ကလည်း တိုက်ခိုက်မှုတွေ ရပ်စဲအောင် သူ့အနေနဲ့ မလုပ်နိုင်ဘူး ဆိုရင်တော့ ဒါက ကောင်းတဲ့ရလဒ် ရလာမှာမဟုတ်ဘူး။”

ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာကလည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အပေါ် ခုလိုပြောပါတယ်။

“ဒါက ပဏာမ အစပြုတာပဲလို့ ကျနော်ယူဆတယ်။ ဒါပထမ ခြေလှမ်းပေါ့ဗျာ။ ဒါ အရေးကြီးတဲ့ အဆင့်တဆင့်ဖြစ်တယ်။ ဖြေးဖြေးချင်းပေါ့နော်”

ဒီလက်မှတ်ထိုးပွဲကို အစိုးရဘက်က သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတများ ဖြစ် တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း နဲ့ ဦးဉာဏ်ထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ၊ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် အပါအဝင် စုစုပေါင်း ၈ ဦး ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

တိုင်းရင်းသားများဘက်ကတော့ ကရင်အမျိုးသားအစည်းအရုံးမှ (KNU) ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးနန်လျန်ထန် ၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော် သံခဲ ၊ ရခိုင်အမျိုးသား လွတ်မြောက် ရေး ပါတီ (ALP) ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC ) ဗိုလ်ချုပ်ကြီး စောဌေးမောင် နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် တို့ တက်ရောက် လက်မှတ်ထိုးခဲ့ပါတယ်။

နိုင်ငံတကာ အသိသက်သေတွေအနေနဲ့ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ နဲ့ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက် ပြီး ပြည်တွင်း အသိသက်သေတွေ အနေနဲ့ ပြည်တွင်း နိုင်ငံရေး ပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ်များ တက်ရာက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးခွန်ထွန်းဦးတို့ကတော့ NCA လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စား ဗဟိုအလုပ်မှုဆောင်ဦးဝင်းထိန် တက်ရောက်ခဲ့ပါတယ်။ အခု NCA လက်မှတ်ထိုးလိုက်တဲ့ အဖွဲ့ ၈ ဖွဲ့ဟာ အောက်တိုဘာလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ အစိုးရနဲ့စစ်ရေးကော်မတီ၊ နိုင်ငံရေး ကော်မတီများ ဖွဲ့စည်းရန် အစည်းအဝေး ပြုလုပ် သွားမှာဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့တွေကပြောပါတယ်။

XS
SM
MD
LG