သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနှစ် မြန်မာ့စီးပွားရေး


လက်ရှိမြန်မာ့စီးပွားရေးနဲ့ ပတ်သက်တဲ့ အထူးအစီရင်ခံစာတစောင်ကို ဝါရှင်တန်ဒီစီ အခြေစိုက် ငြိမ်းချမ်းရေးသုတေသနဌာန (United States Institute of Peace) က လွန်ခဲ့တဲ့ မေလက ထုတ်ဝေလိုက်ပါတယ်။ ရေးသူဟာ ဝါရင့်သုတေသီ Lex Rieffel ဆိုသူ ဖြစ်ပါတယ်။ အနှစ် (၆၀) လောက် တိုးတက်မှု ဆိတ်သုဉ်းနေတဲ့ မြန်မာ့စီးပွားရေးကို သုံးသပ်ထားပါတယ်။ ပြောင်းလဲလာတဲ့ လက္ခဏာတခုက နိုဘယ်လ်ဆုရ စီးပွားရေးဘောဂဗေဒ ပညာရှင် Joseph Siglitz ဦးဆောင်တဲ့ နှီးနှောဖလှယ်ပွဲကို နေပြည်တော်မှာ လွန်ခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ESCAP () ခေါ် ကုလသမဂ္ဂ အာရှပစ္စီဖိတ် စီးပွားရေး လူမှုရေးကော်မရှင် က စီစဉ်တဲ့ ဆွေးနွေးပွဲဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရှားပါးတဲ့ ထုတ်လုပ်ရေးအင်အားစုကို မှန်မှန်ကန်ကန် မရင်းနှီးတတ်ကြောင်း နေပြည်တော်တည်ဆောက်ပုံက ပြသနေပါတယ်လို့ Stiglitz က နေပြည်တော်မှာ ဝေဖန်သွားခဲ့တာကို အပြောင်းအလဲတခုအနေနဲ့ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား၊ ထိုင်ဝမ် နဲ့ အင်ဒိုနီးရှားတို့မှာ အာဏာရှင်အစိုးရအောက်မှာ စီးပွားရေးတိုးတက်လာလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင် နိုင်ကြပါတယ်။ မြန်မာပြည်မှာတော့ စစ်အစိုးရဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာအောင် မလုပ်နိုင်တာကြောင့် သူများနိုင်ငံလို မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပထမဆုံး အုပ်ချုပ်ရေးကောင်းမွန်ဖို့သာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက တိုက်တွန်းရမယ်လို့ ဆိုပါတယ်။ အရင် အစိုးရတွေဟာ အခြေခံ ဥပဒေကို အလေးမထားဘဲ လုပ်တတ်သလို အစိုးရသစ်ကလည်း ၂၀၀၈ အခြေခံ ဥပဒေကို အလေးမထားပဲ လုပ်ကိုင်မယ့် အလားအလာရှိနိုင်ပေမယ့် စစ်တပ်ဟာ စီးပွားရေးကိုဆက်ပြီး လက်ဝါးကြီးထားဖွယ် ရှိပါတယ်။

ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့ ရောင်းစားနေတဲ့အတွက် နိုင်ငံခြားသုံးငွေများပြားလာတာ သိသာပါတယ်။ ၂၀၀၀ ခုနှစ်က နိုင်ငံခြားသုံးငွေ ဒေါ်လာသန်း (၂၀၀) သာ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာသန်း ငါးထောင်အထိ တိုးပွားလာပါတယ်။ ဒါပေမဲ့ ပြည်သူလူထုအများစုဟာ သဘာဝဓါတ်ငွေ့ကရတဲ့ အကျိုးအမြတ်ကို မခံစားနိုင်ကြပါဘူး။ လောင်စာစွမ်းအင်နဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို အကောင်အထည် ဖော်နေတယ်ဆိုပေမယ့် မြန်မာပြည်မှာ လျှပ်စစ်ဓါတ်အား မှန်မှန်မရတာ ကြာပါပြီ။ ၁၉၈၈ ခုနှစ်မှာ လက်ရှိ စစ်အစိုးရ တက်လာကတည်းက စီးပွားရေး နိုင်ငံရေး အကျပ်အတည်းကြောင့် နိုင်ငံခြားကို ထွက်ခွါလာတဲ့ မြန်မာနိုင်ငံသား (၃) သန်းကျော်သွားပြီလို့ ခန့်မှန်းပါတယ်။ ပြည်တွင်းမျာလည်း စိုက်ပျိုးရေးလမ်းစဉ်တွေ တလွှဲတချော်ဖြစ်နေလို့ မြန်မာ့လယ်သမားတွေဟာ အခုထက်ထိ နာလန်မထူနိုင်သေးပါဘူး။ လယ်သမားချင်းတူပေမယ့် အခြား အာဆီယံနိုင်ငံက လယ်သမားတွေက ပိုပြီး ဝင်ငွေကောင်းပါတယ်။

၂၀၀၈ အခြေခံ ဥပဒေအရ ပြည်နယ်၊ တိုင်း နဲ့ ဒေသတွေကို လုပ်ပိုင်ခွင့် ခွဲဝေပေးရမှာမို့ သဘာဝ သယံဇာတ ရောင်းလို့ရတဲ့ငွေကိုလည်း ခွဲဝေပေးရမယ့် သဘောရှိတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အခက်အခဲတွေ ရှိလာမှာကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ လုပ်ငန်းတာဝန်နဲ့ အကျိုးခံစားခွင့်ကို ခွဲဝေပေးနိုင်မယ်ဆိုပါတယ်။ ပြည်တွင်းပြဿနာ မဖြေရှင်းနိုင်တဲ့ အစိုးရဟာ ပြည်ပမှာလည်း အဆင်ပြေတာ မဟုတ်ပါဘူး။

အနောက်တိုင်းက ဒဏ်ခတ်အရေးယူတာကို ခံနေရတဲ့ ဗမာစစ်အစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင် (၉) နိုင်ငံနဲ့သာ ကူးသန်းရောင်းဝယ် နေရပါတယ်။ ဒါပေမဲ့ ပုံမှန်စီးပွားရေး တိုးတက်နေတဲ့ အာဆီယံနိုင်ငံတွေက အာဆီယံ စီးပွားရေး ဦးတည်ချက်ကို အကောင်အထည် ဖော်နေပေမယ့် ဗမာစစ်အစိုးရဟာ ကန့်လန့်ကန့်လန့်နဲ့ အဖျက်သမားလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ပူးပေါင်းဆောင်ရွက်လို့ ရရှိနိုင်ပေမယ့် အကျိုးအမြတ်ကို ဗမာစစ်အစိုးရ သဘောပေါက်အောင် အာဆီယံ အရာထမ်းတွေက အမြဲတမ်း ရှင်းပြနေရတယ်လို့ ဆိုပါတယ်။ အာဆီယံအုပ်စုမှာ ဗမာဟာ အံမဝင် ဂွင်မကျ ဖြစ်နေတုန်းပါ။

ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူလို့ တိုင်းပြည်စီးပွားရေး ဘယ်လောက် ထိခိုက်သွားတယ်ဆိုတာကို စာရင်းဇယားမရှိတဲ့အတွက် သိနိုင်ဖို့ မလွယ်ပါဘူး။ ၂၀၀၃ ခုနှစ်မှာ မြန်မာပြည်လုပ် အဝတ်အထည် အမေရိကန်ကို မတင်သွင်းဖို့ ပိတ်ပင်တာကြောင့် အလုပ်သမား ငါးသောင်းလောက် အလုပ်လက်မဲ့ ဖြစ်သွားတယ်ဆိုတာလောက်ပဲ သိရပါတယ်။ အမေရိကန်ကို မြန်မာ့ကျောက်စိမ်းနဲ့ မတ္တမြားတင်သွင်းခွင့် ပိတ်ပင်တာဟာလည်း ဗမာစစ်အုပ်စု မထိခိုက်ပါဘူး။ ကျောက်မျက်ကုန်သည်ပွဲစားတွေနဲ့ ထိုင်းကျောက်သွေး အလုပ်သမားများကိုသာ ထိခိုက်ပါတယ်။ ဗမာစစ်အစိုးရ ထင်သလို ဆုံးဖြတ်တဲ့အတွက် နိုင်ငံခြားကုမ္မဏီတွေ မြန်မာပြည်မှာ ရင်းနှီးဖို့ တွန့်ဆုတ်နေတာဟာ ဒဏ်ခတ်တာထက်တောင် ပိုဆိုးနေပါတယ်။

တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးမှာ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍဟာ အဓိကကျနေပါတယ်။ ဒါပေမဲ့ နေရာတကာချုပ်ကိုင်နေတဲ့ ဗမာစစ်အစိုးရဟာ ပုဂ္ဂလကဏ္ဍ ရှင်သန်ကြီးထွားလာအောင် ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့အစည်းထဲမှာ လုပ်ရည်ကိုင်ရည် ရှိလာပြီး ချုပ်ချယ်ကန့်သတ်မှုတွေကို ရုတ်သိမ်းမှသာလျှင် မြန်မာ့ စီးပွားရေး အလားအလာကောင်းမှာ ဖြစ်ကြောင်း ရွေးကောက်ပွဲနှစ် မြန်မာစီးပွားရေးစာတမ်းမှာ ဖော်ပြထားရှိပါတယ်။

XS
SM
MD
LG