သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက်တွေရဲ့ ရှေ့အနာဂတ် နိုင်ငံရေးခြေလှမ်း


၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းဇေယျ (ဓါတ်ပုံ - ပွင့်လင်းလူ့အဖွဲ့အစည်း၊ တောင်ဒဂုံ)
၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းဇေယျ (ဓါတ်ပုံ - ပွင့်လင်းလူ့အဖွဲ့အစည်း၊ တောင်ဒဂုံ)
၈၈ မျိုးဆက်တွေရဲ့ ရှေ့အနာဂတ် နိုင်ငံရေး
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ၈၈ မျိုးဆက်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍက တက်တက်ကြွကြွပါဝင်ခဲ့သလို၊ ဒီမိုကရေစီဖော်ဆောင်ရေးကာလ မြန်မာ့နိုင်ငံရေးမှာ အားကျိုးမာန်တတ်ပါဝင်နိုင်မယ့် အလားအလာရှိပါသလား။ ၈၈ မျိုးဆက်ရဲ့ နိုင်ငံရေးရှေ့အလားအလာကို အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ဦးမင်းဇေယျ ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် အဓိကဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ မြန်မာနိုင်ငံရေးမှာ ၈၈ မျိုးဆက်ရဲ့အခန်းကဏ္ဍ ဖြစ်ပါတယ်။ ၈၈ ဟာ မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှုကို အခက်အခဲဆုံးကာလမှာ သယ်ဆောင်လာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကဆိုလည်း ကျောင်းသားလှုပ်ရှားမှုမျိုးဆက်တွေဟာ မြန်မာနိုင်ငံရေးမှာ ဦးဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်လာကြတာကို တွေ့ခဲ့ရပါတယ်။ ဆိုတော့ ၈၈ မျိုးဆက်ကိုလည်း တချိန်က အဲဒီလို မျှော်လင့်ချက်တွေ ထားခဲ့ကြပါတယ်။ အခုအခါမှာ ၈၈ မျိုးဆက်ဟာ နိုင်ငံရေးလမ်းကြောင်းမှာ အရှိန်မပြတ် ဆက်လျှောက်လာနေတယ်လို့ ဆိုနိုင်ပါသလား။

ဦးမင်းဇေယျ ။ ။ ကျနော်တို့ မြန်မာနိုင်ငံ နိုင်ငံရေးအနေအထားအရ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ကျနော်တို့ ၈၈ မျိုးဆက်တွေဟာ မလွှဲမသွေ ပါဝင်ဖို့ လိုအပ်တယ်ဆိုတဲ့အမြင် ကျနော်မှာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီအမြင်အတိုင်း ၈၈ ဟာ အခု ဆက်လက်ပြီး နိုင်ငံရေးအခန်းကဏ္ဍမှာ လှုပ်ရှားနေကြပါသလား။

ဦးမင်းဇေယျ ။ ။ ၈၈ မျိုးဆက်အနေနဲ့ ပြောမယ်ဆိုရင် ၈၈ မျိုးဆက်များဟာ နေရာဒေသအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှာ တဦးချင်းအရသော်လည်းကောင်း၊ အဖွဲ့အစည်းအရသော်လည်းကောင်း နိုင်ငံရေးအခန်းကဏ္ဍတွေမှာ ပါဝင်လှုပ်ရှားမှုတွေ ရှိပါတယ်။ အများကြီး ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ၈၈ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစုတရုံးတည်း လှုပ်ရှားတယ်ဆိုတဲ့ အသွင်သဏ္ဍာန်မျိုး မဟုတ်တော့ဘူးလား။

ဦးမင်းဇေယျ ။ ။ အခုအချိန်အထိတော့ ၈၈ မျိုးဆက်တွေအနေနဲ့ တစုတရုံးတည်း စုစည်းပြီးတော့ နိုင်ငံရေးအရ လှုပ်ရှားမှုကတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျနော့်ရင်ထဲမှာ မျှော်လင့်ထားပါတယ်။ ကျနော်တို့ ၈၈ မျိုးဆက်တွေဟာ အနာဂတ်မြန်မာ့နိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍမှာ ခိုင်မာပြီးတော့ ကြီးထွားတဲ့ နိုင်ငံရေးအင်အားစုကြီးတစု ဖြစ်သင့်တယ်။ ဖြစ်ဖို့လည်း လိုအပ်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မျှော်လင့်မှု ကျနော့်မှာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ မျှော်လင့်မှု၊ ယုံကြည်မှု ရှိသလို ဖြစ်လာနိုင်တဲ့ အလားအလာကိုလည်း သုံးသပ်ပြပါအုံး။

ဦးမင်းဇေယျ ။ ။ လုပ်ဆောင်မှုပေါ် မူတည်လိမ့်မယ်ထင်တယ်။ ဥပမာ အဲဒီလို တစုတစည်းတည်း ဖြစ်လာအောင် ကြိုးစားမယ့်လူ။ လုပ်ဆောင်မယ့်လူ၊ ဦးဆောင်မယ့်လူတွေ ရှိခဲ့ရင်။ တကယ်လဲ လုပ်ဆောင်မှုတွေ၊ ကြိုးစားမှုတွေ ရှိခဲ့ရင် ၈၈ မျိုးဆက်တွေဟာ တစုတစည်းတည်းသော အနာဂတ်နိုင်ငံရေး ဦးဆောင်မယ့်အင်အားစုတစု ဖြစ်လာမယ်လို့ အဲဒီလို မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျနော် ဆက်ပြီးမေးပါရစေ။ အဲဒီလို တစုတစည်းတည်းဖြစ်အောင် ဦးဆောင်တဲ့ ဦးဆောင်မှုပိုင်း လိုအပ်နေတဲ့သဘောလား။

ဦးမင်းဇေယျ ။ ။ ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုရင်တော့ အဲဒီလိုမျိုး တစုတစည်းတည်း ဖြစ်လာအောင် ဦးဆောင်ပြီးတော့ စုစည်းမယ့်အဖွဲ့အစည်း၊ သို့မဟုတ် လူပုဂ္ဂိုလ်ပိုင်းမှာ အားနည်းမှုပိုင်းတွေ ရှိတယ်လို့ ကျနော်မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ၈၈ လှုပ်ရှားမှု စတင်ခဲ့စဉ်တုန်းက ဒီလှုပ်ရှားမှုရဲ့ ဦးတည်ချက်ဟာ ရေတိုပဲလား။ သို့တည်းမဟုတ် နိုင်ငံရေးဆိုတာကတော့ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာယူပြီးမှ ကိုယ်လုပ်ချင်တာကို လုပ်လို့ရတယ်ဆိုတော့ အဲဒီအဆင့်အထိ ရည်ရွယ်ချက် ရှိခဲ့ကြပါသလား။

ဦးမင်းဇေယျ ။ ။ မရှိခဲ့ပါဘူး။ ရှင်းရှင်းပြောရရင် ၈၈ တုန်းက ကျနော်တို့ ကျောင်းသားတွေဟာ ကျောင်းသားစိတ်ပါပဲ။ နောက် ကျောင်းသားတွေရဲ့ စိတ်ဓါတ်က နဂိုနဂိုက ကျောင်းသားတွေရဲ့ အစဉ်အလာအတိုင်းပါပဲ။ မတရားမှုကို မခံဘူး။ မမှန်ကန်မှုကို တွန်းလှန်မယ်။ မတရားဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လာရင်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ပတ်သက်လာရင် ကျောင်းသားစိတ်ဓါတ်အရ အမြဲတမ်း တော်လှန်တိုက်ပွဲဝင်ခဲ့ကြတာပါ။ အဲဒီ့ ကျောင်းသားစိတ်ဓါတ်ဆိုတာ အရင်တုန်းက ရှိခဲ့သလို၊ အခုလည်း ရှိမှာပဲ။ နောင်လည်း ရှိနေအုံးမှာပါ။ ကျနော်တို့ နိုင်ငံရေးအာဏာပိုင်းကို မတွေးကြပါဘူး။ အဲဒီအပေါ်မှာလည်း ဦးစားပေးခဲ့တာတွေ မရှိခဲ့ပါဘူး။ တခုရှိတာပေါ့ လုပ်ရင်ကိုင်ရင်နဲ့ အသက်အရွယ်တွေရလာတယ်။ အတွေ့အကြုံတွေ ရလာတဲ့အခါကြတော့ နောက်ပိုင်းမှာ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အဲဒီကျောင်းသားတွေက ဆက်ပြီးတော့ carry လုပ်သွားတာရှိပါတယ်။ ဒါကလည်း ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ အများအပြားရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ၊ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ ၈၈ မျိုးဆက်တွေရဲ့ သဘောထားဟေ့လို့ဆိုရင် အဲဒီသဘောထားက တသွေးတသံတည်း၊ တညီတညွှတ်တည်း ထွက်ကြပါသလား။ သို့တည်းမဟုတ် အကွဲကွဲအပြားပြားများ ဖြစ်နေပါသလား။ အယူအဆပိုင်းမှာ။

ဦးမင်းဇေယျ ။ ။ သဘောထား ယုံကြည်ချက်။ ဒါမှမဟုတ် ရည်မှန်းချက်မှာတော့ ကျနော့်အမြင်၊ ကျနော့် ယုံကြည်ချက်ကို ပြောရမယ်ဆိုရင်တော့ တသွေးတည်းတသံတည်းပါ။ အဲဒီ သဘောထားယုံကြည်ချက်က ဘာလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံကနေ စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပြီးတော့ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်ရေးဆိုတဲ့ ရည်မှန်းချက်ပါ။ အဲဒီ ရည်မှန်းချက်သဘောထားကတော့ ကျနော်တို့ ၈၈ မျိုးဆက်တွေအားလုံးမှာ လုံးဝထပ်တူတယ်။ အဲဒီအပေါ်မှာလည်း ထက်ထက်သန်သန်နဲ့ ယုံကြည်တယ်လို့ အလေးအနက် ခံယူထားပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ၈၈ မျိုးဆက်ထဲက နိုင်ငံရေးပါတီတချို့လည်း ပေါ်ထွက်လာတယ်လို့ ကျနော် ကြားရပါတယ်။ တချို့ဆိုလဲ နိုင်ငံရေးပါတီဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီးတော့ သဘောထားကွဲတယ်လို့လည်း ဆိုကြပါတယ်။ တချို့အမြင်ကတော့ ပြည်ပက ပြန်သွားတဲ့ ၈၈ မျိုးဆက်တွေပဲ သူတို့က နိုင်ငံတကာမှာ နှစ်ပေါင်း (၂၀) နေပြီးတော့ သူတို့ရဲ့ အတွေးအမြင်တွေက သမာရိုးကျ မြန်မာနိုင်ငံထဲမှာနေပြီး ကြီးထွားရှင်သန်လာတဲ့ ပုဂ္ဂိုလ်တွေနဲ့ အယူအဆချင်း မတူကြတော့ဘူး။ ကွဲလွဲမှုတွေ ရှိတယ်လို့လည်း မူအားဖြင့် အမြင်ကွဲလွဲမှုကြောင့် ကွဲရတယ်လို့ သုံးသပ်တာလည်း ရှိပါတယ်။ ဆိုတော့ အဲဒီ အဖွဲ့အစည်းအလိုက် ကွဲလွဲသွားတာနဲ့ ပတ်သက်လို့ ဘာကြောင့်လို့ ကိုမင်းဇေယျ ထင်ပါသလဲ။

ဦးမင်းဇေယျ ။ ။ အခုနတုန်းက ဦးကျော်ဇံသာ မေးတဲ့မေးခွန်းမှာ တချို့ဟာတွေက အဖြေပါပြီသားပါ။ ဆိုတဲ့သဘောက ကျနော် အခုနပြောတဲ့ အချက်ထဲမှာလည်း ယုံကြည်ချက်၊ ရည်မှန်းချက်နဲ့ ပတ်သက်လာတယ့် မဟာဗျူဟာပိုင်းမှာ လုံးဝတူညီပေမယ့် ဒီယုံကြည်ချက်၊ ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့ နည်းဗျူဟာပိုင်းမှာတော့ ကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။ ထို့အတူပဲ အဲဒီလိုပဲ အကောင်အထည်ဖော်တဲ့အခါမှာ ထားတဲ့သဘောထား။ တနည်းအားဖြင့် နည်းဗျူဟာကို အကောင်အထည်ဖော်တဲ့အခါမှာထားတဲ့ သဘောထားနဲ့ လုပ်နည်းလုပ်ဟန်ပိုင်းမှာလည်း ကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။ အရေးကြီးတာက ဒီကွဲလွဲမှုတွေကို နားလည်းမှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ။ တူတာတွေကို တွဲလုပ်မယ်။ မတူတာတွေကို ခွဲလုပ်မယ်။ ဒါပေမဲ့ အဲဒီလိုမျိုး တွဲလုပ်ခြင်း၊ ခွဲလုပ်ခြင်းသည် ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ကို မြန်မြန်ရောက်ရှိရေးကို အထောက်အကူပြုတဲ့ ပုံစံဖြစ်စေချင်တယ်။ ဒါကလဲ ကျနော်တို့ အတွေ့အကြုံတွေယူရအုံးမယ်။ လုပ်နည်းလုပ်ဟန်တွေကို ကြိုးစားလုပ်ဆောင်သွားရမယ်။ ကျနော်တို့ မြန်မာနိုင်ငံ နှစ်ပေါင်း (၆၀) ကျော်လောက် နိုင်ငံရေးသင်းသတ်ခံထားရတာ။ လူငယ်မျိုးဆက်တွေကိုလည်း နိုင်ငံရေးမလုပ်ရဲအောင် မျိုးဆက်ပြတ်အောင် လုပ်ထားတာ။ ကျနော်တို့မှာ စိန်ခေါ်မှုတွေ အများကြီးပဲ။ နိုင်ငံရေးမှာ ကွင်းမရှိခဲ့ဘူး။ နိုင်ငံရေးအတွေ့အကြုံ မရှိခဲ့ဘူး။ အဲဒီအပေါ် ကျနော်တို့ နားလည်းမှုရှိရှိနဲ့ သဘောထားရင့်ကြတ်တဲ့၊ အတွေ့အခေါ် ရင့်ကြတ်တဲ့ နိုင်ငံသားကောင်း၊ မျိုးဆက်ကောင်းတွေဖြစ်အောင် အချိန်ယူပြီးတော့ တည်ဆောက်ရမယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ သုံးသပ်မိသလောက် ပြောရရင် ၈၈ မျိုးဆက်ရဲ့ လူထုထောက်ခံမှု၊ ပြည်သူလူထု ချစ်ခင်လေးစားမှုက လုံးဝကျဆင်းသွားခြင်း မရှိသေးဘူးလို့ ကျနော် တွက်ပါတယ်။ Popularity ကတော့ သိပ်ပြီးတက်နေတုန်းပဲ။ ဆိုတော့ ပြည်သူတွေရဲ့ ၈၈ အပေါ်မှာ ထားရှိတဲ့ မျှော်မှန်းချက်ကို ၈၈ မျိုးဆက်က အပြည့်အဝ ဖြည့်ဆည်းနိုင်ပြီလို့ တွေးမိပါသလား။

ဦးမင်းဇေယျ ။ ။ တကယ်တမ်း ပြောမယ်ဆိုရင် မှန်ပါတယ်။ အခုနတုန်းက ဦးကျော်ဇံသာ ပြောသလို ကျနော်တို့ ပြည်သူတွေက ၈၈ မျိုးဆက်တွေပေါ်မှာ အရမ်းကို မျှော်လင့်ခဲ့တယ်။ အရမ်းလည်း ယုံကြည်ကိုးစားတယ်။ ဒါကိုလည်း ကျနော်တို့ ကိုယ်တွေ့တွေ အများကြီး ကြုံခဲ့ရပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ပီတိတွေ ဖြစ်ပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုကို ကျနော်တို့တွေက အလကား ရခဲ့တာ မဟုတ်ပါဘူး။ ပေးဆပ်မှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ ရခဲ့တာပါ။ ဒါပေမဲ့ ကျနော့်အမြင်က ထပ်ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တဲ့အခါကြတော့ ကျနော်တို့ ၈၈ မျိုးဆက်တွေဟာ ကျောင်းသားဘဝကနေ စလာတာ။ ပြီးတော့မှ နိုင်ငံရေးလောကထဲကို ရောက်လာတာ။ အဲဒီအတွက် ကျနော်တို့မှာ နိုင်ငံရေးအတွေ့အကြုံပညာကလည်း ကြိုတင်သင်ယူထားခဲ့မှု မရှိခဲ့ဘူး။ စိတ်ခံစားမှုနဲ့ ကျနော်တို့ လုပ်ခဲ့ရတာ။ တကယ့်တကယ် အခု ပွင့်လင်းရာသီရောက်လို့ နိုင်ငံရေးပုံစံမျိုး စနစ်တကျနဲ့ လုပ်ဖို့ကိုင်ဖို့။ နောက် တာဝန်ယူမှု၊ တာဝန်ခံမှုကို တကယ်လုပ်ရမယ်ဆိုတဲ့အခါကြတော့ ကိုယ့်ကိုယ်ကို အဆင်သင့်မဖြစ်ဘူး ဖြစ်နေတယ်လို့ ခံစားရတယ်။ စောစောက နေရာဆိုတာ ကျနော်တို့ နားလည်းထားတာက နေရာဆိုတာ တာဝန်ယူမှု။ အာဏာဆိုတာ တာဝန်ယူမှု။ ကျနော့်ကို ကျနော် စဉ်းစားပြီး တွေးကြည့်တယ်။ ကျနော် တကယ် တာဝန်ယူနိုင်သလား။ တကယ် ကျနော် တာဝန်ခံနိုင်တဲ့အဆင့် ရှိပြီလား။ ကျနော့်ရဲ့ ဘဝအတွေ့အကြုံနဲ့ ပညာအရ ကျနော် မဝံ့မရဲ ဖြစ်တယ်။ အဲဒါကြောင့်လဲ ကျနော်ကိုကျနော် တွန့်ဆုတ်တွန့်ဆုတ် တကယ့် နိုင်ငံရေးအာဏာကို ရယူမယ့်အဆင့်ကို တက်ဖို့အတွက်။ ဆိုပါစို့ အရပ်စကားအရဆို ဝန်ကြီးလုပ်ဖို့။ သမ္မတလုပ်ဖို့ ကျနော် မဝန့်ရဲဘူး။ ကျနော် တာဝန်မကျေမှာ စိုးရိမ်တယ်။ ကျနော်ဟာ နိုင်ငံရေးသမားတယောက်ဖြစ်ဖို့ ဘယ်တုန်းကမှ မတည်ဆောက်ခဲ့ဘူး။ မပြင်ဆင်ခဲ့ဘူး။ ကိုယ်ရဲ့ မကျေနပ်မှု၊ ပြည်သူတွေရဲ့ လိုလားမှုတွေကို ဖြည့်ဆည်းပေးရင်နဲ့ အချိန်ကုန်ခဲ့တယ်။ အဲဒီတော့ ကျနော်မှာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အဲဒီလို ခံယူထားတော့ မဝံ့မရဲ ဖြစ်တယ်။ အဲဒါ ကျနော်တို့တတွေ တော်တော်များများ အဲဒီလိုမျိုး ခံစားမှုများ ရှိတယ်လို့ ကျနော်က ယူဆတယ်။ အဲဒီလိုမျိုး ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ စောစောက ပြောတဲ့အတိုင်း ပြည်သူတွေက ၈၈ မျိုးဆက်ကို အပြည့်အဝ နားလည်းတယ်။ မျှော်လင့်ချက်ထားတယ်။ အသိအမှတ်ပြုတယ်။ မြန်မာပြည်မှာ အခုလက်ရှိ ကျော်ကြားနေတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ၈၈ မျိုးဆက်အပေါ် ပြည်သူလူထု မျှော်လင့်အားထားသလို၊ ပြည်သူလူထု လေးစားအသိအမှတ်ပြုသလို အသိအမှတ်ပြုတယ်လို့ ခံစားရပါသလား။

ဦးမင်းဇေယျ ။ ။ ကျနော် ထိတွေ့ဆက်ဆံခဲ့ရတဲ့ ကျနော်တို့နဲ့ senior ကျတဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတော်တော်များများတွေက သူတို့ရဲ့ ပြောဆိုမှု၊ ဆက်ဆံမှုအရ ကျနော်တို့ ၈၈ မျိုးဆက်တွေအပေါ်မှာ တော်တော်လေး အလေးအနက်ထားပါတယ်။ မျှော်လင့်ချက်တွေလည်း ရှိကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ဒါက ကျနော် တွေ့ထိကြုံရသလောက်ပေါ့။

ဦးကျော်ဇံသာ ။ ။ဒါပေမဲ့ တချို့က သုံးသပ်ကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော ၈၈ ကို အတူယှဉ်တွဲပြီးတော့ လက်တွဲခေါ်ယူဖို့ တက်တက်ကြွကြွ မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ရပါတယ်။ အဲဒါ ဘာကြောင့်လဲ။ အဲဒါ မှန်ပါသလား သုံးသပ်ပါအုံး။

ဦးမင်းဇေယျ ။ ။ အဲဒါက ကျနော် အခုနပြောတဲ့ စကားထဲမှာ ပါသလိုပါပဲ။ ကျနော်တို့ ထိတွေ့ခဲ့ရတဲ့ အောက်ခြေရပ်ကျေးမှာရှိတဲ့ NLD တွေ၊ မြို့နယ်ခရိုင်အဆင့်မှာရှိတဲ့ NLD တွေနဲ့ ဗဟိုမှာရှိတဲ့ NLD တွေနဲ့ ကျနော်တို့ ထိတွေ့ချက်အရ၊ ပြောဆိုချက်အရတော့ သူတို့တွေ မလိုလားတဲ့ အပြုအမှု၊ အပြောအဆိုတွေတော့ မကြုံဖူးပါဘူး။ သူတို့ကတော့ လိုလိုလားလားပဲ ဆက်ဆံတယ်။ ဥပမာ ကျနော်တို့ သွားလေရာနေရာမှာလည်း တကယ်တမ်း ကျနော်တို့ကို အဓိက ထောက်ခံအားပေးကူညီတာလည်း NLD တွေပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အုပ်စိုးလာတဲ့ စစ်အာဏာရှင်စနစ်ကို ပထမဦးဆုံး စိန်ခေါ်ခဲ့တာ ကျောင်းသားတွေ ဖြစ်ပါတယ်။ ပေါ်ပေါ်ထင်ထင်၊ အသေခံစတေးပြီးတော့ တိုက်ခိုက်တာ ၈၈ မျိုးဆက်တွေ ဖြစ်ပါတယ်။ ဆိုတော့ စစ်တပ်ရဲ့ အဓိက ရန်သူဟာ ၈၈ မျိုးဆက်ဆိုရင် မှားမယ် မဟုတ်ပါဘူး။ အခုအခါမှာ ၈၈ မျိုးဆက်နဲ့ စစ်တပ်ရဲ့ ဆက်ဆံရေး ဘယ်လို နေပါသလဲ။ အပြန်အလှန်သဘောထားတွေ ဘယ်လို ရှိကြပါသလဲ။

ဦးမင်းဇေယျ ။ ။ ကျနော် အရင်တုန်းကတော့ တွေးဖူးတယ်။ အဲဒီတုန်းက မြန်မာတပ်မတော်ဟာ ဒီမိုကရေစီအရေးနဲ့ ပတ်သက်လာရင် ရန်သူဖြစ်နေပြီလားလို့ အဲဒီလို တွေးဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့သော လေးငါးနှစ်လောက်ကစပြီးတော့ အတွေးတခု ထပ်ဝင်လာတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အောက်တန်းကျမှု၊ ဆင်းရဲမှု၊ နိမ့်ကျမှု၊ လိုအပ်ချက်အထွေထွေကို ပြန်လည်ပြီး ကောင်းမွန်လာအောင်၊ တိုးတက်လာအောင် လုပ်ဆောင်မယ်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍမပါလို့ မရဘူး။ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ တနည်းအားဖြင့် တပ်မတော်ဟာ ရန်သူဆိုတဲ့ အမြင်ကို ဖျောက်ရလိမ့်မယ်။ အဲဒီလို တွေးမိတယ်။ တခုတော့ရှိတယ်။ ကျနော်တို့က ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မယ်ဆိုရင် တပ်မတော်က နိုင်ငံရေးအခန်းကဏ္ဍမှာ မပါဝင်ရဘူး။ သို့သော် လိုအပ်သောအချိန်ကာလတခုမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်။ နိုင်ငံရေးအရ။ ဒါကိုလဲ တပ်မတော်ဖက်ကရော၊ ပြည်သူဖက်ကရော ရှင်းရှင်းလင်းလင်း သိနေရမယ်။ (၃) နှစ်လား၊ (၅) နှစ်လား။ အဲဒီကာလတခု သတ်မှတ်ပြီးတော့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်နိုင်တယ်ဆိုရင် အရှိန်အဟုန်တွေလည်း ပိုရလာမယ်။ တိုင်းပြည်အတွင်း စည်းလုံးညီညွှတ်မှုလည်း ပိုရှိလာမယ်လို့ ကျနော် ယုံကြည်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ လောလောဆယ် ဆက်ဆံရေးက ဘယ်လို နေပါသလဲ။ အဲဒီစကားကို စစ်တပ်ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့ ပြောနိုင်တဲ့အခြေအနေ ရှိကြပါသလား။

ဦးမင်းဇေယျ ။ ။ ပြောခဲ့ဖူးပါတယ်။ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့လည်း ပြောဖူးပါတယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့လည်း ပြောဖူးပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီတပ်မတော်အပေါ်၊ ဒီသဘောထားကို ကိုမင်းဇေယျရဲ့ သဘောထားကို ကျန်တဲ့ ၈၈ မျိုးဆက်တွေက ဝေမျှပြီးတော့ လက်ခံကြသလား။

ဦးမင်းဇေယျ ။ ။ လက်ခံကြပါတယ်။ ကျနော်တို့ ၈၈ လက်ရှိ ငြိမ်းပွင့်ကို လုပ်ဆောင်နေတဲ့သူအားလုံးက တပ်မတော်အပေါ်မှာ ရန်သူလို သဘောမထားပါဘူး။ အခုနပြောသလို တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ တပ်မတော်ရဲ့အင်အား၊ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပိုပြီးတော့ မြှင့်တင်ပြီးတော့ လုပ်ဆောင်ဖို့လိုတယ်ဆိုတာကို ယေဘုယျအားဖြင့်တော့ အားလုံးက လက်ခံကြပါတယ်။
XS
SM
MD
LG