သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်ငွေတန်ဘိုး ကျဆင်းမှု၊ မတည်မငြိမ်ဖြစ်နေမှုကို ဗဟိုဘဏ် ထိန်းနိုင်ပါ့မလား


မြန်မာနိုင်ငံတာ် ဗဟိုဘဏ်
မြန်မာနိုင်ငံတာ် ဗဟိုဘဏ်

အားလုံး ဝေဖန်နေ၊ စောင့်ကြည့်နေတဲ့ကြားမှာကိုပဲ ဒေါ်လာဈေးဟာ သမိုင်းတလျာက် အမြင့်ဆုံးအဖြစ် စံချိန်ချိုးပြီး တစ်ဒေါ်လာ ကျပ်ငွေ ၁၄၂၀ အထိ ရောက်သွားခဲ့ပါပြီ။ ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန် ဒေါ်လာဈေးကွက်မှာ တစ်ဒေါ်လာကို ၁၃၉၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး နေ့ခင်းပိုင်းမှာ တစ်ဒေါ်လာ ၁၄၂၀ အထိ စံချိန်တင် တက်သွားပါတယ်။ ဈေးပိတ်ချိန်မှာတော့ နည်းနည်း ပြန်ကျသွားပြီး ညနေစောင်းမှာ တစ်ဒေါ်လာ ၁၄၁၀ နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။ NLD အစိုးရ တက်လာတဲ့ ၂၀၁၆ ဧပြီလ ၁ ရက်နေ့တုန်းက တစ်ဒေါ်လာ ကျပ် ၁၂၀၀ ပဲ ရှိပါတယ်။ အဲဒီ နှုန်းနဲ့ နှိုင်းယှဉ်ရင် အစိုးရသစ်တက်ပြီး ၉ လမတိုင်ခင် တစ်ဒေါ်လာ ကျပ် ၂၀၀ ဒါမှမဟုတ် ၁၇ ရာခိုင်နှုန်းလောက် တက်သွားတာပါ။ တနည်းပြောရရင် မြန်မာကျပ်ငွေ တန်ဘိုးဟာ အခြားနိုင်ငံခြားငွေတွေနဲ့ နှိုင်းယှဉ်ရင် ၁၇ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းသွားတယ်လို့ မှတ်ယူနိုင်ပါတယ်။ ဒီကိစ္စ တာဝန်အရှိဆုံးဖြစ်တဲ့ မြန်မာနိုင်ငံတာ် ဗဟိုဘဏ်က ဘာမှ မကိုင်တွယ် မဆောင်ရွက်ဘူး ဆိုတာတော့ မဟုတ်ပါဘူး။ တစ်ခုပြီး တစ်ခု ကိုင်တွယ် ဆောင်ရွက်နေတဲ့ ကြားထဲမှာကိုပဲ မြန်မာကျပ်ငွေ တန်ဘိုး မတည်ငြိမ်မှု၊ ကျပ်ငွေတန်ဘိုး ကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်နေတာပါ။ ဒီ ပြသနာ ဗဟိုဘဏ်က ကိုင်တွယ်နိုင်မလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ တစ်ရက်ထဲနဲ့ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားစာ ၄ စောင် ထုတ်ပြန်ပါတယ်။ အဲဒါတွေကတော့ “ ကုန်စည်တင်ပို့သူ Exporter အနေဖြင့် ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့ပြီးနောက် ၆လအတွင်း ပို့ကုန်ရငွေ Export Proceeds ပြန်လည် ဝင်ရောက်မှု အခြေအနေအား စိစစ်တင်ပြရန် ကိစ္စ ”၊ “ ကုန်စည်တင်ပို့သူ အနေဖြင့် ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့ပြီးနောက် ပို့ကုန်ရငွေ Export Proceeds အား ဥပဒေနှင့်အညီ ပြန်လည် ပေးပို့စေရေး ကိစ္စ” ၊ “ ပြည်ပတွင် ရင်းနှီးမြှုပ်နှံခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် အကြောင်းကြားခြင်း” ၊ “ ပြည်ပတွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် အကြောင်းကြားခြင်း။” စတာတွေ ဖြစ်ပါတယ်။ ညွှန်ကြားချက် အားလုံးလိုဟာ လက်ရှိ မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းနေတဲ့ပြသနာ၊ မြန်မာကျပ်ငွေ တန်ဘိုး မတည်မငြိမ် ဖြစ်နေတဲ့ ပြသနာကို ဖြေရှင်းဖို့ ရည်ရွယ်ပုံ ရပါတယ်။

ပထမ ညွှန်ကြားချက်မှာ ပြည်ပကို ကုန်ပစ္စည်းတင်ပို့နေတဲ့ အိပ်စ်ပိုတာတွေ အနေနဲ့ ကုန်ပစ္စည်း တင်ပို့ပြီး ၆ လအတွင်း ပု့ိကုန်ရငွေတွေကို နိုင်ငံခြားငွေနဲ့ ပြည်တွင်းက ဘဏ်စာရင်းမှာ လွဲှပြောင်းထည့်သွင်းဖို့ ဥပဒေ ပြဌာန်းထားပြီးဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ပြည်တွင်းက အစိုးရဘဏ်တွေနဲ့ နိုင်ငံခြားငွေ လုပ်ကိုင်ခွင့်ရထားတဲ့ ပုဂ္ဂလိက ဘဏ်တွေ အနေနဲ့ ပို့ကုန်ရငွေ ပြန်ပြီး လွဲှပြောင်းခြင်းမရှိတဲ့ ကုမ္ပဏီတွေရဲ့ စာရင်းကို ၅ ရက်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တင်ပြဖို့ အကြောင်းကြားတဲ့စာ ဖြစ်ပါတယ်။ ဒုတိယ စာကလည်း အလားတူ သဘောမျိုးပဲ ဖြစ်ပြီး ပို့ကုန် တင်ပို့သူတွေ အနေနဲ့ ပို့ကုန်ရငွေတွေကို ပြည်တွင်း ဘဏ်စာရင်းထဲ လွဲှပြောင်းထည့်သွင်းတာမျိုး မလုပ်ဘူး ဆိုရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမယ်ဆိုပြီး ဖော်ပြထားပါတယ်။ ပြောရရင် ပို့ကုန်ရငွေတွေကို ပြည်တွင်းဘဏ်တွေထဲ ပြန်မထည့်ပဲ ထိန်ချန်ထားကြတဲ့အတွက် ပြည်တွင်းမှာ ဒေါ်လာငွေ၊ တစ်နည်း နိုင်ငံခြားငွေ ရှားပါးတာကို ကုစားနိုင်အောင် လုပ်တာလို့ ယူဆ ရပါတယ်။

တတိယ အမှာစာကတော့ ပြည်ပမှာ ထွက်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ကြတဲ့သူတွေကို ရည်ညွှန်းပါတယ်။ ပုဂ္ဂလိကဘဏ် တာဝန်ရှိသူတွေ ဖြစ်စေ၊ ကုမ္ပဏီတွေဖြစ်စေ၊ လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ၊ ပြည်ပမှာ အိမ်ခြံမြေ တိုက်ခန်းဝယ်တာ၊ ဆိုင်ခန်းဖွင့်တာ၊ အခြားသော ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုရင် ဗဟိုဘဏ်ကို အကြောင်းကြားရမှာဖြစ်ပြီး၊ အဲဒီက ရလာတဲ့ အမြတ်အစွန်းတွေကိုလည်း ပြည်တွင်းဘဏ်တွေဆီ ပြန်လည်လွဲှပြောင်း ထည့်သွင်းရမယ်လို့ ပြဌာန်းချက်ရှိတဲ့အကြောင်း၊ ဒါကို မလိုက်နာဘူး ဆိုရင် ဥပဒေအရ အရေးယူမယ် ဆိုတဲ့အကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

စတုတ္တ အမှာစာကတော့ ဘယ်သူတစ်ဦးတစ်ယောက် မဆို ပြည်ပမှာ ဘဏ်စာရင်း ဖွင့်လှစ်ထားမယ် ဆိုရင် ဘဏ်စာရင်းနဲ့ အချက်အလက်တွေ ဗဟိုဘဏ်ကို တင်ပြရမှာ ဖြစ်တဲ့အကြောင်း၊ တကယ်လို့ လာမယ့် တစ်ပတ်အတွင်း အဲလို တင်ပြဖို့ ပျက်ကွက်ခဲ့ရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသွားမယ် ဆိုပြီး အကြောင်းကြားထားတာ ဖြစ်ပါတယ်။

ဒီထုတ်ပြန်စာတွေ အားလုံးကိုကြည့်ရင် ပြည်တွင်းကို ရောက်သင့်ရောက်ထိုက်တဲ့ နိုင်ငံခြားငွေတွေ ဝင်မလာတာ၊ စာရင်းမရှိ အင်းမရှိဖြစ်နေတဲ့ ပြည်ပထွက်ပြီး လုပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ သိလာအောင်နဲ့ အကျိုးအမြတ်တွေ ပြည်တွင်းပြန်ဝင်လာအောင်လုပ်တာ တွေ့ရပါတယ်။ ဒါပေမယ့် မလိုက်နာကြရင်ရော၊ ဗဟိုဘဏ်က တကယ်အရေးယူမှာလား ဆိုတာ အတော် သံသယ ဖြစ်စရာ ရှိနေပါတယ်။ ရှေ့ပိုင်းမှာလည်း ဗဟိုဘဏ်ဟာ ပြည်တွင်းက လုပ်ငန်းတွေ၊ ကုမ္ပဏီတွေ အနေနဲ့ ဒေါ်လာနဲ့ ဈေးနှုန်းသတ်မှတ်တာ၊ ဒေါ်လာနဲ့ လုပ်ခလစာပေးတာ စတာတွေ မလုပ်ပဲ ကျပ်ငွေနဲ့ပဲ ပေးခြေဖို့ ညွှန်ကြားချက်ထုတ်ပြီး ကျပ်ငွေအသုံးများလာအောင် အကောင်အထည် ဖော်ခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆက်တွဲ အရေးယူမှု မလုပ်တော့ သိပ်ပြီး မထိရောက်ပါဘူး။

ဒါတင်မက လက်ရှိ အခြေအနေ ပြည်တွင်း ဒေါ်လာဈေးကွက်မှာ ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းနဲ့ ပြင်ပ ပေါက်ဈေး အလွန့်အလွန် ကွာခြားနေချိန်လည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ကဆို ဗဟိုဘဏ်က တစ်ဒေါ်လာ ကျပ် ၁၃၅၀ သတ်မှတ်ထားပြီး ပြင်ပပေါက်ဈေးက ၁၄၁၀-၁၄၂၀ လောက် ဖြစ်နေတာမို့ တစ်ဒေါ်လာ ကျပ် ၆၀-၇၀ လောက် ကွာခြားနေတာပါ။ ဒီလို အခြေအနေ ဗဟိုဘဏ် သတ်မှတ်ဈေးကို အခြေပြုပြီး အရောင်းအဝယ် လုပ်ကြတဲ့ ပုဂ္ဂလိက ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေနဲ့ တရားဝင် ငွေလဲကောင်တာတွေဟာ အရောင်းအဝယ် လုံး၀ လုပ်လို့ မရခဲ့ကြပါဘူး။ အဲလိုဖြစ်နေတာလဲ ရက်တွေ လတွေ ကြာခဲ့ပါပြီ။ ဒီအတွက် ပြည်တွင်း နိုင်ငံခြား ငွေကြေးဈေးကွက်ကို ပြန်ကြည့်လိုက်ရင် တကယ်တန်း အရောင်းအဝယ် လုပ်ကြတာရဲ့ ရာခိုင်နှုန်း ၉၀ လောက်ဟာ တရားမဝင်ဈေးကွက်မှာ ဖြစ်နေတာ တွေ့ကြရမှာပါ။ တကယ်တော့ အခုလို မှောင်ခိုဈေးကွက်အဆမတန် ကြီးထွားနေတာကို ကိုင်တွယ်အရေးယူရမှာလဲ ဗဟိုဘဏ်ပဲ ဖြစ်ပေမယ့် တကယ့်တကယ် လက်တွေ့ အရေးယူနိုင်တာ မတွေ့ရသေးပါဘူး။

ပြောရရင် မြန်မာကျပ်ငွေနဲ့ ပတ်သက်ရင် ဗဟိုဘဏ်က ကိုင်တွယ်ရမှာ နှစ်ချက် ရှိပါတယ်။ တစ်ချက်ကတော့ ကျပ်ငွေဈေးနှုန်း အဆမတန် ကျဆင်းတာမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့ပါ။ နောက်တစ်ချက်ကတော့ ဈေးကွက်ထဲမှာ ကျပ်ငွေတန်ဘိုး တည်ငြိမ်အောင် လုပ်ဖို့ပါ။ ကျပ်ငွေတန်ဘိုး အလွန်အမင်း ကျဆင်းတာမျိုး မဖြစ်အောင် ဆိုရင် အစိုးရဘတ်ဂျက် လိုငွေပြတာကို လျော့ချဖို့၊ ကုန်သွယ်ရေးမှာ လိုငွေ အများကြီး ဖြစ်ပေါ်နေတာတွေကို ထိန်းဖို့၊ နိုင်ငံခြားငွေ စီးဝင်စီးထွက်တာကို ကြပ်မတ်ဖို့ လိုအပ်မှာဖြစ်သလို၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာအောင်လည်း လုပ်ကြရပါမယ်။ ဒါကို ဗဟိုဘဏ် တစ်ခုထဲ အကောင်အထည်ဖော်လို့ မရနိုင်ပါဘူး။ ကျပ်ငွေတန်ဘိုး မတည်မငြိမ်ဖြစ်တာနဲ့ ပတ်သက်လို့ကတော့ မှောင်ခိုရောင်းဝယ်သူတွေကို ဖမ်းဆီးတာမျိုးလို၊ ဗဟိုဘဏ်သတ်မှတ်ချက်အတိုင်း ငွေကြေးလဲလှယ်ပေးဖို့ ပျက်ကွက်တဲ့ တရားဝင် ငွေလဲကောင်တာတွေကို အရေးယူတာမျိုးလို လုပ်ဖို့ လိုပါတယ်။ အဲဒီလို ဘက်စုံဒေါင့်စုံ ဖြေရှင်းတာမျိုး မလုပ်ရင်၊ ဥပဒေတွေ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး တကယ် အရေးယူတာမျိုး မလုပ်နိုင်ရင်တော့ ကျပ်ငွေတန်ဘိုး ကျဆင်းတာနဲ့ မတည်မငြိမ် ဖြစ်နေတဲ့ပြသနာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်မှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG