သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မလား


စင်္ကာပူနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်းကြီးများတွေ့ဆုံစဉ်
စင်္ကာပူနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်းကြီးများတွေ့ဆုံစဉ်
တိုက်ရိုက် လင့်ခ်

နှစ်ပေါင်း ၅၀ ကျော်အတွင်း သမိုင်းဝင် အပြောင်းအလဲလည်းဖြစ်၊ နိုင်ငံတကာရဲ့ အံ့သြချီးကျူးဖွယ်လည်း ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲဖြစ်ခဲ့တာ ၈ လတာ ကြာမြင့်ခဲ့ပြီးနောက် ခုဆို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အပြတ်အသတ်အနိုင်ရပြီးနောက် အသွင်ကူးပြောင်းရေး တကယ်ဖြစ်လာ မှာလား၊ ညင်ညင်သာသာ ဖြစ်မှာလား၊ အစိုးရအဖွဲ့သစ်ရော တကယ် ပေါ်ပေါက် လာမှာလား စတဲ့ စိုးရိမ်မှုတွေဟာ ၂၀၁၆ ဧပြီလ တရက်နေ့ အစိုးရ အဖွဲ့ သစ် ပေါ်ပေါက်လာပြီးနောက်ပိုင်းမှာ တဖြေးဖြေး လျော့ပါးသွား ခဲ့ပါတယ်။ ဒါပေ မယ့် အစိုးရသက်တမ်း ၈ လတာ ကာလ ကြာလာပြီဖြစ်တဲ့ ဒီကနေ့ အချိန် မှာတော့ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်လာရပြီး အစိုးရသစ်ဟာ အဲဒီ စိန်ခေါ်မှုတွေ ကို အောင်အောင်မြင်မြင် ရင်ဆိုင်ကျော်လွှားနိုင်မှာလား၊ မတည်မငြိမ်ဖြစ်ပြီး စစ်အုပ် ချုပ်ရေးဆီကို နောက်ကြောင်းပြန် ပြန်လှည့်သွားနိုင်စရာ အခြေ အနေေ တွ ဖြစ်ပေါ် လာမလား ဆိုတဲ့ စိုးရိမ်မှုတွေ တစ်ခါပြန်ပြီး ဖြစ်ပေါ် လာစေ ပါတယ်။ အစိုးရသစ် ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်နေရ သလဲ၊ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော် လွှားနိုင်မှာလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သစ် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု ပြသနာ တခုကတော့ ရခိုင်ပြည်နယ်က ဘင်္ဂလီ-ရိုဟင် ဂျာ ပြသနာ ဖြစ် ပါတယ်။ မောင်တော နယ်စပ် ဘက်မှာ ရဲတပ်ဖွဲ့ စခန်းတွေကို အကြမ်းဖက်တိုက်ခိုက်ခံရ၊ ရဲတပ်ဖွဲ့ဝင်တ ချို့ ကျဆုံး ဒါဏ်ရာရပြီးတဲ့နောက် တပ်မတော်ဘက်က အကြမ်းဖက်မှုနှိမ်နင်းရေး၊ နယ်မြေ တည်ငြိမ်ရေး စစ်ဆင်ရေးတွေ ဆင်နွဲှချိန် ဒေသခံမူဆလင် အမျိုးသမီးတွေ ကို မုဒိန်းကျင့်တယ်၊ ရွာတွေကို မီးတိုက်တယ်၊ ရွာသားတွေကို သတ်ဖြတ်တယ် စတဲ့ စွတ်စွဲမှုတွေ ပေါ်ပေါက်၊ နိုင်ငံတစ်ချို့မှာ မြန်မာအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျင်းပနေတာကို ကြုံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအခြေအနေ ဟာ နို ဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့ရဲ့ ကောင်းးမွန်ပြီးသား နိုင်ငံတကာ ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ အနေအထား မျိုးလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု ကတော့ မြန်မာနိုင် ငံမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အစွမ်းကုန် တည်ဆောက်နေတဲ့ကြားက တိုင်း ရင်းသားတွေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ပြီး ပေါ်ပေါက်လာ တဲ့ ပြသနာ ပဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ပေါ်ပေါက်လာတဲ့ ပြသနာက တပ်မတော်ကနေ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေကို သွားပြီး တိုက်ခိုက်တာမျိုးမဟုတ်ပဲ လက်နက်ကိုင် တိုင်းရင်းသားတွေက တပ်မတော် တပ်စခန်းတွေ၊ ရဲကင်း စခန်းတွေနဲ့ စီးပွားရေး အချက်အခြာကျတဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတွေကို ဝင်ရောက် တိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ်။ KIA ကချင်လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်တဲ့ ကိုးကန့်နဲ့ တအာန်းပလောင် တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ကြတဲ့ အခု တိုက်ပွဲတွေဟာ တပ်မတော်ရဲ့ သူတို့အပေါ် တိုက်ခိုက်မှုတွေ ကို ပြည်သူတွေ နဲ့ နိုင်ငံတကာက သတိပြုမိ သွားအောင် ကန့်သတ်စစ် ဆင်နွဲှရတာ ပါလို့ ကြေငြာထားပေမယ့် တကယ့်တကယ် ဦးတည်ချက်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကိုပါ ထိခိုက်အောင်ရည်ရွယ်ပုံ ရပါတယ်။ မန္တလေး-လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီးနဲ့ နယ်စပ်လမ်းတွေပေါ်က တံတားတွေကို ဖျက်ဆီးရုံမက အဲဒီလမ်းတွေပေါ်မှာ ကုန်စည်ကူးသန်းမှုအပါအဝင် ဘယ်လို ကားတွေမှ မသွားရဲ မလာရဲအောင် တားဆီး၊ တိုက်ခိုက်မှုတွေ လုပ်နေကြ လို့ပါပဲ။ ပြောရရင် အခု ကေအိုင်အေ ဦးဆောင်တဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုဟာ ရိုးရိုးတိုက်ပွဲတင်မက မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကို ဖြတ်တောက်ပြီး နိုင်ငံ့စီးပွားရေးကိုပါ ထိခိုက်အောင် ရည်ရွယ်တာ ဖြစ်ပုံရပါတယ်။

အင်န်အယ်လ်ဒီ အစိုးရ ကြုံနေရတဲ့ ကြီးမားနက်ရှိုင်းတဲ့ စိန်ခေါ်မှု တခုကတော့ စီးပွားရေး တိုးတက်အောင် မစွမ်းဆောင်နိုင်သေးတဲ့ ပြသနာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့သစ် တက်လာတာ ၈ လာကျော်လာသည်အထိ အောက်ခြေ ဆင်းရဲ သားပြည်သူတွေ တိုက်ရိုက်အကျိုးခံစားနိုင်တဲ့ အလုပ်အကိုင် သစ်တွေ ဖော် ထုတ်ပေးတာ၊ လုပ်ခ လစာ တိုးမြင့်အောင် ဖန်တီးပေးတာ၊ ကုန်ဈေးနှုန်း တည်ငြိမ်အောင် စီမံခန့်ခွဲတာ စတာတွေ မစွမ်းဆောင်ပေးနိုင်သေး ပါဘူး။ အဲဒီလို မစွမ်းဆောင်ပေးနိုင်သေးတာရဲ့ အကျိုးဆက်အဖြစ် ရာဇဝတ်မှု ထူပြောလာ တဲ့ ပြသနာကိုပါ ရင်ဆိုင်နေရပါတယ်။ ဒါကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဝန်ခံထားပြီးဖြစ်ပါတယ်။

မြွေပူရာ ကင်းမှောင့် ဆိုသလိုပါပဲ။ ရာဇဝတ်မှု ထူပြောရတဲ့အထဲ သက်ငယ်မုဒိန်း မှုတွေ များပြားလာပြီး မကြားဝံ့မနာသာ ရာဇဝတ်မှုခင်းတွေ ပေါ်ပေါက်လာ တာက လည်း အင်န်အယ်လ်ဒီ အစိုးရအပေါ် ပြည်သူတွေ အပြစ်တင်စရာ စိန်ခေါ်မှု တစ်ခု ဖြစ်လာနေပါတယ်။ အခုဆို မြို့ကြီးတစ်ချို့မှာ သက်ငယ်မုဒိန်းမှု ဆန့်ကျင်ရေး၊ ကျူးလွန်သူတွေကို သေဒါဏ် အပါအဝင် ကြီးလေးတဲ့ ပြစ်ဒါဏ်ပေးရေး ဆန္ဒပြပွဲတွေ ကျင်းပနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကလည်း အင်န်အယ်လ်ဒီ အစိုးရကို စိန်ခေါ်နေတဲ့ ပြသနာတစ်ခု ဖြစ်ပါတယ်။

တိုင်းပြည်ဟာ အန္တရာယ်တွင်းထဲ ကျလုနီးနေပြီ၊ ရခိုင်ပြည်နယ် မောင်တောဘက် က ပြသနာဆိုရင် ပြည်ပ ပရောဂ ပါနေတယ်၊ ဒါကြောင့် ကာလုံလို့ ခေါ်တဲ့ အမျိုး သား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ပေး ဖို့ တောင်းဆိုတဲ့ ပါတီမျိုးတွေ ရှိလာတဲ့ စိန်ခေါ်မှု ပြသနာလဲရိလာပါတယ်။ အဓိပ္ပါယ်ကတော့ အင်န်အယ်လ်ဒီ အစိုးရဟာ တိုင်းပြည်ကို တည်ငြိမ်အောင် မအုပ်ချုပ်နိုင်ဘူး၊ ဒါကြောင့် တပ်မတော်စစ်ခေါင်းဆောင်တွေ လွှမ်းမိုးထားတဲ့ ကာလုံ အစည်း အဝေး ခေါ်ပါ၊ လိုအပ်ရင် တပ်မတော်က တိုင်းပြည် ကို ပြန်အုပ်ချုပ်ခိုင်း ပါဆိုတဲ့ သဘောမျိုးပါပဲ။ ဒီ စိန်ခေါ်မှုက တိုင်းပြည်အတွက် ပိုပြီး အန္တရယ်ကြီးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိကြုံနေရတဲ့ စိန်ခေါ်မှု ပြဿနာတိုင်းကို အကောင်းဆုံး ကျော်ဖြတ်နိုင်အောင် ကြိုးစားနေ တာ တွေ့မြင်ရပါတယ်။ ရိုဟင်ဂျာ-ဘင်္ဂလီ ပြသနာဆိုရင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးဆောင်တဲ့ အကြံပေးကော်မတီ ခန့်အပ်တာ ဝန်ပေး ထားသလို၊ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေးကော်မ ရှင် တရပ်ကို လည်း ဖွဲ့စည်းတာဝန်ပေးထားပြီးပါပြီ။ နိုင်ငံတစ်ချို့၊ အဖွဲ့အစည်းတချို့ရဲ့ စွတ်စွဲမှုတွေ နဲ့ ပြည်တွင်းက အမျိုးသားရေးဝါဒီတွေရဲ့ ဖိအားတွေအကြား အဲဒီစိန်ခေါ်မှုပြသနာ ကို အောင်မြင်အောင် ဖြေရှင်းနိုင်အောင် ကြိုးစားပါလိမ့်မယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ တိုက်ခိုက်မှုပြသနာကိုလည်း နည်းပေါင်းစုံ နဲ့ ပြေလည်အောင် ကြိုးစားနေသလို၊ စီးပွားရေး တိုးတက်မှု နှေးကွေးနေ တဲ့ ပြသနာကို လည်း ကျော် လွှားနိုင်အောင် ကြိုးစားနေတာ တွေ့ရ ပါတယ်။ မြန်မာနိုင်ငံ မှာ နောက်ကြောင်းပြန် မလှည့်၊ စစ်အာဏာရှင်စနစ် ထပ်မပေါ်၊ လက်ရှိ စိန်ခေါ်မှုပြသနာတွေ ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ရေးဟာ တပ်မတော်က အင်န်အယ်လ်ဒီ အစိုးရရဲ့ အကောင်အထည် ဖော်ဆောင်ရွက်နေမှုတွေကို ဘယ်လောက် ပူးပေါင်းဆောင်ရွက်နိုင်မလဲ၊ လက်ရှိ အစိုးရအဖွဲ့တာဝန်ယူထားသူတွေ ဘယ်လောက် အရည်အချင်းရှိမလဲ ဆိုတဲ့ အပေါ်မှာ မူတည်နေမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG