သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား ပြည်သူတွေရဲ့ အကျိုးအတွက် အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားကြပါ


photo credit to Myanamr Peace Center
photo credit to Myanamr Peace Center

လာမယ့် စက်တင်ဘာ ၉ ရက်နေ့ကျရင် သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့ပါဝင်တဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြပါတော့မယ်။ ဒီတွေ့ဆုံပွဲဟာ နှစ်ပေါင်းများစွာ အတွင်း အစိုးရ ထိပ်ဆုံး ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေထဲက အင်အားကြီး အဖွဲ့တွေရဲ့ ထိပ်ဆုံးခေါင်းဆောင်တွေ မျက်နှာခြင်းဆိုင် တွေ့ဆုံကြမယ့် ပွဲလည်း ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် NCA ကို နှစ်ဖက် သဘောတူထားပြီးသား ဖြစ်နေတာ၊ ရွေးကောက်ပွဲနဲ့ နီးကပ်နေတဲ့ အချိန်လည်းဖြစ်နေတာ၊ စတာတွေကြောင့် အလွန်ထူးခြားတဲ့ တွေ့ဆုံပွဲလို့ ပြောနိုင်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးနိုင်သလဲ၊ ဘယ်လို အပေးအယူ အလျော့အတင်း လုပ်ကြမလဲ၊ ဘယ်လို ရလာဒ်မျိုးတွေ ထွက်ပေါ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

တကယ်တော့ အစိုးရ နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကြီး တစ်ခု ရဖို့ လပေါင်းများစွာ ခက်ခက်ခဲခဲကြိုးစားခဲ့ကြရတာပါ။ နှစ်ဖက် ကိုယ်စားလှယ်တွေရဲ့ အပစ်ရပ်စာချုပ် ရရှိရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက အမြဲတစေ စောင့်ကြည့်နေကြသလို၊ အကူအညီလည်း ပေးနေကြပါတယ်။ ဒါတင်မက ရရှိလာတဲ့ သဘောတူညီမှုတွေ၊ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အသိအမှတ်ပြု ချီးကျူးကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ အပစ်ရပ် စာချုပ်ကြီးကို လက်မှတ်ရေးထိုးနိုင်တဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး။ ခုလို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အပစ်ရပ်စာချုပ် မချုပ်ဆိုနိုင်သေးတာနဲ့ ပတ်သက်ပြီး နှစ်ဖက် အင်အားစုတွေအနေနဲ့ ပြည်တွင်း ပြည်ပ ဖိအားတွေ ရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရဘက်ကရော လက်နက်ကိုင်တိုင်းရင်းသားတွေ ဘက်ကပါ ကိုယ့်ကိုယ်ကိုယ် ငြိမ်းချမ်းရေးကို လိုလားသူတွေအဖြစ် ပုံဖော်နေလိုကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

လက်ရှိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကြားမှာ နှစ်ဖက် သဘောတူညီထားတဲ့ အပစ်ရပ် စာချုပ်ကြီး တစ်ခု ရှိနေပါပြီ။ ဒီ စာချုပ်ကြီးမှာ အစိုးရဘက်က ဘယ်သူတွေ လက်မှတ်ထိုးကြမယ်၊ ပြည်တွင်း ပြည်ပ အသိသက်သေတွေအဖြစ် ဘယ်သူတွေက လက်မှတ်ထိုးကြမယ် စသဖြင့် အချက်အားလုံးလိုလိုလောက်မှာလည်း သဘောတူညီချက် ရခဲ့ပြီးကြပါပြီ။ တစ်ခုတည်းသော ကျန်တဲ့ ပြသနာက တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က လက်မှတ်ထိုးမယ့် အဖွဲ့ အရည်အတွက်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေကြား သဘောမတူနိုင် ဖြစ်နေရတာပါ။ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က အပစ်ရပ်စာချုပ်မှာ အားလုံး လက်မှတ်ရေးထိုးနိုင်ရေး လိုလားနေပြီး အစိုးရဘက်ကတော့ အဖွဲ့(၆) ဖွဲ့ကို ယာယီချန်လှပ်ထားချင်တယ်လို့ ဆိုပါတယ်။ အဲဒီ အဖွဲ့ (၆) ဖွဲ့ထဲမှာ လက်ရှိ အစိုးရနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင် တပ်ဖွဲ့တွေ ပါဝင်ပြီး အခြား လက်နက်ကိုင် တပ်မရှိ၊ တိုက်ပွဲလည်း မဖြစ်တဲ့ လားဟူ၊ ရခိုင်နဲ့ ထိုင်းနိုင်ငံ အခြေစိုက် ၀ အဖွဲ့တွေ ပါဝင်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အစိုးရဘက်ကတော့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင် လက်နက်ကိုင် သုံးဖွဲ့ဟာ အောက်ခြေမှာ အစိုးရနဲ့ တစ်စုံတစ်ရာ ဆွေးနွေးညှိနှိုင်း သဘောတူထားတာ မရှိသေးဘူး၊ ဒါကြောင့် အခု လက်မှတ်ရေးထိုးရာမှာ မပါဝင်နိုင်ပေမယ့် နောင် လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ အကြောင်းပြသလို၊ အခြား အဖွဲ့သုံးဖွဲ့ကိုတော့ လက်နက်ကိုင် တပ်လည်းမရှိ၊ တိုက်ပွဲလည်း ဖြစ်မနေတာမို့ အပစ်ရပ် စာချုပ် လက်မှတ်ထိုးရာမှာ ပါဖို့ မလိုဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေ အထူးသဖြင့် ကေအိုင်အို ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ ခေါင်းဆောင်တဲ့ အုပ်စုကတော့ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးရာမှာ အားလုံး ပါဝင်ရေး ဆိုတဲ့ မူကိုပဲ စွဲစွဲမြဲမြဲ ရပ်တည်ကြတာ တွေ့ရပါတယ်။

တကယ်လို့များ ဒီ ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးပွဲမှာ အစိုးရဘက်ကလည်း အဖွဲ့ တစ်ချို့ ချန်ကို ချန်ထားမယ်၊ ကေအိုင်အို လို အဖွဲ့မျိုးကလည်း အားလုံးပါဝင်ရေး မရမက တောင်းဆိုမယ် ဆိုရင်တော့ အပစ်ရပ်စာချုပ်ကို ပျော်ပျော်ပါးပါး လက်မှတ်ရေးထိုးဖို့ ဆိုတဲ့ အစီအစဉ် ပျက်သွားမှာကတော့ သေခြာပါတယ်။ ဒီလိုမှ မဟုတ်ပဲ အစိုးရဘက်က ကိုးကန့် တစ်ဖွဲ့လောက်ကို ချန်လှပ်ပြီး ကျန် ပလောင်နဲ့ ရခိုင် လက်နက်ကိုင် နှစ်ဖွဲ့ကိုပါလက်မှတ်ရေးထိုးဖို့ လိုက်လျောမယ် ဆိုစေဦး၊ ကေအိုင်အိုနဲ့ တိုင်းရင်းသား အုပ်စု တစ်ချို့က အားလုံးပါဝင်ရေး ဆိုတာကိုပဲ တလက်မ မှ မလျော့တန်း တင်းခံထားမယ် ဆိုရင်လည်း ပွဲက ပျက်မှာပါပဲ။

နောက်တစ်ခုကတော့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး လို သဘောထား ပျော့ပြောင်းတဲ့၊ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် အပစ်ရပ် စာချုပ် လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး အတွက် ရှေ့ခရီးဆက်လှမ်းချင်တဲ့ အဖွဲ့တွေက တောင်းဆိုသလို အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးရာမှာ လတ်တလော မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က တိုင်းရင်းသားတွေ လက်ခံနိုင်လောက်တဲ့ အာမခံချက် တစ်ခုခု ပေးမယ် ဆိုရင် အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးရေး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီနည်းလမ်းကိုလည်း ကေအိုင်အို ကချင်အဖွဲ့က လက်ခံမှ အကောင်အထည် ဖော်နိုင်မှာပါ။

တကယ်တော့ ပြည်တွင်းစစ်ဒါဏ်ကို ခံစားနေရသူတွေဟာ နယ်စပ်နေ တိုင်းရင်းသားတွေနဲ့ ပြည်သူတွေပါ။ နယ်စပ်နေ တိုင်းရင်းသားတွေကတော့ စစ်ဒါဏ်ကို တိုက်ရိုက် ခံစားနေရသူတွေ ဖြစ်ပြီး ပြည်သူလူထု အားလုံးကတော့ သွယ်ဝိုက်ပြီး ခံစားနေကြရတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ မရပ်တန့်နိုင်သေးသမျှ နယ်စပ် ဒုက္ခသည် စခန်းက ပြည်သူတွေ ကိုယ့်နေရပ် ကိုယ် ပြန်နိုင်ကြမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသက မြေမြှုပ်မိုင်းတွေ ရှင်းလင်းနိုင်ကြဦးမှာ မဟုတ်ပါဘူး။ အဲလို မတည်ငြိမ်တဲ့ အခြေအနေအောက်မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဘာတစ်ခုမှလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ အလားတူ ပစ်ခတ်တိုက်ခိုက်မှုတွေ မရပ်စဲနိုင်လို့ မတည်မငြိမ် ဖြစ်နေသေးတဲ့ တိုင်းပြည်ကို ဘယ်ရင်းနှီးမြှုပ်နှံမှုမှ မလာချင်တဲ့အတွက် တိုင်းပြည်စီးပွားရေး တိုက်ရိုက်ထိခိုက်နေပြီး တကယ်ခံစားရတာကတော့ ပြည်သူလူထု တစ်ရပ်လုံးပါပဲ။ အလားတူ ပြည်တွင်းစစ်ကြီးကို အကြောင်းပြုပြီး ထွန်းကားလာတဲ့ စစ်အာဏာရှင် စနစ်ကို ခါးစည်းခံရတာလည်း တစ်ပြည်လုံးက ပြည်သူတွေပါပဲ။ ဒီအတွက် တိုင်းရင်းသားတွေ ပြည်သူတွေ အနေနဲ့ တစ်တိုင်းပြည်လုံးကို အပစ်အခတ် ရပ်စဲစေချင်တာ၊ ပြည်တွင်းစစ် ပြီးဆုံးသွားစေချင်တာကတော့ ငြင်းလို့မရပါဘူး။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလို ကိစ္စမျိုးမှာ တကယ့်ကာယကံရှင် ပြည်သူတွေ ပါဝင်ခွင့်မရပဲ တိုင်းပြည် ကံကြမ္မာကို နှစ်ဖက် စစ်ခေါင်းဆောင်တွေရဲ့ လက်ထဲ ၀ ကွက်အပ်ထားရတဲ့ အခြေအနေမျိုး ရောက်နေတာ ကာလ ကြာမြင့်ပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာအတွင်း တိုင်းပြည်ရဲ့ ထိပ်ဆုံးက ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံမှုဟာ အလွန်ထူးခြား အရေးကြီးတဲ့ တွေ့ဆုံမှု၊ တိုင်းပြည်အဆိုးအကောင်း ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် တွေ့ဆုံမှု ဖြစ်မှာကတော့ အသေအခြာပါပဲ။ ဒီတွေ့ဆုံမှုကနေ တဆင့် တိုင်းရင်းသားနဲ့ ပြည်သူတွေ အကျိုးစီးပွားကို စာနာထောက်ထားပြီး တစ်ဖက်နဲ့ တစ်ဖက် အပေးအယူ အလျော့အတင်းလုပ်၊ အပစ်ရပ် စာချုပ်ကြီးကို ပျော်ပျော်ရွှင်ရွှင် လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG