သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေ ဘယ်အချိန် နေရပ်ပြန်နိုင်မလဲ


လိုင်ဇာဒေသက ကချင်စစ်ပြေးဒုက္ခသည်စခန်း တခု
လိုင်ဇာဒေသက ကချင်စစ်ပြေးဒုက္ခသည်စခန်း တခု
တိုက်ရိုက် လင့်ခ်

ခုဆိုရင် ကချင်ပြည်နယ်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့တာ ၅ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ လက်ရှိ အခြေအနေ ကချင်ပြည်နယ် ဖားကန့်နဲ့ အခြားဒေသတွေမှာ တပ်မတော်နဲ့ KIA ကချင်တပ်ဖွဲ့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေသေးသလို၊ တိုက်ပွဲ စဖြစ်ကတည်းက နေအိမ်ရပ်ရွာကို စွန့်ခွာထွက်ပြေးသွားခဲ့ကြရတဲ့ တိုင်းရင်းသား ပြည်သူတွေလည်း ဒုက္ခသည် စခန်းတွေကနေ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။ ပိုပြီးဆိုးတာက ရှေ့အနာဂတ် ဘယ်အချိန် ဘယ်ကာလ လောက်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းသွားမယ်၊ တိုင်းရင်းသား ပြည်သူတွေ ကိုယ့်နေရပ် ကိုယ်ပြန်ပြီး အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ကြမယ် ဆိုတာကိုလည်း မမျှော်မှန်းနိုင်ကြသေးပါဘူး။ ဒီအခြေအနေ ဘယ်လိုကြောင့် ဖြစ်ရတာလဲ၊ ကချင်ပြည်နယ် ငြိမ်းချမ်းသွားအောင် ဘယ်လိုဖြေရှင်းရင် ရနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီး ကချင်ပြည်နယ်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်လာရတဲ့ ပြသနာကို နားလည်နိုင်ဖို့အတွက် ရှေ့ပိုင်း အခြေအနေတွေကို ပြန်သုံးသပ်ကြည့်ဖို့ လိုလာပါတယ်။ ၁၉၆၁ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ KIO ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ဟာ တိုင်းရင်းသား တန်းတူ အခွင့်အရေးရဖို့ အစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင် တိုက်ခိုက်ရင်း စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၁၉၉၄ ခုနှစ်မှာ တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အရင် စစ်အာဏာရှင် အစိုးရဟာ ကေအိုင်အို အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတော်များများနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ခဲ့ပေမယ့် နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာတာမျိုးတော့ မလုပ်ခဲ့ပါဘူး။

ဒီလိုနဲ့ စစ်အစိုးရဟာ သူတို့ဖာသာ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဌာန်းပြီးတဲ့နောက် အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေအဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီလို ဖိအားပေးမှုခံရတဲ့အထဲ KIO,KIA အဖွဲ့လည်း ပါခဲ့ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးပြသနာ စစ်အစိုးရနဲ့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ တစ်ပြိုင်တည်း ကချင်ပြည်နယ်ထဲက တိုင်းရင်းသား ပြည်သူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းပြီးတော့လည်း အကြံဉာဏ် ရယူတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးရလာဒ် အနေနဲ့ KIA ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ကိစ္စ ညှိနှိုင်းလို့ အဆင်မပြေခဲ့ပါဘူး။ ကချင်ပြည်နယ်ထဲက အခြား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ အရင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ၁၀၁ စစ်ဒေသ တစ်ဖြစ်လဲ NDA(Kachin) တပ်ဖွဲ့ကတော့ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းခဲ့ပြီး KIA ထောက်လှမ်းရေးမှူးဟောင်း လဆန်အောင်ဝါ အဖွဲ့ကတော့ ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီလိုနည်းနဲ့ တပ်မတော်နဲ့ ကေအိုင်အေ စစ်ရေးတင်းမာမှုတွေ ဖြစ်နေခဲ့တာ သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာတဲ့အထိပါပဲ။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီး သိပ်မကြာခင် ၂၀၁၁ ဇွန်လ ထဲမှာ တပ်မတော်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ စ ဖြစ်ပါတယ်။ တပ်မတော်ဘက်က စ ပြီးတိုက်ခိုက်လို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် နောက်ပိုင်း စစ်ပွဲဟာ ကျယ်ပြန့်သွားခဲ့ပါတယ်။ တပ်မတော်ဘက်က လေကြောင်းပစ်ကူတွေ အသုံးပြုပြီး ကေအိုင်အေ ရှေ့တန်းစခန်း တောင်ကုန်း တစ်ချို့ကို တိုက်ခိုက်သိမ်းပိုက်ပါတယ်။ ကေအိုင်အေဘက်ကလည်း တပ်မတော်နဲ့ တိုက်ခိုက်သလို၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းထားတဲ့ ဦးဆခုံတိန့်ယိန်းရဲ့ NDA(Kachin) ဌာနချုပ်ပန်ဝါကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားသည် အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ပန်ဝါဌာနချုပ် ကျ မသွားရအောင် တပ်မတော်ဘက်က လေကြောင်းပစ်ကူတွေနဲ့ ပြန်လှန် တိုက်ခိုက်ခဲ့ပေမယ့် နယ်ခြားစောင့်တပ်ရဲ့ နယ်မြေ တစ်ချို့ ကေအိုင်အေ လက်အောက် ကျရောက်သွားခဲ့ရပါတယ်။

ဒီလိုနည်းနဲ့ ၂၀၁၂ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ ဦးဆောင်ပြီး တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေးရဖို့ ကြိုးစားတဲ့အခါ ကေအိုင်အို အဖွဲ့က လက်မခံတော့ပါဘူး။ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနည်းတူ တပ်မတော်ဘက်က ကေအိုင်အို ခေါင်းဆောင်တွေနဲ့တွေ့ အကြိမ်ကြိမ်ညှိတဲ့တိုင် သီးခြား အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ သဘောမတူတော့တာ ဖြစ်ပါတယ်။ ကေအိုင်အို ဘက်က အဖြေပေးတာကတော့ လက်ရှိ ပစ်ခတ် တိုက်ခိုက်မှုတွေ၊ စစ်ပွဲတွေ ဖြစ်နေတာဟာ နိုင်ငံရေးပြသနာကြောင့်ဖြစ်တယ်၊ ဒါကြောင့် နိုင်ငံရေးပြသနာကို ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းကြရအောင်၊ ဆွေးနွေးညှိနှိုင်းတာတွေ ပြေလည်မှုရရင် ပစ်ခတ်တိုက်ခိုက်မှုတွေ သူ့အလိုလို ရပ်သွားမယ် ဆိုတဲ့ မူပါပဲ။

တစ်ကျော့ပြန် တိုက်ပွဲ ၅ နှစ်တာကာလ အတွင်း ကေအိုင်အိုဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးတဲ့အပြင် ရခိုင် AA တပ်ဖွဲ့နဲ့ တအဲန်းပလောင် တပ်ဖွဲ့တွေ တပ်မတော်ကို တိုက်ခိုက်နိုင်အောင် အကူအညီတွေ ပေးပါတယ်။ အဲဒီအထဲ ကေအိုင်အို ထိန်းချုပ်နယ်မြေထဲမှာ စစ်သင်တန်းတွေပေးတာ၊ လက်နက်ကျည်ဆံ ထောက်ပံ့တာနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေတွေမှာ ပူးတွဲစစ်ဆင်ရေး လုပ်တာတွေပါ ပါဝင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ နောက်ပိုင်း သက်တမ်း ၃ နှစ်တာကာလ ကို ပြန်ကြည့်ရင် တပ်မတော်နဲ့ လက်တွဲပြီး တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ် တစ်ခု ချုပ်ဆိုနိုင်အောင် အကြီးအကျယ် ကြိုးစားတာ တွေ့နိုင်ပါတယ်။ အရင် အစိုးရ အဆက်ဆက် မလိုက်လျောခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ အားလုံးစုဖွဲ့ပြီး ညီလာခံတွေ ကျင်းပနိုင်အောင် အကူအညီပေးတာ၊ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ အစိုးရထိန်းချုပ်နယ်မြေက တိုင်းရင်းသားပြည်သူတွေနဲ့ ထိတွေ့ခွင့်ပေးတာတွေကအစ အားလုံးကို ခွင့်ပြုပေးခဲ့တာ တွေ့နိုင်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ အဲလို ကြိုးစားမှုတွေကြောင့်ပဲ နှစ်ပေါင်း ၆၀ ကျော် လက်နက်စွဲကိုင် တိုက်ခိုက်လာတဲ့ KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ပြီး သီးခြား အပစ်အခတ်ရပ်စဲရေးကိုလည်း လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင် အဖွဲ့အားလုံး သဘောတူထားကြပြီဖြစ်တဲ့ NCA တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးကိစ္စမှာတော့ တပ်မတော်ဘက်က နောက်ပိုင်းကာလမှ ပုန်ကန်တိုက်ခိုက်လာတဲ့ ကိုးကန့်၊ တအဲန်းပလောင်၊ ရခိုင်AA အဖွဲ့တွေကို လက်မှတ်ထိုးခွင့်မပြုလို့ တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့နဲ့ပဲ လက်မှတ်ရေးထိုးရတဲ့ အခြေအနေ ဆိုက်သွားခဲ့ပါတယ်။ နောက်ပိုင်း တပ်မတော်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေတာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့ ဒီကနေ့ အထိ တိုင်အောင်ပါပဲ။

တကယ်တော့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ပြည်တွင်းစစ် ပဋိပက္ခ၊ တစ်နည်း နိုင်ငံရေး ပြသနာ ပြေလည်ရေး ဆိုတာ တစ်နေ့ တစ်လ၊ တစ်နှစ်နဲ့ ဖြေရှင်းလို့ ပြီးနိုင်တာမျိုး မဟုတ်ပါဘူး။ အချိန် ဘယ်လောက်ကြာမလဲ ဆိုတာကိုလည်း ဒီကနေ့ အချိန်ထိ ဘယ်သူမှ မမှန်းဆနိုင်သေးပါဘူး။ အဲဒီပြသနာ ဖြေရှင်းလို့ပြီးမှ တစ်ဖက်နဲ့ တစ်ဖက် အလိုလို အပစ်ရပ်သွားမယ်၊ အဲဒီအချိန်ကျမှ စစ်ဘေးရှောင်စခန်းက ပြည်သူတွေ နေရပ်ပြန်နိုင်မယ်၊ ကလေးတွေ ပညာကောင်းကောင်း သင်နိုင်မယ်၊ စိုက်စားပျိုးစား စီးပွားရှာနိုင်မယ်၊ မိုင်းရှင်းလင်းရေး စ လုပ်နိုင်မယ် ဆိုတဲ့ အယူအဆ မှန် မမှန်၊ သင့်မသင့် KIO ဘက်က ပြန်စဉ်းစားသင့်ပါတယ်။ အလားတူ အစိုးရအာဏာ ရနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်ကလည်း ဒုက္ခရောက်နေတဲ့ တိုင်းရင်းသား ပြည်သူတွေ အရေးအတွက် တပ်မတော်နဲ့ ကေအိုင်အို အကြား စေ့စပ်ညှိနှိုင်းပေးပြီး ကနဦးအဆင့် အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်လာအောင် ကြိုးစားပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG