သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီလဝါ အထူးစီးပွားရေးဇုန်


မြန်မာ- ဂျပန် သီလဝါ စီးပွါးရေးဇုံ အကျိုးတူပူးပေါင်းတည်ဆောက်ရေးသဘောတူညီချက် စာချုပ်မူကြမ်း လက်မှတ်ရေးထိုးပွဲ၊ ရန်ကုန်၊ မြန်မာ။
မြန်မာ- ဂျပန် သီလဝါ စီးပွါးရေးဇုံ အကျိုးတူပူးပေါင်းတည်ဆောက်ရေးသဘောတူညီချက် စာချုပ်မူကြမ်း လက်မှတ်ရေးထိုးပွဲ၊ ရန်ကုန်၊ မြန်မာ။
သီလဝါ အထူးစီးပွားရေးဇုန်
please wait

No media source currently available

0:00 0:05:20 0:00
တိုက်ရိုက် လင့်ခ်


သမ္မတဦးထင်ကျော် မေလအစောပိုင်းက အမိန့်ထုတ်ထားတဲ့အတိုင်း မြေသိမ်းမှုပြဿနာကို ဥပဒေနဲ့အညီ ဖြေရှင်းပြီးတဲ့အထိ သီလဝါအထူးစီးပွားရေးဇုန်က မြေယာသိမ်းဆည်းမှုကို ရပ်ဆိုင်းထားဖို့ ဒေသခံတွေက လွန်ခဲ့တဲ့ ဇူလိုင်လက ပန်ကြားထားပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန် ဒုတိယအဆင့်အပိုင်း (ခ) ကို မြန်မာ နဲ့ ဂျပန် ကိုယ်စားလှယ်တွေ အောက်တိုဘာလ (၂၁) နေ့က နေပြည်တော်မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးကြပါတယ်။ သီလဝါ ပထမအဆင့်အပိုင်း (က) ကို (၂၀၀၃) မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပြီး (၂) နှစ်ကြာတဲ့အခါ (၂၀၁၅) စက်တင်ဘာလမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

သီလဝါအပိုင်း (က) ကို ဖွင့်လှစ်နိုင်တာဟာ ဦးသိန်းစိန်အစိုးရရဲ့ အိပ်မက် အကောင်အထည် ပေါ်လာတာ ဖြစ်တယ်လို့ ဒုသမ္မတက တင်စားပြောဆိုသွားပါတယ်။ မြေဧက (၁၀၀၀) နီးပါးရှိတဲ့ ဇုန်အပိုင်း (က) မှာ စက်ရုံအလုပ်ရုံ (၂၀) လောက်ရှိပြီး စတင်လည်ပတ်နေကြပြီ ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၁၇) နိုင်ငံက ကုမ္ပဏီ (၇၀) ကျော် ရင်းနှီးကြတဲ့အထဲမှာ အများစုက ဂျပန် ဖြစ်ပါတယ်။ တရုတ်၊ ကိုရီးယား၊ အမေရိကန်၊ ဆွီဒင်၊ Australia, အာဆီယံ နဲ့ မြန်မာကုမ္ပဏီတွေ ပါဝင်ပါတယ်။ သီလဝါအပိုင်း (က) ကို ရှေ့နှစ်မှာပြီးစီးမယ်လို့ မျှော်လင့်ရပြီး ဧက (၂၀၀၀) နီးပါးရှိတဲ့ အပိုင်း (ခ) ကိုလည်း အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။

ဒါပေမဲ့ ဒေသခံတွေနဲ့ အစိုးရအကြားမှာ မြေယာပြဿနာတွေ မဖြေရှင်းနိုင်သေးရင် အပိုင်း (ခ) ကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးလို့ ဂျပန်ဘက်က မြင်ပါတယ်။ ဒါကြောင့် မြေပြဿနာ မရှိတဲ့ နေရာတွေမှာ ဇုန်အပိုင်း (ခ) ကို စတင် အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။ အခုအထိ ဒေါ်လာသန်း (၇၀၀) ကျော်ဖိုး ရင်းနှီးထားပြီး နှစ်စဉ်ဒေါ်လာသန်း (၂၀၀) ကျော်ဖိုး တင်ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ဇုန်အပိုင်း (က) မှာ အလုပ်နေရာ တသောင်းခွဲ ပေါ်လာမှာဖြစ်ပြီး ဇုန်အပိုင်း (ခ) မှာ သုံးသောင်းလောက်အထိ ရှိလာနိုင်တယ်လို့ မျှော်လင့်နေပါတယ်။ အစိုးရယန္တရားရဲ့ ကြိုးနီစနစ်ကို ကျော်လွှာနိုင်ဖို့အတွက် သီလဝါဇုန်ထဲမှာ တနေရာတည်းအပြီးအစီး ဆောင်ရွက်နိုင်တဲ့ One-stop Service Center ရုံးခန်းဖွင့်ထားပါတယ်။ သီလဝါဇုန်ထဲမှာတင် လိုအပ်တာတွေကို ပြီးစီးနိုင်မှာ ဖြစ်ပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်အတွက် နစ်နာဆုံးရှုံးတာကို နေရာရွှေ့ပြောင်းပေးရသူတွေ မကျေနပ်လို့ တိုကျိုးကို သွားရောက်တိုင်ကြားတာ နှစ်ကြိမ်ရှိနေပါပြီ။ လွန်ခဲ့တဲ့ (၃) နှစ်က နစ်နာဆုံးရှုံးခဲ့တာကို မဖြေရှင်းသေးဘဲ စီမံကိန်း ဆက်လက်အကောင်အထည်မဖော်ဖို့ ဒေသခံကျေးရွာ (၆) ရွာက ကိုယ်စားလှယ်တွေ လွန်ခဲ့တဲ့ စက်တင်ဘာလက တိုကျိုကိုသွားရောက်ပြီး အပြည်ပြည်ဆိုင်ရာ ဂျပန်စီးပွားရေး အေဂျင်စီ JICA နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ အခုလို တိုကျိုအထိသွားပြီး ကန့်ကွက်နိုင်အောင် Earth Rights International အဖွဲ့က စီစဉ်ပေးပါတယ်။ ၂၀၁၄ ဇွန်လကလည်း ဂျပန်အင်ဂျီအို Mekhong Watch က စီစဉ်ပေးတဲ့အတွက် ဒေသခံရွာသား (၃) ဦး တိုကျိုကိုသွားပြီး သီလဝါစီမံကိန်းရဲ့ ချို့ယွင်းချက်တွေကို ကိုယ်တိုင်ကိုယ်ကျ တင်ပြကြပါတယ်။ အကြောင်းမထူးလို့ ဒုတိယအကြိမ် သွားရတာ ဖြစ်ပါတယ်။

သီလဝါစီမံကိန်းအတွက် နေရာရွှေ့ပြောင်းပေးလို့ နစ်နာဆုံးရှုံးတာကို ရန်ကုန် JICA ရုံးကို တင်ပြပေမယ့် ဂရုမစိုက်တဲ့အတွက် အခုလို တိုကျိုအထိ သွားရောက်ရတာ ဖြစ်ပါတယ်။ JICA လက်ခံထားတဲ့ သီလဝါဒေသ ပတ်ဝန်းကျင်အကျိုး သက်ရောက်မှုစစ်တမ်းကို ရွှေ့ပြောင်းခံရသူတွေ လက်မခံနိုင်ပါဘူး။ JICA က အစိုးရပြောတာကိုသာ လက်ခံပြီး မြေယာပိုင်ဆိုင်မှုကို စစ်ဆေးတာမျိုး မလုပ်ပါဘူး။ ဆောက်ပေးထားတဲ့ အိမ်တွေဟာ လမ်းထက်နိမ့်နေတာမို့ မိုးရွာတဲ့အခါ အိမ်၊ အိမ်သာနဲ့ ရေတွင်းပါ ရေလျှံကုန်တာကြောင့် ရေညစ်ညမ်းမှုနဲ့ ကြုံရပါတယ်။ ကျန်းမာရေးဌာနက တင်ဆက်ထားတဲ့ စက်တွင်း (၇) တွင်းကို စစ်ဆေးတဲ့အခါမှာ အားလုံး Bacteria ပိုးတွေ ပါနေတာ တွေ့ရလို့ သောက်သုံးဖို့ မသင့်တော်ကြောင်း သိရပါတယ်။ ရွှေ့ပြောင်းရေးအစီအစဉ်ကို ပြီးစလွယ်လုပ်ထားတာ ထင်ရှားနေပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်အတွက် နေရာရွေ့ပြောင်းပေးရသူတွေကို လူ့အခွင့်အရေးဆရာဝန်အဖွဲ့ Physicians for Human Rights (PHR) က စုံစမ်းလေ့လာတဲ့အခါမှာ ဒေသခံတွေရဲ့ အခြေအနေ ဆုတ်ယုတ်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ပထမအသုတ် ရွှေ့ပြောင်းတဲ့ အိမ်ထောင်စု (၇၀) လောက်ကိုတောင် အဆင့်မမီအောင် မထားနိုင်တဲ့အတွက် နောက်ထပ်ရွှေ့ပြောင်းမယ့်သူတွေ စိတ်ပျက်နေပါတယ်။ သီးနံှ ကျွဲနွားနဲ့ နေအိမ်အတွက် လျော်ကြေးပေးပေမယ့် နေရာသစ်မှာ ဘဝသစ်တည်ထောင်ဖို့အတွက် မလုံမလောက် ဖြစ်နေပါတယ်။ အခုလို ပြီးကပစ်လုပ်တာမျိုး နောက်ထပ်မဖြစ်ဖို့ ဒေသခံတွေက လိုလားပါတယ်။

အရင်းရှင်စီးပွားရေး ရှင်သန်ရေးဟာ ဒေသခံပြည်သူလူထုဘဝထက် ပိုပြီးအရေးကြီးနေကြောင်း သီလဝါစီမံကိန်းက ပြသနေပါတယ်။ နေရာရွှေ့ပြောင်းဖို့ကိုသာ အဓိကထားပြီး ဖြစ်ပေါ်လာတဲ့ဆိုးကျိုးကိုဖြေရှင်းဖို့ တာဝန်မယူတာ (၃) နှစ် ရှိနေပါပြီ။ ရှိနေတဲ့ပြဿနာတွေကို ဖြေရှင်းပြီးမှ ဇုန်အပိုင်း (ခ) ကို အကောင်အထည်ဖော်ရာသင့်တယ်လို့ လယ်သမားဘက်က တင်ပြပါတယ်။ သီလဝါက အရင်းအနှီးတဝက်လောက်သာ ဂျပန်ကလာတာမို့ ဒေသခံနစ်နာမှုမှာ ဂျပန်က အဓိကထား ပန်ကြားနေကြတာ ဖြစ်ပါတယ်။ ထားဝယ်နဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိုလည်း စတင်အကောင်အထည် ဖော်နေပြီဖြစ်လို့ ပြည်သူနစ်နာ ဆုံးရှုံးမှုမရှိအောင်လုပ်ရာမှာ သီလဝါဟာ စံနမူနာ ဖြစ်သင့်တယ်လို့ ယူဆနေကြပါတယ်။

XS
SM
MD
LG