သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကူးကာလ နယူးယောက်လုံခြုံရေး


နှစ်သစ်ကူးကာလ နယူးယောက်လုံခြုံရေး
နှစ်သစ်ကူးကာလ နယူးယောက်လုံခြုံရေး

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က နာမည်ကျော် နှစ်သစ်ကူးကြိုဆိုပွဲကျင်းပရာ နေရာတဝိုက်မှာ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေမှာလို ထရပ်ကားတွေနဲ့ တိုက်ခိုက်သူတွေရဲ့ အန္တရာယ်ကို တားဆီးဖို့အတွက် သန့်ရှင်းရေးကားတွေနဲ့ ပတ်ပတ်လည်မှာ ကာရံထားမှာ ဖြစ်ပါတယ်။

နှစ်သစ်ကူးပွဲတော်ကျင်းပနေကြ Time Square မှာ ၁ သန်းလောက်ရှိတဲ့ လူအုပ်ထဲကို ထရပ်ကားနဲ့ ဝင်တိုက်မယ့် အကြမ်းဖက်သမားတွေ အန္တရာယ်ကို တားဆီးဖို့ ရည်ရွယ်ပြီး၊ အမှိုက်သိမ်းကားတွေနဲ့ သဲတင်တဲ့ထရပ်ကား စုစုပေါင်း ၆၅ စင်းနဲ့ ကာရံထားမှာဖြစ်ပါတယ်။

ဒါ့အပြင် လမ်းတွေကို ပိတ်ဆို့ထားဖို့အတွက် ရဲကားအစင်း ၁၀၀ ကိုလည်း အသုံးပြုသွားမှာဖြစ်တယ်လို့ နယူးယောက်ရဲဌာနက ရဲချုပ် Carlos Gomez က ကြာသပတေးနေ့မှာ ပြောဆိုခဲ့တာပါ။

ကမ္ဘာတဝှမ်းက အခြေအနေအပေါ်မူတည်ပြီး - လုံခြုံရေးအစီအမံတွေကို ချမှတ်ဆောင်ရွက်ရလေ့ ရှိ တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ လတ်တလော သိရသလောက် နှစ်သစ်ကူးပွဲအပေါ် ခိုင်လုံတဲ့ ခြိမ်းခြောက်မှုမျိုးတော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ထရပ်ကားနဲ့ တိုက်ခိုက်မှုမှာတော့ လူ ၁၂ ယောက် သေဆုံးခဲ့ရသလို၊ ပြင်သစ်နိုင်ငံ နိစ်မြို့မှာလည်း ဇူလိုင်လ ၁၄ ရက်နေ့က ထရပ်ကားနဲ့ တိုက်ခိုက်မှုအတွင်း လူ ၈၆ ယောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ဗုံးရှာတဲ့ အနံ့ခံခွေးတွေနဲ့ လက်နက်အပြည့်တပ်ဆင်ထားတဲ့ အကြမ်းဖက်တန်ပြန်နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေ စုစုပေါင်း အင်အား ၇၀၀၀ လောက်ကိုလည်း ဖြန့်ချထားမှာဖြစ်တယ်လို့ နယူးယောက်ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG