သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီအောက်ခြေပြဿနာ ညီညီညွတ်ညွတ်ဖြေရှင်းမည်


ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးချိန်မှာ ပြဿနာမျိုးစုံကို ကြုံတွေ့ရမှာဖြစ်သလို ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ဖြေရှင်းဖို့ အရေးကြီးကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပါတီနာယက ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။

ပါတီတွင်း စည်းမျဉ်းစည်းကမ်းပိုင်းကိစ္စနဲ့ လွှတ်တော်တွင်း အဆိုတင်သွင်းတဲ့ နည်းနာတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း NLD လွှတ်တော်အမတ်တွေကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က မနေ့က ရန်ကုန်မြို့ ပါတီဌာနချုပ်မှာ ခေါ်ယူတွေ့ဆုံပွဲအတွင်း ဦးတင်ဦးက အဲဒီလို ပြောဆိုလိုက်တာပါ။

အာဏာရ NLD ပါတီအနေနဲ့ အားနည်းချက်တွေရှိနေပေမဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ သူ့ကိုယှဉ်ပြိုင်နိုင်မယ့် နိုင်ငံရေးပါတီမရှိတဲ့အတွက် NLD ပဲ အပြတ်အသတ် အနိုင်ရမှာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

NLD အမတ်တချို့ရဲ့ လူမှုရေးကိစ္စ အရှုတ်အရှင်းပြဿနာ၊ အမတ်အချင်းချင်းကြား လိမ်လည်မှုပြဿနာ စတာတွေကို သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြတဲ့အတွက် အာဏာရပါတီအပေါ် ဝေဖန်ထောက်ပြမှု အများအပြား ထွက်လာချိန်မှာ ပါတီဝင် မည်သူမဆို စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရင် အရေးယူသွားမှာဖြစ်သလို ပါတီအနေနဲ့လည်း ပြဿနာမျိုးစုံကို ရင်ဆိုင်ဖြေရှင်းရာမှာ အချင်းချင်းညီညွတ်ကြဖို့ အရေးကြီးကြောင်း ပါတီနာယက ဦးတင်ဦးက တွေ့ဆုံပွဲမှာ အခုလို ပြောသွားပါတယ်။

“နည်းနည်းလေး အစထောင် ထိုးပြီးတော့ ရေးတာလေးတွေ၊ ပြောတာလေးတွေ၊ တောက်တာလေးတွေ၊ တွတ်တာလေးတွေ၊ နည်းနည်းလေး စနက်တံရှို့တာလေးတွေ ကျနော်တို့ ကြားနေရတာဖြစ်ပါတယ်။ ဘာမှ ကိစ္စရှိစရာ မလိုပါဘူး။ အောက်ခြေမှာကိုယ်တိုင်က ဒီလိုဟာတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ လုပ်ကိုင်သွားကြဖို့ လိုအပ်ပါတယ်။ မှန်ပါတယ်။ ကျနော်တို့ အခုနေအချိန်အခါမှာကတော့ ဒီမိုကရေစီကျင့်စဉ်ကို အခုမှစပြီး လုပ်ရတာဖြစ်တဲ့အတွက် အမျိုးမျိုး အဖုံဖုံတော့ ပြဿနာတွေ စုံရမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ လိုအပ်နေတဲ့ အချိန်အခါမျိုးမှာလည်းပဲ ကျနော်တို့တွေဟာ ကျနော်တို့ လုပ်စရာရှိတာနဲ့ ပတ်သက်တာ အားလုံးကို စည်းလုံးညီညွတ်မှုနဲ့ လုပ်ကိုင်သွားဖို့ပဲ ကျနော် လေးလေးနက်နက် ပြောချင်တာဖြစ်ပါတယ်။”

ဒီအတောအတွင်းမှာပဲ ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်က သူတဦးတည်း ဆုံးဖြတ်ချက်နဲ့ ပါတီ အမာခံတချို့ကို ထုတ်ပယ်ခဲ့တဲ့ လုပ်ရပ်အပေါ်မှာ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့အတွက် ပါတီတွင်း ကြားနားစစ်ဆေးမှုတွေ ပြုလုပ်နေချိန်လည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အာဏာရပါတီကြီးအနေနဲ့ ပါတီတွင်း ဦးဆောင်မှုအပိုင်း အားနည်းချက်တွေရှိနေတယ်လို့ ထောက်ပြနေသူတွေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာ့အရေးသုံးသပ်နေသူ သတင်းစာဆရာ ဦးစည်သူအောင်မြင့် ရဲ့ အမြင်ကတော့

“ဒီထုတ်ပယ်မှုက ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ခဲ့မယ်ဆိုရင်တော့ ဘာမှ အထွေအထူး ပြောစရာမရှိပါဘူး။ အဲဒါနဲ့ ကိုက်ညီ မညီ စိစစ်လိုက်တယ်ဆိုရင် ပြီးသွားတာပဲ။ ဒါပေမဲ့ အခုကျတော့ အဲဒီပုံစံမျိုး မတွေ့ရတဲ့အခါကျတော့ အပြင်တရားရုံးမှာ ဖြစ်သလိုပဲ တရားလိုနဲ့ တရားပြိုင်နဲ့ စစ်တဲ့ပုံစံလေးတွေ တွေ့နေရတယ်။ ဒါက ဘာကိုပြသလဲဆိုရင် NLD ပါတီထဲမှာ ပါတီစည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ကိုင်ဆောင်ရွက်မှုတွေ အားနည်းနေတာကို ပြတာပေါ့။ ဒီဟာကိုတော့ ပြုပြင်ရမယ်လို့ ကျနော် ထင်ပါတယ်။”

မနေ့က NLD လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ၂၀၁၇ ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိရေး ပါတီဥက္ကဌလည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း ဦးတင်ဦးက ပြောပါတယ်။

“ကျနော်တို့ခေါင်းဆောင်ဟာ ပြောခဲစေ၊ ဆိုခဲစေ၊ ဒါပေမဲ့ ပြောရင်ဆိုရင် တကယ်ဖြစ်အောင်လုပ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အခု ပြောပြန်ပြီ။ အကုန်လုံးရအောင် လုပ်ရမယ်လို့ ပြောထားတာပဲ။ ဒီတော့ အကုန်ရအောင် လုပ်ဖို့အတွက် ကြိုးစားဖို့ လိုလာတယ်။ အကုန်လုံးရအောင် လုပ်မယ်လို့ ဆိုခဲ့လို့ရှိရင်လည်းပဲ ကျနော်တို့ဟာ စည်းလုံးညီညွတ်မှုကို ပြနိုင်မှ ပြည်သူလူထုဟာ ယုံကြည်မှာ ဖြစ်ပါတယ်။”

လက်ရှိ မြန်မာ့နိုင်ငံရေး နယ်ပယ်မှာလည်း NLD ပါတီကို ယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံရေးပါတီ မပေါ်ပေါက်သေးတာကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပဲ အပြတ်အသတ် အနိုင်ရမှာဖြစ်တယ်လို့ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

“NLD အနေနဲ့က အောက်ခြေ ပြည်သူလူထုတွေကြားထဲမှာကတော့ အားမလိုအားမရဖြစ်တာတွေ၊ မဲပေးခဲ့မိတာ၊ ငါတို့များ မှားသလား ဘာညာ ပြောဆိုတာတွေ ရှိပေမဲ့ လောလောဆယ်မှာတော့ အပြိုင် အခြားပါတီတခုကတော့ အဲ့လိုမျိုး မတွေ့သေးတဲ့အခါကျတော့ NLD နေရာကို အစားဝင်ပြီးတော့မှ အနိုင်ရသွားမယ်ဆိုတဲ့ ပါတီမျိုးကတော့ လောလောဆယ် မတွေ့သေးပါဘူး။”

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်မှာ ၉ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၃ နေရာ၊ ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေမှာ ၆ နေရာ စုစုပေါင်း ၁၈ နေရာနဲ့ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမဲဆန္ဒနယ်မှာ လွှတ်တော်ကိုယ်စားလှယ်တဦး သေဆုံးခဲ့တဲ့အတွက် သူ့နေရာအတွက်ပါ အစားထိုးရွေးချယ်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG