သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝှမ်း သစ်ခုတ်ခွင့် ပိတ်ပင်မှု EIA ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ကြိုဆို


တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း ခိုးသွင်းလာသည့် မြန်မာပြည်က သစ်လုံးများ။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း ခိုးသွင်းလာသည့် မြန်မာပြည်က သစ်လုံးများ။

မြန်မာနိုင်ငံတဝှမ်း သစ်ခုတ်ခွင့် တနှစ်တာ ပိတ်ပင်လိုက်ပြီး ပဲခူးရိုးမ အတွင်းမှာလည်း သစ်ခုတ်ခွင့် ၁၀ နှစ်တာ တားမြစ် လိုက်ကြောင်း မြန်မာအစိုးရသစ်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ သစ်ခုတ်ခွင့် ပိတ်ပင် တားမြစ်မှုဟာ ၂၀၁၇ ခုနှစ်၊ မတ်လအထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ပြည်ပကို သစ်တင်ပို့မှုတွေကိုတော့ ယခင် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်၊ ဧပြီလကတည်းက တားမြစ်ထားခဲ့ပြီး ဖြစ်ပါတယ်။

အခုလို သစ်ခုတ်ခွင့်ပိတ်ပင် တားမြစ်လိုက်တာဟာ နှစ်ပေါင်းများစွာ စည်းမဲ့ ကမ်းမဲ သစ်တွေကို ခုတ်ယူခဲ့တဲ့အတွက် သစ်တောတွေ ပြုန်းတီးမှုတွေ ရပ်တန့် သွားမှာဖြစ်တဲ့အပြင် သစ်ပင်တွေလည်း ရှင်သန်ခွင့်ရမယ်လို့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် EIA သဘာဝပတ်ဝန်းကျင် စုံစမ်း စစ်ဆေးရေး အဖွဲ့က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

အစိုးရက အခုထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကို ကြည့်ခြင်းအားဖြင့် အခုနှစ် မတ်လမှာ တိုင်းပြည်အာဏာကို လွဲပြောင်း ရယူခဲ့တဲ့ NLD အစိုးရသစ်အနေနဲ့ သစ်တောဌာနအတွင်း ဖြစ်နေတဲ့ လာဘ်စားမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုတာကို ပြသလိုက်ခြင်း ဖြစ်တယ်လို့ EIA အဖွဲ့ရဲ့ သစ်တောဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုအသင်း ခေါင်းဆောင် Faith Doherty က ပြောပါတယ်။

မြန်မာ့သစ်လုပ်ငန်းနဲ့ သစ်ကုန်သွယ်မှုကဏ္ဍတွေမှာ စီမံခန့်ခွဲမှု အမှားတွေ၊ လာဘ်စားမှုတွေနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရတဲ့ အကျိုးဆက်အဖြစ်နဲ့ သစ်တောပြုန်းတီးမှု အဆိုးဝါးဆုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ကြားမှာတင် ၅၄၆,၀၀၀ ဟက်တာ သစ်တောပြုန်းတီးမှုနဲ့ ရင်ဆိုင် ခဲ့ရပြီးတဲ့နောက်မှာ အခုလို သစ်ခုတ်ခွင့် တားမြစ်ချက် ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။

EIA က အကြီးတန်း အရာရှိတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံ၊ နေပြည်တော်ကို သွားရောက်ပြီး သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မီတီက လွှတ်တော်အမတ်တွေ၊ သစ်တောဌာနက အရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ တရုတ်နယ်စပ်တလျှောက် သစ်ခိုးထုတ်မှု နောက်ဆုံး အခြေအနေများကို တင်ပြထားတဲ့ Organized Chaos ဆိုတဲ့ အစီရင်ခံစာကို EIA အနေနဲ့ မနှစ် စက်တင်ဘာလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိတဲ့ သစ်တွေကို တရုတ်နိုင်ငံဘက်ကို တရားမဝင် တင်ပို့ ရောင်းချမှုတွေ ရှိခဲ့ကြောင်း ဖော်ပြထားတဲ့ အဲဒီ အစီရင်ခံစာနဲ့ ပတ်သက်လို့လည်း နေပြည်တော် ခရီးစဉ်အတွင်း အသိပေး တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG