သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ NLD ၁၈ နေရာ ပြိုင်မည်


NLD ဗဟိုကော်မတီအစည်းအဝေးကျင်းပနေစဉ် (နိုဝင်ဘာလ ၁၂ ရက် ၂၀၁၆)
NLD ဗဟိုကော်မတီအစည်းအဝေးကျင်းပနေစဉ် (နိုဝင်ဘာလ ၁၂ ရက် ၂၀၁၆)

လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကနေ မဲဆန္ဒနယ် ၁၈ နေရာမှာ ပါဝင်ယှဉ်ပြိုင် မှာ ဖြစ်ပြီးဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း စာရင်းကို အဖွဲ့ချုပ်က စနေနေ့မှာ ကြေညာလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်တွေအတွက် လှိုင်သာယာမြို့နယ်မှာ ဦးဝင်းမင်း၊ ကော့မှုးမြို့နယ်မှာ ဦးကျော်ဆွေဝင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) အတွက် ဦးနေကျော်နဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) အတွက် ဦးမြစိန်တို့ ပါဝင်အရွေးခံ မှာ ဖြစ်ပါ တယ်။ ပဲခူးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် အတွက် ဒေါ်စန်း စန်းမြင့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် အတွက် ဦးညွန့်အောင် တို့ကို ရွေးခဲ့တာပါ။ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် အပြင်၊ ရှမ်းပြည်နယ်ထဲက မြို့နယ် ၈ ခုတို့မှာ ပါဝင်အရွေးခံဖို့လည်း ရှိပါတယ်။

ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၉ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၃ နေရာနဲ့ ပြည်နယ်လွှတ်တော်နေရာ ၆ နေရာ စုစုပေါင်း ၁၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲကော် မရှင်က အောက်တိုဘာလ ၁၁ ရက် နေ့စွဲနဲ့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ကွယ်လွန်သွားတာကြောင့် အဲဒီနေရာအတွက်ပါ တပါတည်း ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၂၄ ရက်နေ့ ဆွေးနွေးပွဲအပြီး ကြေညာလိုက်တဲ့အတွက် စုစုပေါင်း အမတ်နေရာ (၁၉) နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲအပြတ်အသတ် အနိုင်ရပြီး လွှတ်တော်အသီးသီးမှာ နေရာအများစုကို ရခဲ့ပါ တယ်။ ပြည်ထောင်စု လွှတ်တော် နဲ့ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်နေရာ စုစုပေါင်း ၁၁၅၀ နေရာမှာ NLD ပါတီက နေရာပေါင်း ၈၈၆ နေရာနဲ့ ၇၇ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ တာဖြစ်ပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ အမည်စာရင်း တင်သွင်းခြင်းနဲ့ အချိန်ဇယားကိစ္စတွေကို အမြန်ဆုံး ထုတ်ပြန်သွား မှာ ဖြစ်ကြောင်းနဲ့ မဲစာရင်းတွေကိုလည်း တအိမ်တက်ဆင်း စံနစ်တ ကျ ကောက်ယူ သွားဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG