သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD တရားစွဲမှု တရားရုံးချုပ် လက်ခံ


NLD တရားစွဲမှု တရားရုံးချုပ် လက်ခံ
NLD တရားစွဲမှု တရားရုံးချုပ် လက်ခံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို တရားမဝင် အသင်းအဖြစ် ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး စစ်အစိုးရကို NLD ဘက်က တရားစွဲဆိုတာကို ဗဟိုတရားရုံးချုပ် ရန်ကုန်က ဒီကနေ့ လက်ခံလိုက်ပါပြီ။ ကြားနာမှုတွေအတွက် ချိန်းဆိုမယ့်ရက်ကို စောင့်ပြီး ဥပဒေကြောင်းအရ ဆက်ပြီး လုပ်ဆောင်သွားဖို့ NLD ပါတီဘက်က ရှေ့နေတွေ ပြင်ဆင်နေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီနှစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တဲ့ကိစ္စမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက အနိုင်ရထားခဲ့တဲ့ NLD ပါတီက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် နိုင်ငံရေးပါတီ အဖြစ်က ဖျက်သိမ်းတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။ နိုင်ငံရေးပါတီဟောင်း တခုဟာ အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်ရင် ဖျက်သိမ်းစရာ မလိုဘဲ အလိုလို ပျက်ပြယ်တယ်ဆိုတဲ့ ဥပဒေ ရှိလျက်နဲ့ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့တဲ့အတွက် ဒီလိုလုပ်တာဟာ ဥပဒေအရ မညီညွတ်ဘူးဆိုပြီး NLD ဘက်က စစ်အစိုးရကို တရားစွဲဆိုခဲ့တာပါ။

ဒီစွဲဆိုချက်ကို တရားရုံးက ဒီကနေ့ပဲ လက်ခံလိုက်တဲ့အကြောင်း NLD ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့က တရားစွဲတဲ့ အဆိုလွှာ တင်လိုက်တာ။ တရားရုံးက အမှုကို လက်ခံပြီးတော့ မှတ်ပုံတင်မယ်တဲ့။ မှတ်ပုံတင်ပြီးရင်၊ Register လုပ်ပြီးရင် ဆက်သွားမယ်တဲ့။ ကြားနာတာတွေ ဘာတွေက နောက်မှလာမှာပေါ့။ တရားစွဲဆိုခွင့် ရလိုက်တယ်ဆိုရင် ဒါ တရားစွဲပြီးနေပြီလေ။”

NLD ဘက်က တရားစွဲဆိုလိုက်တဲ့ အမှုကို ရှေ့နေချုပ်ရုံးရဲ့ ပုဂ္ဂိုလ်က တရားရုံးမှာ ရင်ဆိုင်ရမယ့်သဘော ဥပဒေမှာ ရှိတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ အခုအမှုကို ဆက်ပြီး သွားနိုင်အောင် ကြားနာခွင့်ရဖို့ စောင့်ဆိုင်းနေတယ်လို့ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့ တခြားတဘက်က လာရင်တော့ ရှေ့နေချုပ်ရုံးက လာမှာပေါ့။ တရားရုံးချုပ် အမှုတွေဆိုရင် ဘယ်နေ့ ဘယ်နေ့ ကြားနာမယ်ဆိုတာ Notice Board ကို ကြည့်ရတယ်။ အခု အဲဒါကို စောင့်ကြည့်ရမှာပေါ့။”

NLD ပါတီကို ဖျက်သိမ်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တရားစွဲဆိုခဲ့တာ ရှိပေမဲ့ တရားရုံးက လက်မခံခဲ့ပါဘူး။ ဒီကိစ္စကိုပဲ ဒီကနေ့မှာ ပြန်ပြီး တရားရုံးက လက်ခံရတာက ဘယ်လို ကွာခြားချက်တွေ ရှိလို့လဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“ဒီနှစ်ခုကြားမှာ ကွာခြားချက်က ဥပဒေ အချက်အလက် ကျနော်တို့ ဖော်ပြတဲ့ နေရာတွေမှာ ကွာပါတယ်။ သဘောတော့ အတူတူပဲလေ။ အရင်ဟာက သူတို့ ပြန်ပေးထားတော့ ကျနော်တို့က အခု အသစ်ထပ်တင်တာ။”

အရင်တုန်းက ပယ်တာ ဘာကြောင့် ပယ်တာလဲခင်ဗျ။

“အဲဒါ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူးဆိုတဲ့ စကားလုံးတလုံးပဲ ပါပါတယ်။ ဘယ်လုပ်ထုံးလုပ်နည်းလဲဆိုတာ ကျနော်တို့လည်း မသိပါဘူး။”

အခု လက်ခံလိုက်ပြီဆိုတော့ NLD ပါတီက တရားစွဲဆိုခွင့် ရလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်လားခင်ဗျ။

“ဟုတ်ပါတယ်၊ အဲဒီအဓိပ္ပာယ်ပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၀ ခုကို တရားဝင် ရပ်တည်ခွင့် မရှိတော့ဘူးဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တုန်းက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ NLD ပါတီက လွဲပြီး တခြားပါတီတွေကနေ စစ်အစိုးရကို အခုလို တရားစွဲဆိုတာတော့ မတွေ့ရပါဘူး။

XS
SM
MD
LG