သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို တရုတ်ထိန်းနိုင်မလား


ဘေဂျင်းမြို့ရှိ မြောက်ကိုရီးယား သံရုံး
ဘေဂျင်းမြို့ရှိ မြောက်ကိုရီးယား သံရုံး

မြောက်ကိုရီးယားအစိုးရ တွေ့ဆုံဆွေးနွေးရေးစားပွဲဆီရောက်လာအောင် ပိတ်ဆို့အရေးယူဒဏ်ခတ်မှုကိုသုံးဖို့လိုသလို သံတမန်ရေးအရလည်း ကြိုးစားဖို့လိုတယ်ဆိုတာကို အမေရိကန်သမ္မတ Donald Trump က April လ ၂၆ ရက်နေ့တုန်းက အထက်လွှတ်တော်အမတ်တွေကို အလေးထားပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယား Nuclear အရေး နိုင်ငံစုံပါဝင်တဲ့ဆွေးနွေးပွဲတွေ ပြန်စနိုင်မယ့် အလားအလာ မရှိသလောက်ဖြစ်နေချိန်မှာ တရုတ်ရဲ့အခန်းကဏ္ဍက အရေးပါတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က မြောက်ကိုရီးယားအပေါ် ဘယ်လောက်အတိုင်းအတာအထိဖိအားပေးနိုင်မှာပါလဲ။ ဘေဂျင်းမြို့တော်က VOA သတင်းထောက် Bill Ide သတင်းသုံးသပ်ထားတာကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

မြောက်ကိုရီးယားအစိုးရ Nuclear အစီအစဉ် စွန့်လွှတ်ဖို့အတွက် အဓိက ဖိအားပေးနိုင်သူဟာ တရုတ်အစိုးရဖြစ်တယ်လို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သဘောတူခဲ့ကြပါတယ်။ တရုတ်အစိုးရအနေနဲ့ မြောက်ကိုရီးယားအပေါ် သူတို့တတ်နိုင်သလောက် ဖိအားတွေပေးထားပြီးဖြစ်တယ်လို့ လေ့လာသူတချို့က ပြောကြပါတယ်။ မြောက်ကိုရီးယားအတွက်အဓိကပို့ကုန်ဖြစ်တဲ့ ကျောက်မီးသွေး တရုတ်နိုင်ငံထဲတင်သွင်းမှုကို တရုတ်ကဒီနှစ်ဆန်းပိုင်းမှာ ဖြတ်တောက်ခဲ့သလို မြောက်ကိုရီးယားနိုင်ငံထဲ နိုင်ငံခြားငွေကြေးစီးဆင်းမှုကိုလည်း တင်းကြပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားဘဏ်တွေနဲ့ ဆက်သွယ်လုပ်ကိုင်မှုကို တရုတ်ဘဏ်လုပ်ငန်းတွေအားလုံးရပ်လိုက်ပြီလို့ တရုတ်နိုင်ငံ Liaoning Academy of Social Sciences က မြောက်ကိုရီးယားရေးရာ ကျွမ်းကျင်သူ Lu Chao ကပြောပါတယ်။

"မြောက်ကိုရီးယားအပေါ် တရုတ်ကအပြင်းထန်ဆုံး ဒဏ်ခတ်မှုတွေလုပ်ခဲ့ပြီးပါတယ်။ သက်ရောက်မှုတွေ ချက်ချင်းမရှိသေးပေမဲ့ ရှိလာပါလိမ့်မယ်"လို့ Lu ကပြောသွားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားမှာ ဓါတ်ဆီဈေးတွေ သိသိသာသာတက်သွားခဲ့ပြီး တရုတ်အစိုးရကြောင့်လို့ တချို့ကထင်ပါတယ်။ မြောက်ကိုရီးယားကို တရုတ်ကလောင်စာတင်ပို့မှု မကြာခင်ရပ်လိုက်နိုင်တာကြောင့် မြောက်ကိုးရီးယားအစိုးရက ဓါတ်ဆီတွေလှောင်နေတယ်လို့ တချို့လေ့လာသူတွေက သုံးသပ်ပါတယ်။ တင်းမာမှုတွေမြင့်တက်နေချိန်မှာ စစ်ဖက်သုံးအတွက် အဓိကဦးစားပေးနေတာဖြစ်မယ်လို့ တချို့ကလည်း ပြောကြပါတယ်။

တရုတ်က မြောက်ကိုရီးယားအပေါ် တဖက်သတ်အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မဲ့ပုံမရပေမဲ့ နောက်ထပ် Nuclear စမ်းသပ်မှုတွေလုပ်လာရင်တော့ တရုတ်က မြောက်ကိုရီးယားကို စွမ်းအင်တင်ပို့မှု ကန့်သတ်ချက်တွေ လုပ်လာနိုင်ပါတယ်။ အဲဒီလိုလုပ်လိုက်ရင် မြောက်ကိုရီးယားအစိုးရအတွက်ရော ပြည်သူတွေအတွက်ပါ ထိခိုက်နိုင်တယ်လို့ ရှန်ဟိုင်းမြို့မှာရှိတဲ့ Fudan တက္ကသိုလ်ရဲ့ ကိုရီးယားလေ့လာရေးဌာန ဒါရိုက်တာ Cai Jian ကတွက်ပါတယ်။

"စွမ်းအင်လောင်စာတင်ပို့မှု တရုတ်ကရပ်လိုက်ရင် Nuclear လက်နက်ထုတ်မှုတွေရော၊ Missile ဒုံးနည်းပညာတီထွင်စမ်းသပ်နေတာတွေရော မြောက်ကိုရီးယား စီးပွားရေးအတွက်ပါ အကြီးအကျယ်ထိခိုက်သွားနိုင်ပါတယ်။ သာမန်ပြည်သူတွေလည်း တော်တော်အထိနာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေကို သတိထားလုပ်ရမှာပါ။ နောက်ဆုံးမဖြစ်တော့မှ ဒီလိုဒဏ်ခတ်သင့်တယ်ထင်တယ်"လို့ ပြောသွားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အရေးအကြီးဆုံး မဟာမိတ်အဖြစ်မြင်ရပေမဲ့ မြောက်ကိုရီးယားမှာ Kim Jong Un ခေါင်းဆောင်ဖြစ်လာထဲက ဆက်ဆံရေးသိပ်မပြေလည်တော့ဘူးလို့ ဘေဂျင်းက VOA သတင်းထောက် Bill Ide ကပြောပါတယ်။

၂၀၀၇ ခုနှစ်ထဲကရပ်နေတဲ့ မြောက်ကိုရီးယား Nuclear ဆိုင်ရာ ၆ နိုင်ငံဆွေးနွေးပွဲပြန်စဖို့ Kim Jong Un ကစိတ်မဝင်စားသလောက်ပါ။ သူတက်လာပြီးထဲက Nuclear စမ်းသပ်မှု ၃ ခါနဲ့ Missile ဒုံးပစ်လွှတ်မှုပေါင်း ၁၀ ခါကျော်လုပ်ခဲ့ပြီးပါပြီ။ နောက်ထပ် Nuclear စမ်းသပ်မှုတခုလည်း မကြာခင်လုပ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက တွက်နေကြပါတယ်။

Kim Jong Un အနေနဲ့ တရုတ်နိုင်ငံဆီကိုလည်း တခါမှ မသွားသေးပါဘူး။ တရုတ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသလို နိုင်ငံရဲ့ စီးပွားရေးကိုဖွင့်ပေးအောင်ကြိုးစားတဲ့ သူ့ရဲ့ဦးလေး Kim Song Thaek ကိုလည်း ၂၀၁၃ ခုနှစ်မှာ သုတ်သင်ခဲ့ပါတယ်။ တရုတ်ရဲ့ Nuclear ဆိုင်ရာသံတမန် Wu Dawei ကို ဒီလဆန်းပိုင်းက မြောက်ကိုရီးယားကို စေလွှတ်ဖို့ကမ်းလှမ်းခဲ့တာကိုလည်း မြောက်ကိုရီးယားအစိုးရက လက်မခံခဲ့ပါဘူး။ မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေအပေါ် တရုတ်ကသဘောမကျပေမဲ့ ထူးခြားပြင်းထန်တဲ့ဆောင်ရွက်မှုတွေလုပ်မယ်ပုံမရဘူးလို့ တောင်ကိုရီးယားနိုင်ငံ Troy တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးကထိကလည်းဖြစ် အရှေ့မြောက်အာရှလုံခြုံရေးဆိုင်ရာ ပညာရှင်လည်းဖြစ်တဲ့ Daniel Pinkston ကပြောပါတယ်။

"မြောက်ကိုရီးယားနိုင်ငံ မတည်မငြိမ်ဖြစ်ပြီး သိပ်ကိုထူးခြားတဲ့အပြောင်းအလဲတွေဖြစ်သွားမှာမျိုး အစိုးရအပြောင်းအလဲဖြစ်သွားမှာမျိုးလောက်အထိ တရုတ်ကလုပ်မယ်လို့ ကျွန်တော်မမြင်ပါဘူး။ အဲဒီလိုလုပ်လို့ သူတို့အတွက် အကျိုးရှိတယ်လို့ တရုတ်က မယုံပါဘူး။ သူတို့မှန်ကောင်းမှန်မယ်လို့ ကျွန်တော်ထင်ပါတယ်။"

ဒါပေမဲ့ တရုတ်က မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန်သတိပေးတဲ့အနေနဲ့ စစ်ဖြစ်အောင်လုပ်နေတဲ့နိုင်ငံတိုင်း သမိုင်းတရားခံဖြစ်လိမ့်မယ်ဆိုတဲ့ အယ်ဒီတာ့အာဘော်ကို တရုတ်သတင်းမီဒီယာတွေထဲမှာ ဖော်ပြခဲ့ပါတယ်။ တရုတ်က အမေရိကန်အစိုးရအပေါ် အရင်ကလို ပြင်းထန်တဲ့ဝေဖန်မှုတွေ မလုပ်တော့ဘဲ မြောက်ကိုရီးယားအစိုးရအပေါ် ခပ်ပြတ်ပြတ်ပြောလာတဲ့ တရုတ်ရဲ့နည်းဗျူဟာကို လေ့လာသူတော်တော်များများက သတိပြုမိကြပါတယ်။

"ကျွန်တော်တို့တေ့ွနေရတဲ့ အယ်ဒီတာ့အာဘော်တွေမှာ မြောက်ကိုရီးယားဖက်က ကြားခံလူမရှိတဲ့ပြဿနာတွေ ထင်ဟပ်နေပါတယ်။ တရုတ်နဲ့ဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ ညှိုနှိုင်းပေးခဲ့တဲ့ Jang Song Thaek လည်းမရှိတော့ဘူးဆိုတော့ တော်တော်လေးခက်နေပုံရပါတယ်။ တရုတ်တို့ဖက်က တကယ်ကို စိတ်ပျက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။"

Australia နိုင်ငံက နိုင်ငံတကာမူဝါဒရေးရာ Lowy Institute က နိုင်ငံတကာလုံခြုံရေးအစီအစဉ်ညွှန်ကြားရေးမှူး Euan Graham ဖြစ်ပါတယ်။ မြောက်ကိုရီးယားအရေးကို အဓိကဖိအားပေးနိုင်သူဟာ တရုတ်ဖြစ်တယ်လို့ အမေရိကန်ကဆိုပြီး တရုတ်ကိုဖိအားပေးဖို့ နားချတိုက်တွန်းနေပါတယ်။ ဒါပေမဲ့ တရုတ်တို့ကန့်ကွက်နေတဲ့ THAAD ဒုံးလက်နက်ရန် ကာကွယ်ရေးစနစ်ကို တောင်ကိုရီးယားမှာ အမေရိကန်က တပ်ဆင်ထားလိုက်ပြီမို့ တရုတ်က အမေရိကန်တို့လိုလားသလို လိုက်လုပ်ပါ့မလားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG