သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလတ်ပစ်ဒုံးအမျိုးအစားသစ် မြောက်ကိုရီးယား စမ်းသပ်ပစ်လွတ်


မြောက်ကိုရီးယား ပဲ့ထိန်းတပ်ဒုံးကျည် ထပ်မံပစ်လွတ်
မြောက်ကိုရီးယား ပဲ့ထိန်းတပ်ဒုံးကျည် ထပ်မံပစ်လွတ်

မြောက်ကိုရီးယား နိုင်ငံက အရင်က စမ်းသပ်လေ့ မရှိတဲ့ တာလတ်ပစ် ပဲ့ထိန်းတပ် ဒုံးကျည် အမျိုးအစားသစ် တစင်းကို ဒီကနေ့ တနင်္ဂနွေနေ့မှာ စမ်းသပ်ပါတယ်။ အခုစမ်းသပ်တဲ့ ဒုံးကျည်က အဆင့်၂ ဆင့် ပေါက်ကွဲနိုင်တဲ့ လောင်စာရည်ဖြည့် ဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၄၅၀၀ ကျော်ထိ ရောက်ရှိနိုင်တယ်လို့လည်း ညွှန်းဆိုကြပါတယ်။

ဒီစမ်းသပ်မှုဟာဆိုရင် မြောက်ကိုရီးယား အပေါ် နိုင်ငံအားလုံးတို့က ဒဏ်ခတ်ပိတ်ဆို့မှု အခုထက်ပိုပြီး ပြင်းပြင်းထန်ထန် ချမှတ်ဖို့ ပြသလိုက်တဲ့ အချက် ဖြစ်ပါတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်က ဒေသတွင်း ခြိမ်းခြောက်မှုကြီး ဖြစ်သလို မြောက်ကိုရီးယားရဲ့ လက်နက် အစီအစဉ်တွေ အပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့ကြပါတယ်။ ဂျပန် ဝန်ကြီးချုပ် Shinzo Abe ကတော့ ဖြစ်လာနိုင်ခြေ ရှိတဲ့ အရေးပေါ် အခြေအနေအားလုံးအတွက် ပြင်ဆင်ထားကြဖို့ ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောဆိုထားပါတယ်။

အခုလို ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုက ဂျပန် နိုင်ငံ အတွက် အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးက ပြောဆိုလိုက်ပြီး စမ်းသပ်မှု ဆိုင်ရာ သတင်းအချက်အလက်တွေ စုဆောင်းပြီး သုံးသပ်ရေး အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယား နိုင်ငံတို့နဲ့ နီးနီးကပ်ကပ် ဆောင်ရွက်နေတယ်လို့လည်း တိုကျိုမြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။ မြောက်ကိုရီးယားဘက်က ဒီကနေ့ စမ်းသပ်လိုက်တဲ့ ဒုံးကျည်က ကီလိုမီတာ ၂၀၀၀ ကျော် ရောက်ရှိနိုင်ပြီး မိနစ် ၃၀ ကြာ ပျံသန်းနိုင်တဲ့ တာလတ်ပစ် ဒုံးကျည် အမျိုးအစားသစ် ဖြစ်နိုင်တယ်လို့လည်းသူက ပြောပါတယ်။ ကီလိုမီတာ ၇၀၀ ကျော် ထိလေထဲမှာ ပျံသန်းခဲ့ပြီးနောက်မှာ ဂျပန် ပင်လယ်ထဲကို ကျရောက်ခဲ့တာလို့လည်း ဂျပန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ တခုတည်းသော အကြီးဆုံး မဟာမိတ်နိုင်ငံလည်းဖြစ် အဓိက ကျတဲ့ ကုန်သွယ်ဘက်လည်း ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ဒေသတွင်း တင်းမာမှုတွေ တိုးလာမယ့် အရေးကို ရှောင်ရှားဖို့ ပြောဆိုလိုက်သလို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြောက်ကိုရီးယားဘက်က ကုလလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်မှုအပေါ်မှာ ဆန့်ကျင်ကြောင့် ထုတ်ဖော် ပြောဆိုခဲ့တာပါ။

ဘေဂျင်းမြို့တော်မှာ ညီလာခံ တက်ရောက်နေတဲ့ ရုရှား သမ္မတ Vladimir Putin ကတော့ ဒုံကျည်စမ်းသပ်မှု၊ နောက် ဒေသတွင်း တင်းမာမှုတွေ တိုးလာမယ့်အရေးအပေါ် စိုးရိမ်မကင်း ဖြစ်ရတယ်ဆိုပြီး ရုရှားအစိုးရ ပြောခွင့်ရက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG