သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားစိစစ်ရေး ယာယီသက်သေခံကဒ်ဟာ နိုင်ငံသားဖြစ်ဖို့အခွင့်အလမ်းရှိ


NVC - နိုင်ငံသားစိစစ်ရေး ယာယီသက်သေခံကဒ် ထုတ်ပေးနေစဉ် (MOI)
NVC - နိုင်ငံသားစိစစ်ရေး ယာယီသက်သေခံကဒ် ထုတ်ပေးနေစဉ် (MOI)

NVC ကဒ်လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ခံရမယ့်သူတွေအတွက် သက်သေခံကဒ်ပြားဟာ မြန်မာနိုင်ငံသားမဟုတ်သေးတဲ့သူတွေအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ပထမဆုံးနဲ့ နောက်ဆုံးအခွင့်အလမ်းဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။ ဒါပေမယ့်လို့ NVC ကဒ်လုပ်မယ်ဆိုရင် တဖက်နိုင်ငံကို ပြန်ပို့လိမ့်မယ်ဆိုပြီး ရခိုင်ပြည်နယ်အတွင်း ဝါဒဖြန့်ပြောဆိုတာတွေရှိနေတာကြောင့်၊ NVC ကဒ်ထုတ်ပေးတဲ့အပိုင်းမှာ ဒေသခံတွေ ပူးပေါင်းပါဝင်မှုအားနည်းနေတယ်လို့ ဦးမြင့်ကြိုင်က ဗွီအိုအေကို ပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကို ဗွီအိုအေသတင်းထောက် မမေခက ကိုယ်တိုင်တွေ့ဆုံမေးမြန်းတဲ့ထားပါတယ်။

“မမေခ။ ။လက်ရှိရခိုင်ပြည်နယ်မှာ အခုနောက်ဆုံးထုတ်ပေးနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေနဲ့ ပတ်သက်ပြီးတော့ ထုတ်ပေးနေတဲ့ အခြေနေလေးကို သိပါရစေ။

ဦးမြင့်ကြိုင်။ ။ ကောလဟာလတွေ ပြန့်ပွားနေတယ်၊ ဒီ NVC ကဒ်က ဒါတွေက ဟို ကဒ်တွေလုပ်ပြီးလို့ရှိရင် ဒါတွေက သူတို့ကို တဖက်နိုင်ငံ ပြန်ပို့မယ်၊ ဒါတွေက သူတို့ တရားမဝင်တဲ့သူတွေကို မှတ်ပုံတင်တယ်လို့ သူတို့က ယူဆနေတယ်။ အမှန်မှန်တော့ မဟုတ်ဘူး ဒါတွေက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားပြုဖို့အတွက်ကို ပထမဦးဆုံးနဲ့ နောက်ဆုံး ခြေလှမ်းတလှမ်းပဲ တချို့သောာ အဖွဲ့အစီးတွေက ဒါတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင် မဆောင်ရွက်ဖို့ သူတို့ စာတွေ ထုတ်ထားတာတွေ ရှိနေတယ်တဲ့။ ကျနော်တို့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်လည်း National Verification card ဆိုတာ နိုင်ငံသားဖြစ်ဖို့အတွက်ကို ပထမဦးဆုံးနဲ့ နောက်ဆုံး ခြေလှမ်းတလှမ်းပဲ၊ ဒီဟာမဖြစ်မနေ ကျနော်တို့ လုပ်ရမယ်ဆိုတာကို ပြောထားပါတယ်။

မမေခ။ ။ဆရာတို့ ထုတ်ပေးရမယ့် ပမာဏနဲ့ ဒီ ကဒ်မှာ ဘယ်လိုအခွင့်အရေးလေးတွေ ရမလည်းဆိုတာလည်း သိပါရစေဆရာ။

ဦးမြင့်ကြိုင်။ ။ လုပ်ရမယ့် အရေအတွက်က ဘယ်လောက်အထိ ရှိသလဲဆိုရင် ကျနော်တို့ စမ်းသပ် သန်းခေါင်စာရင်းလို့လဲခေါ်လို့ရတဲ့ စာရင်းအရ ၁ သန်းနဲ့ ကိုးသောင်းရှိတယ်။ ၁ သန်းနဲ့ ကိုးသောင်းကို ဘာကဒ်မှ မကိုင်ပဲနဲ့ မြန်မာပြန်အထဲမှာ နေထိုင်ခွင့်ပေးမယ်ဆိုရင် နောက်ထပ် ခိုးဝင်လာတဲ့ လူတွေနဲ့ ရောထွေးသွားနိုင်တယ်။ အဲလိုရောထွေးသွားနိုင်တာဖြစ်တဲ့အတွက် မဖြစ်မနေ ကဒ် တမျိုးမျိုး ကိုင်ထားမှသာ သူတို့က မြန်မာနိုင်ငံအတွင်းမှာ တရားဝင်ရောက်ရှိနေတဲ့လူတွေဖြစ်တယ်။ သူတို့က နိုင်ငံသားဖြစ်မှုလုပ်ငန်းကို ဆက်လက်ပါဝင်ဆောင်ရွက်နိုင်တယ်ဆိုတာက သူတို့ရဲ့ အင်မတန် အရေးကြီးတဲ့ ရပိုင်ခွင့် အခွင့်အရေး ဖြစ်ပါတယ်ခင်ဗျ။

မမေခ။ ။ဒီကဒ်တွေကို လာပြီးမထုတ်ခဲ့ဘူးဆိုရင် ဘယ်လိုပုံစံမျိုးတွေ ဆရာတို့ အရေးယူဆောင်ရွက်သွားမလဲ ဒါမှမဟုတ် ဒီကဒ်နဲ့ ပတ်သက်ပြီးတော့ ဆရာတို့ ဘာတွေဆက်ပြီးတော့ လုပ်သွားမလဲဆိုတာ သိပါရစေ။

ဦးမြင့်ကြိုင်။ ။ အဲဒီတော့ ဒီလူတွေကို အဓိကတော့ ကျနော်တို့ ဒီမိုကရေစီအစိုးရ လက်ထက်မှာတော့ စည်းရုံးသိမ်းသွင်းသွားပြီးတော့ သဘောပေါက်အောင်လုပ်ဖို့ပဲ ကျနော်တို့ကတော့ စည်းရုံးတဲ့နည်းနဲ့ပဲ၊ ဆောင်ရွက်ဖို့စီစဉ်ထားပါတယ်။

မမေခ။ ။အရင်ဆရာတို့ လဝက ကနေပြီးတော့ white card တွေထုတ်ပေးခဲ့တာတွေရှိခဲ့တယ်ပေါ့နော်၊ ဆိုတော့ အဲဒါ white card တွေထုတ်ပေးလိုက်တဲ့လူတွေမှာ ဘယ်လိုအကျိုးခံစားခွင့်တွေ ခံစားရတာမျိုးရှိသလဲ။

ဦးမြင့်ကြိုင်။ ။ အဲဒီ white cardနဲ့လည်း နိုင်ငံသား တချို့ဖြစ်သွားတဲ့လူတွေရှိပါတယ်။ နိုင်ငံသားဖြစ်တယ်ဆိုတာကတော့ ကုမ္ပဏီမှာ ပြေစာတခုသွားဖြတ်သလို ချက်ခြင်း ဖြတ်လိုက်လို့ရတာမဟုတ်ဘူး သူတို့ရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ အကျုံးဝင်တဲ့အချက်တွေကို စစ်ရတာဖြစ်တဲ့အတွက် အထိုက်အလျောက်ကြာမြင့်တယ်။

မမေခ။ ။အခုလို နိုင်ငံသားစိစစ်ရေးကဒ်တွေလာပြီးတော့ မထုတ်ရသေးတဲ့ အခြေအနေကရော၊ ဘယ်လိုအခြေအနေကြောင့် သူတို့ဘက်က လာပြီးမထုတ်တာလဲ၊ သူတို့ဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းတာလား။ ဆရာတို့ ဘယ်လိုများသုံးသပ်သလဲရှင့်။

ဦးမြင့်ကြိုင်။ ။ ဒီဒေသခံအများစုက ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတာကို ကျနော်တိုက အတွင်းကျကျ သိထားပါတယ်။ နိုင်ငံရေး ၊ လူမျိုးရေး၊ တချို့ဆိုရင် အကြမ်းဖက်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ လူတွေကနေ ခြိမ်းခြောက်မှုတွေကြောင့် နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ၊ နောက်ပြီး တချို့နိုင်ငံတွေကနေ တရားမဝင် နိုင်ငံရေးအရ ထောက်ပံ့တဲ့ငွေတွေနဲ့ ပိတ်ဆို့တားဆီးမှုတွေကြောင့်သာ မလုပ်တာပါ။

မမေခ။ ။လူဝင်မှုကြီးကြပ်ရေး ဌာနကနေ လုပ်ဆောင်နေတဲ့ နိုင်ငံသားစီစစ်နိုင်ဖို့ အတွက် ထုတ်ပေးနေတဲ့ ကဒ်တွေနဲ့ ပတ်သက်ပြီးတော့ရော သက်ဆိုင်တဲ့သူတွေ ပိုပြီးနားလည်နိုင်ဖို့အတွက် ဘယ်လို များ ရှင်းလင်းပြောကြားချင်ပါသလဲရှင့်။

ဦးမြင့်ကြိုင်။ ။ ဒီ NV ကဒ်က ကျနော်တို့ နိုင်ငံအတွက်လည်း အရေးကြီးသလို အဲဒီမှာ ရှိတဲ့ ကျနော်တို့ ရခိုင်ပြည်နယ်ဘက်မှာ ရှိနေတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတွေအတွက်လည်း အရေးကြီးပါတယ်။ ကျနော်တို့နိုင်ငံအတွက်က ဘာအရေးကြီးသလဲဆိုရင် နိုင်ငံ့လုံခြုံရေးက အရေးကြီးပါတယ်။ ဒီ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတွေအတွက်ကလည်း ဒီကဒ်ကိုင်ထားမှသာ နောင်တချိန်အခြေအနေ အမျိုးမျိုးကြောင့် လုံခြုံရေးအရ စိစစ်လာတဲ့အခါမှာ ဘာကဒ်တခုမှ မရှိဘူးဆိုရင် ခိုးဝင်တဲ့လူအဖြစ် သတ်မှတ်ခံရပြီးတော့ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အစစ်ဆေးခံရတာတွေ၊ မေးမြန်းခံရတာတွေ ဥပဒေကြောင်းအရ ဆောင်ရွက်တာတွေ ဖြစ်သွားနိုင်ပါတယ်။

နောက်တခုက သူတို့အတွက် မြန်မာနိုင်ငံမှာ စိတ်အေးချမ်းသာစွာနဲ့ နိုင်ငံသားအခွင့်အရေး ရဖို့အတွက် နိုင်ငံသား စိစစ်မှုခံယူပြီးတော့ နိုင်ငံသားကဒ်ရဖို့အတွက် ဒီကဒ်ရှိပြီမှသာ ကျနော်တို့က ဆက်ပြီးတော့ လုပ်ငန်းဆောင်ရွက်ရမှာ သူတို့အတွက် အင်မတန် နစ်နာသွားမှာ ဖြစ်တဲ့အတွက် ဒီကဒ်ဟာ မဖြစ်မနေ ရယူသသင့်တဲ့ လျှောက်ထားသင့်တဲ့ကဒ်ဆိုတာ ပြောကြားလိုပါတယ်။ ဒါသက်ဆိုင်ရာ ပြည်နယ်ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေအရ လွတ်လပ်စွာသွားလာခွင့်ရပါမယ်။ ဒီကဒ်ရှိခြင်းအားဖြင့်Hajj ဘုရားဖူးသွားတယ်ဆိုရင်လည်း သွားလို့ရပါမယ်။ ဒီ NV card ကိုင်ထားတဲ့လူတွေကို တဘက်နိုင်ငံ ပြန်ပို့မယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ကျနော့်အနေနဲ့ သတင်းစကားပါးအပ်ပါတယ်။”

NVC ကဒ် ထုတ်ပေးနေတဲ့ လုပ်ငန်းစဉ်အရ တနိုင်ငံံံလုံးမှာတော့ ကဒ်ပေါင်း သုံးသောင်း ထုတ်ပေးခဲ့ပြီလို့ သိရပါတယ်။ စမ်းသပ်သန်ခေါင်းစာရင်းကောက်ခံတဲ့ စာရင်းအရ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်ရသေးတဲ့ မွတ်ဆလင် လူဦးရည် ၁ သန်း ၉သောင်းနီးပါးရှိရာမှာ၊ အဲဒီအထဲက လူဦးရည် ၆ထောင်ပဲ NVC ကဒ် လာရောက်ထုတ်ယူခဲ့ကြတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက ဗွီအိုအေကို ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG