သုံးရလွယ်ကူစေသည့် Link များ

စီးပွားရေးပွင့်လင်းမှု ကာကွယ်ဖို့ APEC ခေါင်းဆောင်တွေတိုက်တွန်း


ကမ္ဘာထိပ်သီးခေါင်းဆောင်များ APEC ထိပ်သီးညီလာခံမှာ ဆွေးနွေးနေကြစဉ် (နိုဝင်ဘာလ ၁၉ ရက် ၂၀၁၆)

ကမ္ဘာထိပ်သီးခေါင်းဆောင်များ APEC ထိပ်သီးညီလာခံမှာ ဆွေးနွေးနေကြစဉ် (နိုဝင်ဘာလ ၁၉ ရက် ၂၀၁၆)

ကမ္ဘာ့ကုန်သွယ်ရေး သဘောတူညီချက်တွေကို အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေက မစွန့်လွှတ်ကြဖို့ ပီရူးနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ထိပ်သီးညီလာခံတခုကို တက်ရောက်နေကြတဲ့ ခေါင်းဆောင်တွေက - တောင်းဆိုလိုက်ကြပါတယ်။

ဒီကုန်သွယ်ရေးသဘောတူညီချက်တွေဟာ ကိုယ့်ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ နက်နက်နဲနဲ ယုံကြည်ထားကြတဲ့ နိုင်ငံရေးသမားတွေကို အမေရိကန်နဲ့ ဥရောပမဲဆန္ဒရှင်တွေက ရွေးချယ်လိုက်ကြပေမဲ့ - အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကတော့ - လွတ်လပ်စွာ ကုန်သွယ်မှု အစီအစဉ်တွေကို ဆက်လုပ်ကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

တရုတ်သမ္မတ Xi Jinping ကလည်း - စီးပွားရေးပွင့်လင်းမှုကို အားပေးဖို့ စနေနေ့ကပဲ တိုက်တွန်းခဲ့ပါတယ်။

အတူတကွခံစားနိုင်မယ့် အနာဂတ်ကို ပိုင်ဆိုင်တဲ့ လူ့အသိုင်းအ၀ိုင်းတခုကို တည်ဆောက်ဖို့ သန္ဓိဌာန်ချ လုပ်ဆောင်ရမှာဖြစ်ပြီး၊ ဒီအတွက်လည်း ခွဲထွက်တာထက် အတူတကွ နီးစပ်မှုတွေ ပိုရှိလာအောင်လုပ်ရမယ့် တာဝန်ရှိတဲ့အကြောင်း - ပီရူးနိုင်ငံ လီမာမှာ ကျင်းပနေတဲ့ APEC ထိပ်သီးညီလာခံမှာ သမ္မတ Xi က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာရှ-ပစိဖိတ်ဒေသရဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးနယ်မြေ FTAAP လို့ သိကြတဲ့ စီးပွားရေးကုန်သွယ်မှု သဘောတူညီချက်ကို ဒေသတွင်း နိုင်ငံတွေက အားပေးကြဖို့ တရုတ်နိုင်ငံက လိုလားနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ - အမေရိကန်က ကျောထောက်နောက်ခံပေးထားပြီး၊ လတ်တလော နိုင်ငံပေါင်း ၁၂ နိုင်ငံ ကနေ အတည်ပြု လက်မှတ်ရေးထိုးထားတဲ့ ပစိဖိတ်ရပ်ဝန်းနိုင်ငံမှာ ကုန်သွယ်ရေး သဘောတူစာချုပ် TPP ကို ယှဉ်ပြိုင်မှုတခုအဖြစ် အများက မြင်ကြပါတယ်။

ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ခံထားရတဲ့ သမ္မတ Donald Trump က TPP သဘောတူညီချက်ကို ရပ်ဆိုင်းပစ်ဖို့ ပြောဆိုထားတာကြောင့် - TPP ရဲ့ အလားအလာနဲ့ပတ်သက်ပြီး သံသယတွေလည်း အကြီးအကျယ် ထွက်ပေါ်နေပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ် John Key ကလည်း - Trump ကျေနပ်အောင် TPP ကို အပြောင်းအလဲ နည်းနည်းလုပ်ဆောင်တာ ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စုကို ဘေးဖယ်ပြီး ကုန်သွယ်ရေး သဘောတူညီချက်အသစ်တခု ရေးဆွဲဖို့ တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG