သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Obamacare Website ပြဿနာ သမ္မတစိတ်ပျက်


အိုဘားမားက Obama Care လို့ ခေါ်တဲ့ အစိုးရရဲ့ ကျန်းမာရေး အာမခံ ရောင်းချတဲ့ အွန်လိုင်းစာမျက်နှာအသစ်ဟာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတာကို စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ ပြောပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းသွားမှာဖြစ်ပြီး ဒီဥပဒေဟာဆိုရင် အမေရိကန်ပြည်သူတွေအတွက် ကောင်းမွန်တဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။ တနလာၤနေ့ သမ္မတအိမ်ဖြူတော် Rose Garden မှာ မိန့်ခွန်းပြောတာမှာ အခု Healthcare.gov ဝက်ဘ်ဆိုက် အောက်တိုဘာလ ၁ ရက်နေ့ စဖွင့်ချိန်ကတည်းက ကောင်းကောင်း အလုပ်မလုပ်တဲ့အပေါ်မှာ စိတ်တိုင်းမကျ ဖြစ်ရတယ်လို့ ပြောဆိုလိုက်တာပါ။

ဒီဝက်ဘ်ဆိုက်ဟာဆိုရင် Obamacare လို့ လူသိများကြတဲ့ သမ္မတရဲ့ ၂၀၁၀ သက်သာတဲ့ စောင့်ရှောက်မှု ဥပဒေအတွက် အဓိက အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ဟာဆိုရင် အမေရိကန်ပြည်သူတွေ ကျန်းမာရေး အာမခံကို လွယ်လွယ်ကူကူ ရရှိနိုင်ဖို့ ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဒီဝက်ဘ်ဆိုက် အသုံးပြုသူတွေဟာ ကိုယ်ပိုင်အကောင့်တွေ ဖွင့်လို့မရတာနဲ့ ဒီ ဝက်ဘ်ဆိုက် စာမျက်နှာကို ဖွင့်တာမှာ နှေးကွေးတာ၊ တုံ့ပြန်မှုမရှိတာတွေ ဖြစ်နေတာပါ။ ဒီဝက်ဘ်ဆိုက် ပိုပြီး ကောင်းကောင်း မြန်မြန် အလုပ်လုပ်နိုင်ဖို့ အတွက် အမေရိကန်ရဲ့ အကောင်းဆုံး ပုဂ္ဂလိက နည်းပညာကျွမ်းကျင်သူ တချို့နဲ့ သူ့အစိုးရအဖွဲ့က ပြန်လည် လုပ်ဆောင်နေပါတယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။

စရိတ်သက်သာတဲ့ စောင့်ရှောက်မှု ဥပဒေဟာဆိုရင် ဝက်ဘ်ဆိုက် တခုအဖြစ်တင် မဟုတ်ပါဘူးလို့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။ သူဟာ ရီပက်ပလီကင်တွေရဲ့ ဆန့်ကျင်မှုရှိနေပေမယ့်လည်း ကျန်းမာရေးအာမခံ မရှိကြတဲ့ သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေ အရည်အသွေးကောင်းပြီး စရိတ် သက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု တခြားသူတွေလိုပဲ ရရှိအောင် သူ အားထုတ်လုပ်ဆောင်ခဲ့တာပါလို့လည်း ပြောပါတယ်။

ရီပက်ပလီကန် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell ကတော့ သမ္မတအိုဘားမားရဲ့ ပြောဆိုချက်ကို ပယ်ချလိုက်ပြီး အခု Obamacare ဟာ ကုန်ကျစရိတ် သိပ်များပြီး ကတိပေးထားတဲ့ အတိုင်းလည်း အလုပ်မဖြစ်ဘူးဆိုပြီး တွစ်တာ စာမျက်နှာကနေ ပြောဆိုပါတယ်ရှင်။
XS
SM
MD
LG