သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား တရုတ်ခရီးစဉ် အဆင်မပြေမှုများနဲ့ကြုံ


သမ္မတအိုဘားမား တရုတ်ခရီးစဉ်
သမ္မတအိုဘားမား တရုတ်ခရီးစဉ်

တရုတ်နိုင်ငံမှာ ဒီကနေ့ စတင်တဲ့ စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ တို့ရဲ့ ထိပ်သီးညီလာခံ G 20 ညီလာခံကို တက်ရောက်ဖို့ စနေနေ့က တရုတ်နိုင်ငံကို ရောက်သွားတဲ့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ ခရီးစဉ်မှာတော့ အဆင်မပြေမှုတွေနဲ့ ပွက်လောညံခဲ့ပါတယ်။

အမေရိကန်သမ္မတရဲ့ Air Force One လေယာဉ် တရုတ်နိုင်ငံ Hangzhou လေဆိပ်ကို စနေနေ့က ဆိုက်ရောက်ချိန်မှာ သမ္မတ ဘရာ့ခ် အိုဘားမား လေယာဉ်ပေါ်ကနေ ဆင်းဖို့အတွက် လေယာဉ်လှေခါး မရှိခဲ့သလို လေယာဉ်ပေါ်ကနေ အမေရိကန်သမ္မတ ဆင်းလာတဲ့အချိန်မှာလည်း တခြား နိုင်ငံတကာ ခေါင်းဆောင်တွေကို ခင်းပေးခဲ့သလိုမျိုး ကောဇောနီ ခင်းမပေးခဲ့ပါဘူး။

အမေရိကန်သမ္မတ အိုဘားမားကို ဓာတ်ပုံရိုက်ဖို့ လေယာဉ်ပြေးလမ်းပေါ်မှာ နေရာယူကြတဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော် ဓာတ်ပုံသတင်းထောက်တွေကိုလည်း တရုတ်တာဝန်ရှိသူတွေက အော်ဟစ်ခဲ့တာကြောင့် တင်းတင်းမာမာ ဖြစ်ခဲ့ကြသေးတာပါ။

ဓာတ်ပုံသတင်းထောက်တွေ ဘယ်နေရာကနေ ဓာတ်ပံရိုက်ရမယ်ဆိုတာကို အမေရိကန်က သတ်မှတ်ရမှာ ဖြစ်ပါတယ်လို့ အိမ်ဖြူတော် အရာရှိတဦးက ဝင်ပြောတာမှာလည်း တရုတ်တာဝန်ရှိတဦးက ဒါက ငါတို့တိုင်းပြည်၊ ဒါက ငါတို့လေဆိပ် ဆိုပြီး ပြန်အော်ဟစ်ခဲ့တာပါ။ ဒါက အစပိုင်းမှာ ဖြစ်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အမေရိကန်သမ္မတရဲ့ ယာဉ်တန်းဆီကို လျှောက်သွားတဲ့ အမျိုးသားလုံခြုံရေးအကြံပေး Susan Rice ကို အဲဒီတရုတ်တာဝန်ရှိသူကပဲ တားမြစ်ဖို့ ကြိုးစားတာကြောင့် အမေရိကန်သမ္မတရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တဦးက ကြားဝင် ပြောခဲ့ရပါတယ်။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီ သဘောတူညီချက်အပေါ် တရုတ်-အမေရိကန် နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ဖို့ လုပ်တဲ့ အခမ်းအနားအပြီးနဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ၃ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးပွဲအတွင်း စနေနေ့ ညနေပိုင်းမှာတော့ တင်းမာမှုတွေ ထပ်ဖြစ်ခဲ့ပါတယ်။ ဒီတခါမှာတော့ သမ္မတနှစ်ဦးတို့ရဲ့ ညပိုင်း တွေ့ဆုံမှုမှာ သတင်းထောက် ဘယ်နှယောက်ကို ခွင့်ပြုမလဲဆိုတဲ့အပေါ် အငြင်းပွားခဲ့ကြတာပါ။

တရုတ်အစိုးရ တာဝန်ရှိသူတွေက အရင်က သတင်းထောက် ၆ ဦး ခွင့်ပြုထားရာကနေ ၃ ဦးပဲ ခွင့်ပြုမယ်လို့ လျှော့ချလိုက်ပြီး နောက်ဆုံးကျတော့ တဦးသာ ခွင်ပြုမယ်လို့ ဖြစ်သွားတာပါ။ ဒီပွဲက ငါတို့စီစဉ်တာလို့လည်း တရုတ်အစိုးရ တာဝန်ရှိသူတဦးက အမေရိကန်အစိုးရ အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ရှိသူတဦးကို ပြောခဲ့ ပါတယ်။ အမေရိကန် သမ္မတအိမ်ဖြူတော် အရာရှိကလည်း ခင်ဗျားတို့ အစီအစဉ်ကလည်း ပြောင်းပြီးရင်း ပြောင်း လုပ်နေတာကိုးလို့ ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သတင်းထောက် ၂ ဦး ဝင်ခွင့်ပြုဖို့ နှစ်ဘက် သဘောတူလိုက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG