သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Obama နှင့် Castro နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ဖို့ ကြိုးပမ်း


သမ္မတအိုဘားမားနဲ့ ကျူးဘားသမ္မတ Raul Castro
သမ္မတအိုဘားမားနဲ့ ကျူးဘားသမ္မတ Raul Castro

အမေရိကန် သမ္မတ ဘားရက် အိုဘားမားဟာ တနင်္လာနေ့က ဟာဗားနားမြို့မှာ ကျူးဘား သမ္မတ Raul Castro နဲ့ သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုမှာ နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေး တိုးမြှင့်ဖို့ နည်းလမ်းတွေကိုသာမက၊ လူ့အခွင့်အရေး လိုမျိုး သဘောထား ကွဲလွှဲမှုတွေရှိနေတဲ့ အရေးကိစ္စတွေကိုပါ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတ အိုဘားမားဟာ ဒီနေ့ တော်လှန်ရေး ရင်ပြင်မှာရှိတဲ့ ကျူးဘားလွတ်လပ်ရေး သူရဲကောင်း Jose Marti အတွက် အထိမ်းအမှတ် ကျောက်တိုင်မှာ လွမ်းသူ့ပန်းခွေချတဲ့ အခန်းအနားကို တက်ရောက်ခဲ့ပါတယ်။

သမ္မတ အိုဘားမားနဲ့ ကျူးဘား သမ္မတတို့ဟာ တော်လှန်ရေး နန်းတော်မှာ တွေ့ဆုံဆွေးနွေးမှု မတိုင်ခင် လက်ဆွဲနှတ်ဆက်ခဲ့ကြပါတယ်။ မနေ့က အိုဘားမားဟာ ဒီကျွန်းနိုင်ငံကို တရားဝင် အလည်အပတ်ရောက်ရှိလာတဲ့အတွက် နှစ်ပေါင်း ၉၀နီးပါးအတွင်း ပထမဆုံး လာရောက်တဲ့ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အမေရိကန် သမ္မတ ဖြစ်လာခဲ့ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုအပြီး ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ၊ ကက်စထရိုက နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် သမ္မတ အိုဘားမားကို ချီးကျူးပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်က ကျူးဘားနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ ပိုပြီး အားထုတ်ပေးဖို့အတွက် သမ္မတကို အမျိုးသမီး စကားပြန်ကတဆင့် Raul Castro ကတိုက်တွန်းပြောဆိုခဲ့ပါတယ်။

”ပိတ်ဆို့မှုတွေဟာ ကျွန်တော်တို့နိုင်ငံ စီးပွားရေး တိုးတက်ဖို့နဲက ကျူးဘား ပြည်သူတွေရဲ့ လူမှုဘ၀ ဖွံ့ဖြိုးရေး အတွက် အရေးအကြီးဆုံး အတားအဆီး ဖြစ်နေပါတယ်။ ဒါကြောင့် ဒါတွေကို ဖယ်ရှားပေးလိုက်တာဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့အတွက် အဓိက ကျတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင်၊ သူတို့မိသားစုတွေနဲ့ မိခင်နိုင်ငံအတွက် အကောင်းဆုံး ဖြစ်စေချင်တဲ့ ပြည်ပရောက် ကျူးဘား နိုင်ငံသားတွေအတွက်လဲ အမှန်တကယ် အကျိုးရှိစေမှာ ဖြစ်ပါတယ်။”

သမ္မတ အိုဘားမားက ဒီနေ့ဟာ အမေရိကန်နဲ့ ကျူးဘားနှစ်နိုင်ငံဆက်ဆံရေးမှာ နေ့သစ်တစ်နေ့ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်သလို၊ ကျူးဘားနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေအတွက်လည်း တာဝန်ခံမှုရှိဖို့ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ ကမ္ဘာတစ်လွှား ဘယ်ကိုရောက်ရောက် လုပ်နေကြအတိုင်း၊ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျူးဘားပြည်သူတွေရဲ့ သူတို့ အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့် အပါအဝင် ဒီမိုကရေစီ အတွက် ကိုယ်စားပြုပြီး ဆက်လက် ပြောဆိုသွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ ကိုးကွယ်ဆည်းကပ်ခွင့်တွေ အပါအဝင် အားလုံးနဲ့ ဆိုင်တဲ့ လူ့အခွင့်အရေးအတွက် ကိုယ်စားပြုပြီး ပြောသွားမှာ ဖြစ်ပါတယ်။ အမှန်တကယ်ပဲ ကျွန်တော့်အနေနဲ့ မနက်ဖြန် ကျူးဘား အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ အများကြီး ထပ်ပြီးကြားရဖို့ မျှော်လင့်ပါတယ်။”

အမေရိကန် သမ္မတအနေနဲ့ ကျူဘားမှာ အစိုးရ ခေါင်းဆောင်တွေ လူငယ်တွေ စီးပွားရေး စွမ်းဆောင်ရှင်တွေ လူမှုအသိုင်းဝိုင်းကလူတွေ အစိုးရနဲ့ဆန့်ကျင်တဲ့သူတွေ စသဖြင့်နဲ့ တွေ့ဆုံဖို့ရှိပြီး ၊ အခုလို တွေ့ဆုံဖို့ စီစဉ်ထားတာကိုလဲ ကျူးဘားအစိုးရက သိပ်သဘောမကျတာတွေ့ရတယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောပါတယ်။

သမ္မတအိုဘားမားရဲ့ လက်ရှိခရီးစဉ်ရဲ့ အရေးအကြီးဆုံး ဖေါ်ဆောင်မှုကတော့ ကျူဘားနိုင်ငံသားတွေကို ဒီကနေ့ မိန့်ခွန်းပြောကြားမယ့် အချက်ပဲဖြစ်ပါတယ်။ နှစ်နိုင်ငံကြား ရှိနေတဲ့ ခက်ခဲပြီးရှုပ်ထွေးလှတဲ့ သမိုင်းကြောင်း အပြင် နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေးထားရှိဖို့ လက်ရှိသွားနေတဲ့လမ်းကြောင်းနဲ့ စစ်အေးခေတ် ရန်သူဟောင်းတွေနဲ့ အနာဂတ်ဆက်ဆံရေး သူ့ရဲ့မျှော်မှန်းချက်တွေ အကြောင်းလဲ သမ္မတက သူ့မိန့်ခွန်း ထဲမှာ ထည့်သွင်းပြောသွားဖို့ ရှိပါတယ်။

XS
SM
MD
LG