သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား နှုတ်ဆက်မိန့်ခွန်း မြန်မာတွေ ကြိုဆို


အမေရိကန်ပြည်ထောင်စုရဲ့ (၄၄) ဦးမြောက် အမေရိကန်သမ္မတဖြစ်တဲ့ သမ္မတ အိုဘားမားဟာ သူ့ရဲ့သမ္မတသက်တမ်း (၈) နှစ်တာ ကာလအတွင်း လုပ်ဆောင်ခဲ့တာတွေကို နိုင်ငံကို နှုတ်ဆက်တဲ့ သူ့ရဲ့နှုတ်ဆက်မိန့်ခွန်းမှာ ပြန်ပြောင်းပြောခဲ့သလို အမေရိကန်ပြည်သူတွေ အချင်းချင်းကြား စည်းလုံးညီညွတ်ကြဖို့ နိုင်ငံရေးယုံကြည်မှု ကွဲလွဲချက်တွေအပေါ် တူညီမှုကို ရှာပြီး အချင်းချင်း နားလည်မှုရှိကြဖို့ နဲ့ ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေကို ဆက်လက် လက်ဆင့်ကမ်း သယ်ဆောင်ကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

သမ္မတရဲ့ သူ့မိသားစုအပေါ် ထားရှိတဲ့ တန်ဖိုးထားမှုအပေါ် ပြသခဲ့တဲ့ သမ္မတရဲ့မိန့်ခွန်းဟာ အင်မတန်မှ စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာ ဖြစ်စေခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ ရှီကာဂိုကနေ နိုင်ငံကို ပြောကြားသွားတဲ့ နောက်ဆုံးမိန့်ခွန်းနဲ့ပတ်သက်လို့ အမေရိကန်ရောက် မြန်မာတွေရဲ့ သုံးသပ်ချက်အမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ဒေသစံတော်ချိန် အင်္ဂါနေ့ညမှာ အမေရိကန်သမ္မတ အိုဘားမားရဲ့ ဒေသခံမြို့ဖြစ်တဲ့ ရှီကာဂိုမြို့မှာ နိုင်ငံကို နောက်ဆုံးမိန့်ခွန်း ပြောကြားသွားခဲ့တဲ့အထဲ အမေရိကန်ပြည်ထောင်စုတွင်း နိုင်ငံသားတွေအနေနဲ့ ကိုယ့်ရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေအတွက် ကြိုးစားလုပ်ဆောင်ကြဖို့ သမ္မတအိုဘားမား ပြောဆိုခဲ့ပါတယ်။

“ဒီမိုကရေစီဆိုတာ အားလုံး သဘောတည်းဖြစ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ အမေရိကန်ပြည်ထောင်စုကို မ,တည်ခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေအနေနဲ့ အခြေအတင် စကားများခဲ့ကြတာတွေရှိသလို အပေးအယူ ညှိနှိုင်းမှုတွေလည်း ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အလားတူပဲ ကနေ့ ကျနော်တို့တတွေလည်း ဒီလိုလုပ်ဆောင် သွားကြရလိမ့်မယ်လို့ သူတို့မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီမှာ အခြေခံအားဖြင့် မူတရပ်ကို လက်ခံ သဘောတူညီမှုရဖို့ လိုအပ်ပါတယ်။ အဲ့တာကတော့ အပြင်ပမ်းမှာ သဘောထားအမြင်တွေ အမျိုးမျိုး ကွဲပြားကြမယ်ဆိုတာကို လက်ခံရမှာဖြစ်သလို နိုင်ငံရဲ့ အနာဂတ်အရေးအတွက် ကြိုးပမ်းကြဖို့ နိုင်ငံသားတွေ အားလုံးမှာ တာဝန်ရှိကြတယ် နိုင်ငံတိုးတက်ရင် အားလုံး အကျိုးခံစားကြရမှာဖြစ်သလို ဆုတ်ယုတ်ရင်လည်း ဒီဒုက္ခဒဏ်ကို အားလုံး ခံကြရမယ်ဆိုတဲ့ ခံယူချက်ပါပဲ။”

အခုလို အမေရိကန်နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သူ ခေါင်းဆောင်တွေရဲ့ ဒီမိုကရေစီ စံတန်ဖိုးအပေါ် မျိုးဆက်တွေ လက်ဆင့်ကမ်းသွားကြဖို့ သမ္မတ အိုဘားမား မိန့်ခွန်းထဲ ထည့်ပြောခဲ့တဲ့အပေါ် ထူးခြားမှုအဖြစ် အမေရိကန်ကို ရောက်ရှိနေတဲ့ မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာနိုင်အောင် က သုံးသပ်ပါတယ်။

“အဓိက သူပြောသွားတာကတော့ အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရေးထားတဲ့ လွတ်လပ်ခွင့်တွေက အမေရိကန်နိုင်ငံ တည်ထောင်သူတွေကနေပြီးတော့ အမေရိကန်ပြည်သူတွေကို အကောင်းဆုံးပေးတဲ့ အမွေပဲပေါ့။ အဲဒီအမွေက တကယ်တမ်း အသုံးမချဘူးဆိုရင် စာရွက်ကြီးပဲ ဖြစ်နေမှာပဲ။ အဲ့လိုမျိုး မဖြစ်အောင်ဆိုရင် လူတွေကနေပြီးတော့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကို အမြဲတမ်း ရှင်သန်နေအောင် လုပ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို ပိုပြီးတော့ ဦးတည်သွားတယ်။ အဲတော့ အုပ်ချုပ်တဲ့သူတွေကလည်း ပြည်သူတွေ ပါဝင်နိုင်မယ့် အုပ်ချုပ်မှုမျိုး ဖြစ်အောင်ကြိုးစားဖို့ လိုတယ်။ စည်းရုံးဖို့ လိုအပ်တယ်။ အမေရိကန်ပြည်ထောင်စုဆိုတာက လူတမျိုးတည်းနဲ့လည်း မွေးထားတာမဟုတ်ဘူး။ သမိုင်းကြောင်းအရပြောရင် ရွှေ့ပြောင်းလာသူတွေနဲ့စည်းထားတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီလူတွေက အဲဒီတန်ဖိုးတွေကို ဆက်လက် ကျင့်သုံးနေတယ်။ ပြည်သူတွေ ပါဝင်နိုင်တဲ့ ဒီမိုကရေစီ၊ ပြည်သူတွေ ပါဝင်နိုင်တဲ့ အုပ်ချုပ်မှုကသာလျှင် ရေရှည် ပိုပြီးတော့ ခိုင်မြဲမယ်။ အဲတော့ အုပ်ချုပ်တဲ့သူတွေကလည်း လူတစုအတွက် လုပ်နေတာမျိုး မဟုတ်ဘဲနဲ့ ရေရှည်အတွက် ကြည့်ပြီးတော့မှ အခုလိုမျိုး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့မှ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းကို ပြန်ပြီးတော့ စည်းရုံးဖို့ လိုတယ်။ ရင်ကြားစေ့ဖို့ လိုတယ်။ ဒီမိုကရေစီ ကျင့်သုံးမှုမှာ သည်းညည်းခံနိုင်စွမ်း စိတ်ရှည်နိုင်စွမ်း ကြိုးစားနိုင်စွမ်း ရှိဖို့ဆိုတဲ့ကိစ္စမျိုးကို အဓိက ဦးစားပေး ပြောသွားတယ်လို့ ကျနော်ကတော့ အဲ့လို နားလည်မိပါတယ်။”

အမေရိကန်ပြည်ထောင်စုတဝှမ်းက အမေရိကန်နိုင်ငံသူ၊ နိုင်ငံသားတွေအပြင် တကမ္ဘာလုံးက စိတ်ဝင်တစား နားထောင်ခဲ့ကြတဲ့ မိန့်ခွန်းတခုဖြစ်ပြီး၊ အင်မတန်မှ စိတ်လှုပ်ရှား၊ စိတ်ဝင်စားစရာ ဖြစ်ခဲ့တာပါ။ အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ အင်္ဂါနေ့ညက ပြောကြားတဲ့ သူ့နှုတ်ဆက်မိန့်ခွန်းအတွင်း သူ့အစိုးရလက်ထက် အောင်မြင်မှုတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ကို အဓိက မီးမောင်း ထိုးပြသွားခဲ့တာ ဖြစ်သလို၊ နိုင်ငံရေးအရ သဘာထားကွဲလွဲမှုတွေနဲ့ မလိုမုန်းထားမှုတွေကြောင့် ဒီမိုကရေစီစနစ်ကို ထိခိုက်ပျက်စီးမခံဖို့ လူထုကို သတိပေး ပြောသွားခဲ့ပါတယ်။

အခုလို သမ္မတ အိုဘားမားအနေနဲ့ နိုင်ငံရဲ့ ရှေ့အနာဂတ်အပေါ် အမြော်အမြင်ကြီးကြီးနဲ့ ဆက်သွားကြဖို့ တိုင်းပြည်ကို မှာကြားခဲ့တာဟာ လေးစားအတုယူစရာ ကောင်းတယ်လို့ Pennsylvania ပြည်နယ်မှာနေတဲ့ သမိုင်းသုတေသီ ဒေါ်ဖြူဖြူ က အခုလို ပြောပါတယ်။

“နောက်လာမယ့် သမ္မတလက်အောက်မှာလည်း လူတွေက စည်းစည်းလုံးလုံးနဲ့ အမေရိကန်နိုင်ငံ စီးပွားတိုးတက်အောင် လူတွေ နေဖို့အတွက်ကိုပဲ လမ်းညွှန်ချက်တွေ သူ ပြ ချင်တာရှိတယ်။ အဲဒါကြောင့် ဒီမိန့်ခွန်းကို သူ ပြောတာ ဖြစ်လိမ့်မယ်။ သူ့မိန့်ခွန်းကို ကြည့်ခြင်းအားဖြင့် သူ ဒီအပိုင်းတွေကို ထည့်ပြီးပြောတယ်။ နောက် လူတွေကိုလည်း ပြန်ပြီးတော့ သတိပေးတာရှိတယ်။ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ သူက ပြောတယ်လေ၊ နိုင်ငံသားတယောက်အနေနဲ့ ဘာတာဝန်တွေရှိလဲနော်”

အမေရိကန်သမ္မတ အိုဘားမားရဲ့လက်ထက်အတွင်း ရွှေ့ပြောင်းအခြေချနေထိုင်သူ ဒုက္ခသည်တွေအရေး၊ အလုပ်လက်မဲ့ ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှု ရှိခဲ့ပါတယ်လို့လည်း အမေရိကန်ပြည်ထောင်စု ကရင်အဖွဲ့အစည်းက ကိုစောမူကပေါက ပြောပါတယ်။

“အိုဘားမားကျတော့ သူ အုပ်ချုပ်ခဲ့တဲ့ ၈ နှစ်အတွင်းမှာပေါ့နော် ကျနော်လည်း သဘောကျတယ်။ ဘယ်လိုပြောမလဲဆိုရင် သူ သမ္မတမဖြစ်ခင် ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ အတွင်းမှာ အမေရိကန်စီးပွားရေး တအားကျတယ်။ အလုပ်အကိုင်တွေ အခက်အခဲတွေ အများကြီးရှိတယ်။ နောက် သူ တက်လာတော့ ပြောထားတဲ့ကတိအတိုင်း အလုပ်အကိုင်တွေ အများကြီး ဖန်တီးပေးတယ်။ နောက်ပြီးတော့ အခုလည်း စီးပွားရေး ပိုပြီးတော့ အဆင်ပြေလာတယ်။ သူ သမ္မတဖြစ်တဲ့အချိန်မှာ တခါတလေ သူ အခွင့်အရေးပေးတယ်လေ။ ကျနော်ကလည်း သဘောကျတယ်။”

သမ္မတ တာဝန်တွေ အဆုံးသတ်ပြီး သာမန်နိုင်ငံသားတယောက်အဖြစ် ပြန်လည် နေထိုင်တော့မယ့် ၁၀ ရက်အလိုမှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက တိုင်းပြည်ကို နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြောသွားခဲ့တာဖြစ်ပါတယ်။ အနိုင်ရပါတီ ရီပတ်ဘလစ်ကန် ရွေးကောက်ခံသမ္မတ Donald Trump ကတော့ လာမယ့်ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး၊ ၄၅ ဦးမြောက် အမေရိကန်သမ္မတအဖြစ် တာဝန်ယူတော့မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG