သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကျဆုံး စစ်သည်တွေကို သမ္မတ ဂုဏ်ပြု


သမ္မတ Barack Obama အား Memorial Day အခမ်းအနားတွင် တွေ့ရစဉ်။
သမ္မတ Barack Obama အား Memorial Day အခမ်းအနားတွင် တွေ့ရစဉ်။

နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားကြတဲ့ အမေရိကန် စစ်မှုထမ်းတွေကို ဂုဏ်ပြုတဲ့ Memorial Day အောက်မေ့ဖွယ်နေ့ အခမ်းအနားကို သမ္မတ Barack Obama တက်ရောက်ခဲ့ပြီး တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့ လူတွေရဲ့ အနစ်နာခံ စွန့်လွတ်မှုကို ချီးကျူးခဲ့သလို ကျန်ရစ်သူ မိသားစုတွေ ကိုလည်း နိုင်ငံအနေနဲ့ ဝိုင်းဝန်း ကူညီ စောင့်ရှောက်ကြဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။

အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နှစ်စဉ် မေလရဲ့ နောက်ဆုံး တနင်္လာနေ့ကို အမေရိကန်စစ်တပ်မှာ တာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားကြတဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ Memorial Day အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ် ကျင်းပတာ ဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် အမေရိကန်သမ္မတတွေဟာ အောက်မေ့ဖွယ်နေ့မှာ ဝါရှင်တန် ဒီစီမြို့အပြင်မှာရှိတဲ့ Arlington အမျိုးသား စစ်သင်္ဂြိုင်းကို သွားရောက်ပြီး ကျဆုံး သွားကြတဲ့ စစ်သည်တွေအတွက် လွမ်းသူ ပန်းခွေချ ဂါရ၀ ပြုပါတယ်။

ဒီနှစ်မှာလည်း သမ္မတ အိုဘားမားဟာ Arlington အမျိုးသား စစ်သင်္ဂြိုင်းကို သွားရောက်ပြီး အမည်မသိ စစ်သည်တော်များရဲ့ အုတ်ဂူမှာ လွမ်းသူ ပန်းခွေချပြီး အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ မိန့်ခွန်းပြောကြားခဲ့တာမှာ - တိုင်းပြည်အတွက် အမေရိကန် စစ်သည်တွေ အသက်ပေး သွားခဲ့ကြ တာတွေနဲ့ ပက်သက်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့နိုင်ငံမှာ စစ်မှုထမ်းသူ အရေအတွက်ဟာ အမေရိကန်လူဦးရေ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။ ဒါ့အပြင် အဲဒီ စစ်မှုထမ်းတွေ ဘယ်လောက် မျိုးချစ်စိတ်ရှိကြတယ်ဆိုတာ ကိုယ်တိုင် မြင်တွေ့ဘူးတဲ့သူ၊ သို့တည်းမဟုတ် အဲဒီလို စံနမူနာပြ နေထိုင်သူတွေကို သိရှိတဲ့သူ အရေအတွက်ဟာ နဲပါတယ်။ ဒါပေမယ့် နေ့စဉ် သူတို့ ချစ်ခင်သူတွေရဲ့ ကြားဘူးတဲ့ အသံလေး ဖုန်းထဲကနေ ကြားရလေနိုးနိုး၊ စာတိုက်ကနေ စာလေး ရောက်လာနိုးနိုး၊ အီးမေလ်းလေး တစောင် ရောက်လာလေနိုးနိုးနဲ့ စောင့်မျှော်နေကြတဲ့ အမေရိကန် မိသားစုတွေ များအပြား ရှိနေကြပါတယ်။ ကျနော်တို့ရဲ့ သမိုင်းမှာ အဲဒီလို သတင်စကား မကြားလိုက်ကြရတဲ့ အကြိမ်ပေါင်း တစ်သန်းကျော် ရှိခဲ့ပါတယ်။ အဲဒီလို ချစ်ခင်သူတွေရဲ့ သတင်းစကားကို ကြားရမယ့်အစား အိမ်ရှေ့မှာ စစ်ကားထိုးရပ်လိုက်ပြီး တံခါးခေါက်သံကို ကြားလိုက်ကြပါတယ်။ အဲဒီနောက် မှာတော့ စစ်ခရာမှုတ်သံတွေဟာ သင်္ဂြိုင်းအတွင်းက သစ်ပင်တွေဆီကို ပျံလွှင့်သွားခဲ့တော့တာပါပဲ။”

လွန်ခဲ့တဲ့ တနှစ်အတွင်း အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ အမေရိကန်စစ်သည် ၂၀ ကျဆုံးခဲ့ကြောင်း သမ္မတ အိုဘားမားက ပြောကြားလိုက်ပြီး အဲဒီအထဲက စစ်သည် ၃ ဦး တိုက်ပွဲမှာ မကျဆုံးခင်က ဘ၀ အခြေအနေတွေကို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အရှေ့အလယ်ပိုင်းက စစ်ပွဲတွေမှာ ကျဆုံးသွားခဲ့ကြတဲ့ အမေရိကန်စစ်သည်တွေကို မြေမြုပ်ထားတဲ့ နေရာအပါအဝင် သင်္ဂြိုင်းအတွင်းက အုတ်ဂူတွေရဲ့ တည်ငြိမ်း အေးချမ်းမှုကို သမ္မတ အိုဘားမားက ထင်ဟပ် ပြောကြားခဲ့ပါတယ်။ ကျယ်လောင်တဲ့ တိုက်ပွဲအသံတွေဟာ ဒီ Arlington အမျိုးသား စစ်သင်္ဂြိုင်းအတွင်းက အထွဋ်အမြတ် တောင်ကုန်းတွေကို လမ်းဖယ်ပေးလိုက်ကြရပြီလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

“အဲဒီ တိတ်ဆိတ် ငြိမ်းသက်မှုတွေကို ချစ်ခြင်းမေတ္တာတွေ၊ စကားလုံးတွေနဲ့ မဟုတ်ပဲ ကျွန်တော်တို့ရဲ့ လေးစား တန်ဖိုးထားမှုတွေကို လက်တွေ့ လုပ်ဆောင်ပေးဖို့ဟာ ကျနော်တို့လို အသက်ရှင်လျက် ရှိနေသူတွေ၊ ပြောနိုင် လုပ်နိုင်စွမ်း ရှိတဲ့သူတွေရဲ့ တာဝန် ဝတ္တရားတွေ ဖြစ်ပါတယ်။ ကျဆုံးသွားကြတဲ့ အမေရိကန်နိုင်ငံသားတွေကို အမှန်တကယ် အမှတ်ရပြီး ၊ အမှန်တကယ် ဂုဏ်ပြုဖို့အတွက်ဆိုရင် သူတို့ရဲ့ မိဘတွေ၊ ဇနီးနဲ့ ခင်ပွန်းတွေအပြင်ကျဆုံးသွားကြတဲ့ စစ်သည်တော်တွေရဲ့ ဓါတ်ပုံတွေပါတဲ့ တီရှပ်အင်္ကျီ အနီတွေ ဝတ်ဆင်ထားကြတဲ့ သူတို့ရဲ့ သားသမီးတွေ အကူအညီလိုအပ်တဲ့အခါ ဘေးနားမှာ ရှိပေးနေကြရမှာ ဖြစ်ပါတယ်။”

အသက်မသေဘဲ ရှေ့တန်းက ပြန်ရောက်လာကြတဲ့ စစ်သည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်လည်း တိုင်းပြည်မှာ တာဝန်ရှိကြောင်း သမ္မတအိုဘားမားက အခုလို ဆက်ပြောပါတယ်။

“ကျဆုံးသွားကြတဲ့ စစ်သည်တော်တွေကို အမှတ်တကယ် သတိရ အောက်မေ့တယ်ဆိုတာမှာ - လက်တွဲဘော် ရဲဘော်တွေ ကိုယ့်အိမ် ကိုယ့်ယာကို ပြန်ရောက်နိုင်ရေးအတွက် ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေက သူတို့ရဲ့ အသက်ကို ပေးဆပ်ခဲ့ကြပြီးတဲ့နောက်မှာ စစ်မှုထမ်းဟောင်းတွေ ခံစားသင့်တဲ့ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ရရှိရေးအတွက် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ကျနော်တို့ လုပ်ပေးရမယ့် တာဝန်တွေဟာ ဘယ်တော့မှ မပြီးဆုံးပါဘူး။ သူတို့ကို ကျနော်တို့ လိုအပ်တဲ့အချိန်မှာတင်မဟုတ်ဘဲ သူတို့က ကျနော်တို့ကို လိုအပ်တဲ့အချိန်မှာလည်း သူတို့အတွက် ကျနော်တို့က အမြဲတမ်း ရှိနေပေးဖို့ လိုအပ်ပါတယ်။ ကျနော် အခုစကားပြောနေတဲ့ နေရာနဲ့ သိပ်မဝေးလှတဲ့ နေရာမှာ သူ့ကို မြေမြုပ်သင်္ဂြိုလ်ဖို့ ရက် ၃၀ လောက် အလိုလေးမှာပဲ သမ္မတ ကနေဒီက - ဘယ်လို တိုင်းပြည်မျိုး ဖြစ်တယ်ဆိုတာ နိုင်ငံတော်က ဘယ်လို လူမျိုးတွေ မွေးထုတ်ပေးသလဲဆိုတဲ့ တခုထဲအပေါ် မူမတည်ဘဲ နိုင်ငံတော်က သူတို့ကို ဘယ်လို အမှတ်ရ အေက်မေ့ သတိရနေသလဲဆိုတဲ့အပေါ်မှာပါ မူတည်ကြောင်း ပြောကြားခဲ့ပါတယ်။”

တနင်္လာနေ့ အစောပိုင်းတုန်းကတော့ စစ်တပ်နဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့တွေ အပါအဝင် အဆင့်မြင့် စစ်ဖက် အရာရှိတွေကို သမ္မတ အိုဘားမားက နံနက်စာနဲ့ အိမ်ဖြူတော်မှာ တည်ခင်း ဧည့်ခံခဲ့ပါတယ်။

အမေရိကန်ပြည်တွင်းစစ်အတွင်း လူပေါင်း ၆ သိန်းကျော် သေဆုံးခဲ့ပြီး ၃ နှစ်အကြာ ၁၈၆၈ ခုနှစ်ကစလို့ Arlington အမျိုးသား စစ်သချုႋင်းမှာ ကျဆုံးသူတွေရဲ့ ဂူဗိမာန်၊ သချုႋင်း မြေပုံတွေမှာ အလံငယ်လေးတွေစိုက်ထူသလို ပန်းစည်း ပန်းခွေတွေနဲ့ ဆင်ယင်ထားရာကနေ နောက်ပိုင်းမှာ အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ကျင်းပလာတာပါ။

ဒီ အောက်မေ့ဖွယ် အခမ်းအနားဟာ ရှေ့နှစ် ဇန်နဝါရီလမှာ သမ္မတသက်တမ်း ကုန်ဆုံးမယ့် မစ္စတာ အိုဘားမားအတွက် နောက်ဆုံး တက်ရောက် တဲ့ အောက်မေ့ဖွယ် အခမ်းအနားလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
အမေရိကန်ကျဆုံး စစ်သည်တွေကို သမ္မတ ဂုဏ်ပြု
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG