သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမားလက်ထက် မြန်မာ့အပြောင်းအလဲ


မြန်မာလူငယ်များနှင့် ဆွေးနွေး ပြောဆိုနေသည့် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား။ နိုဝင်ဘာ ၁၄၊ ၂၀၁၆။
မြန်မာလူငယ်များနှင့် ဆွေးနွေး ပြောဆိုနေသည့် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား။ နိုဝင်ဘာ ၁၄၊ ၂၀၁၆။

မြန်မာနိုင်ငံကို အမေရိကန် သမ္မတ တဦး အနေနဲ့ ပထမဆုံး လာရောက်ခဲ့တဲ့ သမ္မတ ဘရက်ခ် အိုဘားမားရဲ့ သမ္မတ သက်တမ်းက ဒီရက်ပိုင်းတွေ အတွင်းမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ကျင့်သုံးပြီး မြန်မာ အစိုးရ၊ အတိုက်အခံ ၊ လူငယ်တွေ နောက် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ပါ ထိတွေ့ ဆက်ဆံခဲ့သလို ဆယ်စုနှစ်နဲ့ချီပြီး မြန်မာ အပေါ်ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကိုပါ ဖယ်ရှားပေးခဲ့တဲ့ အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားရဲ့ ရာထူး သက်တမ်း အတွင်း မြန်မာ့အရေး ဆောင်ရွက်ချက်တွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရန်ကုန် တက္ကသိုလ်မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက သမိုင်းဝင် မိန့်ခွန်းကို ပြောဆိုခဲ့တာပါ။ သမ္မတ အိုဘားမားရဲ့ ဒီခရီးစဉ်က မြန်မာနိုင်ငံကို လာရောက်တဲ့ အမေရိကန် သမ္မတတဦး အဖြစ်လည်း သမိုင်းတွင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် သံတမန် ဆက်ဆံရေး အဆင့်လျှော့ချပြီး ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံရေး မူဝါဒ စတင်ကျင့်သုံးခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ ဆောင်ရွက်ချက်တွေက မြန်မာ့ အသွင်ကူးပြောင်းရေးကို ပိုပြီး ထိရောက်စေခဲ့တယ်လို့လည်း သုံးသပ်ကြပါတယ်။ အမေရိကန်ရဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒရဲ့ တစိတ်တပိုင်း အနေနဲ့ မြန်မာ အစိုးရ အဖွဲ့ဝင်တွေရဲ့ အမေရိကန် ခရီးစဉ်မှာ ကိုယ်တိုင်လိုက်ပါခဲ့တဲ့ ဦးလှမောင်ရွှေက အခုလို သုံးသပ်ပါတယ်။

“သမ္မတဦးသိန်းစိန်လက်ထက်မှာ legitimacyအကန့်အသတ်ရှိတယ်ဆိုပေမယ့် အိုဘားမားအစိုးရကတော့ ထိတွေ့ဆက်ဆံရေးပေါ်လစီကိုသုံးပြီးတော့ ရဲရဲတင်းတင်းပဲ သူ့လွှတ်တော်တို့ ဘာတို့က ဒါအများကြီးမကြိုက်သေးတာတောင်မှ သူက မြန်မာအစိုးရဝန်ကြီးတွေပေါ့လေ တာဝန်ရှိတဲ့သူတွေကို ၂၀၁၂ မှာ သူတို့ဆီကို ပြည်ဝင်ခွင့်ရုပ်သိမ်းတာမျိုးတွေလည်း ရဲရဲတင်းတင်းသူလုပ်ခဲ့တယ်ခင်ဗျ။ ကျနော်နားလည်တာကတော့ ဒီအသွင်ကူးပြောင်းတဲ့အစပေါ့နော် စပြီးကြိုးစားနေတဲ့ကာလမှာ ခွန်အားအများကြီးဖြစ်စေတယ်။”

အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက မြန်မာနိုင်ငံကို ၂ ကြိမ်တိုင် လာရောက်ခဲ့တာပါ။ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း အဓိကထား ပြီးတွေ့ဆုံခဲ့တဲ့အထဲမှာ လူငယ်တွေ၊ အခွင့်အရေး လှုပ်ရှားသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်ခဲ့ပါတယ်။ အမေရိကန် သမ္မတ တဦးအနေနဲ့ အခွင့်အရေး လှုပ်ရှားသူတွေကို အလေးထား တွေ့ဆုံ ဆွေးနွေးခဲ့တာတွေက အခွင့်အရေး၊ လွတ်လပ်ခွင့်တို့နဲ့ ပတ်သက်ပြီး ပိုပြီး စိတ်ဝင်စားစေခဲ့တယ်လို့ ကိုယ်တိုင်တွေ့ဆုံခဲ့သူ တဦး ဖြစ်တဲ့ အခွင့်အရေး လှုပ်ရှားသူ မမေစပါယ်ဖြူက ပြောပါတယ်။

“သူ့ရဲ့ တကမ္ဘာလုံးကလည်း စိတ်ဝင်စားပြီးတော့ စောင့်ကြည့်နေတဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို သူက တလေးတစားနဲ့ပေါ့နော် တွေ့ဆုံစကားပြောခဲ့တာသည် ကျမတို့ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ အထူးသဖြင့်တော့ အမျိုးသမီးအရေး လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေနဲ့ မသန်စွမ်းပေါ့နော် အစရှိတဲ့ ကျမတို့ အခွင့်အရေး ငြင်းပယ်ခြင်းခံနေရတဲ့ ၊ ဒါမှမဟုတ်ရင်လည်း အလေးထားစဉ်းစားချင်းမခံရတဲ့ အုပ်စုတွေအပေါ်မှာ အများကြီးပဲ ကျမတို့အပေါ်မှာ ကောင်းမွန်တဲ့ သက်ရောက်တွေရှိခဲ့တယ်ပေါ့။”

မြန်မာ စစ်အုပ်စု၊ နောက် စစ်အုပ်စုနဲ့ နီးစပ်တဲ့ ခရိုနီ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ လုပ်ငန်းတွေ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကိုလည်း အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက ဖယ်ရှားပေးခဲ့တာပါ။ မြန်မာ အပေါ် ချမှတ်ထားခဲ့တဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားလိုက်တာကြောင့် စီးပွားရေး အပေါ်မှာ ဘယ်လောက် သက်ရောက်မှု ရှိခဲ့သလဲ ဆိုတာကိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ စီးပွားရေး ကော်မတီ အတွင်းရေးမှူး ဦးမင်းခင်ကတော့ အခုလို ပြောပါတယ်။

“စီးပွားရေးပိုပြီးတော့ ဖွံ့ဖြိုးအောင် စီးပွားရေး ပိုပြီးတော့ လည်ပတ်လာအောင်လုပ်ရမယ့်အချိန်မှာ ဒီ sanction ရုပ်လိုက်တာကတော့ အချိန်ကိုက်ဖြစ်သွားတာပေါ့လေနော်။ sanction ရုပ်လိုက်ခြင်းအားဖြင့် စီးပွားရေးအပြောင်းအလဲ ၊ စီးပွားရေးတွေလည်းကောင်းအောင် ပိုပြီးတော့ စီးပွားရေး တိုးတက်လာအောင်လုပ်ဖို့အတွက် အချိန်ကိုက်ရသွားတာပေါ့ ဒါကတော့ အဓိက ကောင်းတဲ့အချက်ပါပဲ။ မြန်မာပြည်ကထွက်ကုန်တွေ ပို့လာနိုင်တာ ၊ ရောင်းဖို့ အမေရိကန်နဲ့ စီးပွားရေး ဆက်ဆံဖို့ ပြင်ဆင်နေတဲ့ နေရာလေးတွေတော့ရှိတယ်။ အဲဒါကတော့ အကုန်အကျိုးသက်ရောက်မှုပေါ့နော်။”

အမေရိကန် သမ္မတ အဖြစ် ၈ နှစ်တာ တာဝန်ထမ်းဆောင်မှု ပြီးဆုံးတော့မယ့် သမ္မတ ဘရက်ခ် အိုဘားမားရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကြောင့် မြန်မာ့ အပြောင်းအလဲပေါ်မှာ အတော်လေး သက်ရောက်မှု ရှိခဲ့တယ်လို့လည်း အများက သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG