သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ကုလ ကြားဝင်ဖို့ OIC တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ် Syed Hamid Albar
မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ် Syed Hamid Albar

မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေ လက်ရှိ ကြုံတွေ့နေရတဲ့ ပြသနာတွေနဲ့ပတ်သက်ပြီး အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို မလေးရှားအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ ကွာလာမ်ပူမြို့တော်မှာ ဒီကနေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

အစည်းအဝေးမကျင်းပခင် တရက်အလိုမှာတော့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေ တိုးပွားလာနေတာကို ရပ်တန့်သွားအောင် ကုလသမဂ္ဂအနေနဲ့ ကြားဝင် ဆောင်ရွက်ပေးသင့်တဲ့အကြောင်း OIC အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။ အကြောင်းစုံကိုတော့ Reuters ကို အခြေခံပြီး ဦးစံမိုးေ၀ က စုစည်းတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထပ်ပြီး တိုးများမလာအောင် - တချိန်က ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့သလိုမျိုး လူမျိုးတုံး သတ်ဖြတ်မှုတွေ မဖြစ်ပွားအောင် တားဆီးနိုင်ဖို့ ကုလသမဂ္ဂအနေနဲ့ ကြားဝင် ဆောင်ရွက် ပေးသင့်တယ်လို့ OIC အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Syed Hamid Albar က ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ ကမ္ဘောဒီးယားနဲ့ ရဝမ်ဒါနိုင်ငံတွေမှာ ဖြစ်ပွားခဲ့သလိုမျိုး လူမျိုးတုံး သတ်ဖြတ်မှုတွေကို ထပ်ပြီး မမြင်ချင်တော့ပါဘူး။ နိုင်ငံတကာ မိသားစုအနေနဲ့ လူတွေသန်းနဲ့ချီ သေဆုံးခဲ့ရတာ တွေ့ခဲ့ပြီးပါပြီ။ ကမ္ဘောဒီယားနိုင်ငံအတွင်းမှာ သန်းပေါင်း ဘယ်လောက်သေခဲ့သလဲ၊ နောက်ပြီးတော့ ဆရီဘရီနီကာ (Srebrenica)။ အဲဒီမှာ လူတွေသတ်ဖြတ်နေကြတာကို ကုလသမဂ္ဂ က တွေ့ခဲ့ပြီးပါပြီ။ ဒါတွေဟာ ကျနော်တို့အနေနဲ့ ဘာလုပ်နိုင်မလဲဆိုတာ ဆင်ခြင်နိုင်ဖို့ အတိတ်က သင်ခန်းစာတွေပါ။”

ဒီရိုဟင်ဂျာအရေးဟာ ပြည်တွင်းရေးပြသနာ မဟုတ်တော့ဘဲ နိုင်ငံတကာက ဝင်ရောက် ဆောင်ရွက်ရတော့မယ့်ကိစ္စ ဖြစ်လာနေပြီလို့လည်း OIC မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ဟာမက် အယ်လ်ဘာ က ပြောပါတယ်။

ဒီကနေ့ ကျင်းပမဲ့ OIC နိုင်ငံခြားရေးဝန်ကြီး အဆင့် အစည်းအဝေးကို မလေးရှားအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ ခေါ်ယူကျင်းပတာဖြစ်ပါတယ်။ OIC အဖွဲ့ဟာ ကမ္ဘာအနှံ့မှာရှိတဲ့ မွတ်ဆလင်နိုင်ငံပေါင်း ၅၇ နိုင်ငံကို ကိုယ်စားပြု ဖွဲ့ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ လူသားချင်းစာနာမှု အထောက်အကူတွေကို ရခိုင်ပြည်နယ်အတွင်း ပို့ဆောင်ခွင့်ပြုရေး OIC နဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေက မြန်မာအစိုးရကို တောင်းဆိုကြဖို့ ဆွေးနွေးကြမှာ ဖြစ်သလို ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်ပွားရတဲ့ အကြောင်းအရင်း ဇစ်မြစ်ကို အဖြေရှာရေး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ သူတို့ရဲ့ နေအိမ်တွေရှိရာကို လုံခြုံစိတ်ချစွာနဲ့ သိက္ခာရှိရှိ ပြန်နိုင်ခွင့်ရရှိဖို့နဲ့ မြန်မာပြည်တွင်းက တစ်သိန်းကျော်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေးကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ OIC ရဲ့ ကနဦး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက ရခိုင်ပြည်နယ်အတွင်းက မြန်မာနယ်ခြားစောင့် ရဲစခန်းတွေကို လက်နက်ကိုင် လူစုလူဝေးက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် မြန်မာရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့ချိန်ကစပြီး ပဋိပက္ခတွေ ကြီးထွားလာခဲ့တာပါ။ လူပေါင်း ၈၆ ယောက် သေဆုံးခဲ့ရပြီး လူပေါင်း ၆ သောင်း လောက် ဟာ တဖက်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ ကြတယ်လို့ သတင်းတွေကြတယ်လို့ န့်မှန်းကြပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း ဥပဒေမဲ့ အကျဉ်းရုံး သတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ၊ ကျေးရွာတွေ လူနေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပေမဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရက ငြင်းဆို ခဲ့ပြီး ဒါတွေဟာ ပြည်တွင်းရေးပြသနာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တပ်စခန်းတွေစီးနင်း တိုက်ခိုက်ခံခဲ့ရမှုကို တိုန့်ပြန်ကိုင်တွယ်ဆောင်ရွက် တာသာဖြစ်ပြီး ဒီတိုက်ခိုက်ခဲ့မှုရဲ့ နောက်ကွယ်မှာ ပြည်ပက စစ်သွေးကြွတွေပါဝင်နေတယ်လို့ ပြောပါတယ်။

အစ္စလာမ်ဝါဒ ပြန်လည်ထွန်းကားရေး တပ်ဦး အဖွဲ့ကတော့ ရိုဟင်ဂျာမွတ်ဆလင် အရေးကိစ္စကို ကုလသမဂ္ဂ က ကြားဝင်ပေးဖို့ တောင်းဆိုပါတယ်လို့ အဖွဲ့ရဲ့ခေါင်းဆောင် အာမက် ဖါရွတ်မူဆာ က ပြောပါတယ်။

“ဘောစနီးယားစစ်ပွဲတုံက အခြေအနေကိုကြည့်လိုက်ပါ။ ကုလသမဂ္ဂအနေနဲ့ ဆားဘီးယားတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့အတွက် OIC က ကြားဝင် ဖိအားပေး လုပ်ဆောင်ခဲ့ပြီးတဲ့နောက် စစ်ပွဲရပ်သွားစေခဲ့သလိုမျိုး အလားတူပဲ မြန်မာနိုင်ငံမှာလည်း ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းနှိပ်စက်နေမှုတွေ ရပ်တန့်သွားအောင် OIC အနေနဲ့ လုပ်သင့်ပါတယ်။”

မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုဟာ ဒေသခံတွေရဲ့ မလိုလားအပ်တဲ့ တုန့်ပြန်မှုတွေနဲ့ ကြုံရနိုင်ကြောင်း၊ နိုင်ငံတကာ မိသားစုအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခ အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားဖို့နဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ ချင်းကပ်မှုမျိုး ပြုလုပ်သင့်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ အစ္စလာမ်မစ် နိုင်ငံတနိုင်ငံ မဟုတ်တဲ့အတွက် OIC ရဲ့ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်မှာ မဟုတ်ပဲ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုတော့ အခြေနေအရပ်ရပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG