သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေး ကြာသပတေးနေ့ စတင်မည်


 ၂၀၁၆ အောက်တိုဘာတုန်းက Tashkent တွင်ကျင်းပခဲ့သော OIC နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေး
၂၀၁၆ အောက်တိုဘာတုန်းက Tashkent တွင်ကျင်းပခဲ့သော OIC နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေး

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရိုဟင်ဂျာမွတ်ဆလင် လူနည်းစု အရေးကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးအဆင့် အရေးပေါ်ဆွေးနွေးပွဲတရပ်ကို အခုသီတင်းပတ် ကုန်ပိုင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပဖို့ ရှိကြောင်း အစ္စလာမ် ပူးပေါင်းဆောင်ရွက်အဖွဲ့ (OIC) ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။

ဆွေးနွေးပွဲခေါ်ယူဖို့အတွက် မလေးရှားအစိုးရက မေတ္တာရပ်ခံခဲ့တာဖြစ်ပြီး အစည်းဝေးကို ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဖြစ်ကြောင်း အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ လူသားချင်းစာနာမှုအထောက်အကူ တွေကို ရခိုင်ပြည်နယ်အတွင်း ပို့ဆောင်ခွင့်ပြုဖို့အတွက် OIC နဲ့ နိုင်ငံတကာလူ့အဖွဲ့အစည်းတွေက မြန်မာအစိုးရကို တောင်းဆိုကြဖို့အတွက် ဒီအစည်းအဝေးမှာ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး အကြမ်းဖက်မှု ဖြစ်ပွားရတဲ့ အကြောင်းအရင်း ဇစ်မြစ်ကို အဖြေရှာဖို့၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ သူတို့ရဲ့နေအိမ်တွေရှိရာကို လုံခြုံစိတ်ချစွာနဲ့ သိက္ခာရှိရှိ ပြန်နိုင်ခွင့်ရရှိဖို့နဲ့ မြန်မာပြည်တွင်းက ၁ သိန်း ၂ သောင်းကျော်ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အရေးကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားကြောင်း ကာတာ သတင်းဌာနက ရေးသားထားပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး Ms Yanghee Lee ဟာ မနေ့က အောက်တိုဘာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းက ကျေးရွာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ Yanghee Lee ဟာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရဲစခန်းကို သွားရောက်လေ့လာသလို၊ မွတ်ဆလင်ဒုက္ခသည်စခန်းတွေနဲ့ ဘူးသီးတောင် အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ပါတယ်။ သူ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာ တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံသလို ဘူးသီးတောင်နဲ့ မောင်တောဒေသက ရခိုင်တိုင်းရင်းသားတွေနဲ့ရော မွတ်ဆလင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် ဦးဆောင်ခဲ့တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် Sheikh Hasina အပါအဝင် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရေးနဲ့ ပတ်သက်ပြီး စတင်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ သဘောတူကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအရေးကိစ္စတွေကို အဖြေရှာနိုင်ဖို့အတွက် အစိုးရက ဖွဲ့စည်းထားတဲ့ ရခိုင်အကြံပေး ကော်မရှင်အဖွဲ့ဟာ လာမည့် အင်္ဂါနေ့မှာ လေးကြိမ်မြောက် ရခိုင်ပြည်နယ်ခရီးစဉ်အဖြစ် ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့တို့ကို သွားရောက်ပြီး ဒေသခံတွေ စီးပွားရေးလုပ်ငန်းတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

၂ ရက်ကြာသွားရောက်မယ့်ခရီးစဉ်မှာ အကြံပေးကော်မရှင်ရဲ့ ဥက္ကဌ ဖြစ်သူ ကုသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ကတော့ လိုက်ပါနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG