သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS ပပျောက်ရေး အလှူငွေမလုံလောက်သေး


ကြောက်စရာကောင်းတဲ့ AIDS ရောဂါ ကူးစက်မှုကို ၂၀၃၀ ပြည့်မှာ နောက်ဆုံးထား အမြစ်ပြတ်အောင်လုပ်ဆောင်ဖို့ ကုလသမဂ္ဂ AIDS ရောဂါဆိုင်ရာ အေဂျင်စီရဲ့ ရည်မှန်းချက်ဟာ၊ ကြားရတဲ့လူတိုင်းအတွက်တော့ ဝမ်းသာစရာ သတင်းကောင်းတခု ဖြစ်ပါတယ်။

UNAIDS ရဲ့ ၉၀-၉၀-၉၀ လို့ အမည်ပေးထားတဲ့ အစီအစဉ်မှာတော့ AIDS ရောဂါဖြစ်စေတဲ့ HIV ပိုး ကူးစက်ခံနေရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ သူတို့ရောဂါပိုး ကူးစက်ခံရတဲ့ အခြေအနေကို သိရှိနိုင်ဖို့၊ HIV ပိုးရှိသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးဝါးကုသမှု ရရှိဖို့နဲ့၊ ကုသမှုခံယူနေသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာလည်း ရောဂါပိုးကူးစက်မှု လျော့နည်းလာတာ တွေ့ရဖို့ ရည်မှန်းထားပါတယ်။

ဒီအစီအစဉ်အရ တွက်ကြည့်မယ်ဆိုရင်တော့ - ကမ္ဘာတဝှမ်းမှာ လူပေါင်း ၂၈ သန်း HIV ပိုး ကူးစက်ခံရမယ့် အခြေအနေက ကာကွယ်နိုင်မှာ ဖြစ်သလို၊ AIDS ရောဂါနဲ့ ဆက်နွယ်ပြီး လူပေါင်း ၂၁ သန်း သေဆုံးမယ့်အရေးကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီအစီအစဉ်အတွက်၊ ရှေ့လာမယ့် ၅ နှစ်အတွင်း ဝင်ငွေနိမ့်တဲ့ တိုင်းပြည်တွေမှာ ဒေါ်လာ ၉.၇ ဘီလီယံ သုံးစွဲဖို့ လိုအပ်သလို၊ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေမှာ ၈.၇ ဘီလီယံ လိုအပ်မယ်လို့လည်း ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။ ဒီအတွက်လည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေလို ချမ်းသာတဲ့ နိုင်ငံတကာ အလှူရှင်တွေ ရန်ပုံငွေ ထည့်ဝင်ဖို့ လိုအပ်မှာပါ။

တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့မှာ တနင်္လာနေ့စတင်ကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံအတွက် ကျွမ်းကျင်သူတွေ ရောက်ရှိလာနေချိန်မှာ၊ အကောင်းမြင်သဘောထား ရှိသူတွေကတောင် ဒီရည်မှန်းချက်ဟာ သိပ်မလွယ်လှဘူးလို့ ဆိုကြပါတယ်။

ဒါပေမဲ့လည်း AIDS ရောဂါဆိုးကြီးကို တိုက်ဖျက်ဖို့ နိုင်ငံရေးဆန္ဒရှိတယ် ဆိုတာကို ပြသပြီး၊ အလှူရှင်တွေ၊ နိုင်ငံတကာအစိုးရတွေကို ရန်ပုံငွေပိုမိုထည့်ဝင်သွားကြမယ် ဆိုရင်တော့ မဖြစ်နိုင်တဲ့ အစီအစဉ် မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG