မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စစ်ရေးပဋိပက္ခဖြစ်ပွား ခဲ့တဲ့ ရှမ်းပြည်နယ်မြို့နယ် (၁၅)မြို့နယ်က ဒေသခံတွေ လူ့အခွင့်အရေးချိုးဖောက် ခံနေရမှုနဲ့ပတ်သက်လို့ တအာင်းပလောင်အမျိုးသမီးအဖွဲ့ကနေရန်ကုန်မြို့ အတွင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီအစီရင်ခံစာမှာ တပ်မတော်ရဲ့ပုံရိပ်ကို ထိခိုက် တဲ့အကြောင်းအရာတွေ ပါနေလို့ပိတ်ပင် ခံခဲ့ရတယ်လို့ဆိုပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။
တအာင်းပလောင်အမျိုးသမီးအဖွဲ့ကနေ မှတ်တမ်းပြုစုထားတဲ့ “ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ” အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒီကနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်မဲ့ကိစ္စကို ဒေသခံအာဏာပိုင်တွေ ကနေ တားမြစ်ပိတ်ပင်ခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့အစည်း ခေါင်းဆောင်ဖြစ်သူ လွေးပိုးညိူဝ်း က အခုလိုပြောပါတယ်။
“ဒီအစီရင်ခံစာက စစ်တပ်နဲ့ပတ်သက်နေလို့ လုပ်လို့မရဘူးတဲ့။ အထက်ကလည်း လုပ်ခွင့်မပေးဘူးလို့ပြောတယ် ကျမတို့ကို။”
တအာင်းပလောင်အမျိုးသမီးအဖွဲ့ရဲ့ “ညှဉ်းပန်းနှိပ်စက်ရန်လေ့ကျင့်ထားသူများ” အစီရင်ခံစာနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ဖို့ ကြိုးပမ်းရာမှာ နှစ်ကြိမ်တိတိ ပိတ်ပင်ခြင်းခံခဲ့ရတာပါ။ ဇွန်လ(၂၅)ရက်နေ့တုန်းကလဲ ရန်ကုန်မြို့ Orchid Hotel မှာပြုလုပ်ဖို့ စီစဉ်ထားရာမှာ အာဏာပိုင်တွေကတားမြစ်ခဲ့လို့ အခု Excel ဟိုတယ်မှာပြောင်းလဲ ကျင်းပရာမှာလဲ ဒုတိယအကြိမ် တားမြစ်ပိတ်ပင်ခြင်းခံခဲ့ရတယ်လို့ လွေးပိုးညိူဝ်း ပြောပါတယ်။
အရင်က သတင်းစာရှင်းပွဲတွေပြုလုပ်ရာမှာ တားမြစ်ပိတ်ပင်မှုတွေမရှိခဲ့ပေမဲ့ အခုလို ပိတ်ပင်တဲ့အကြောင်းအရင်းဟာ အစီရင်ခံစာမှာ တပ်မတော်ရဲ့ပုံရိပ်ကို ထိခိုက်တဲ့အကြောင်းအရာတွေပါနေလို့ဖြစ်နိုင်ကြောင်း လွေးပိုးညိူဝ်း ပြောပါတယ်။
အစီရင်ခံစာထဲမှာဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းပလောင်ဒေသမှာ စစ်ပွဲဖြစ်ပွားချိန်ပဋိပက္ခအတွင်း ၂၀၁၁ ခုနှစ် မတ်လ ကနေ ၂၀၁၆ခုနှစ် မတ်လ အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖေါ်ပြထားတယ်လို့ လွေးပိုးညိူဝ်း အခုလို ပြောပါတယ်။
“တအာင်းပလောင်ဒေသမှာ စစ်ပွဲဖြစ်နေတဲ့ အချိန်ကာလအတောအတွင်း ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားမဝင်ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မူတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် အစိုးရက စစ်ပွဲလက်နက်တခုအဖြစ် အသုံးချနေတာကိုကျမတို့တွေ့ရတယ် ဒီတပ်မတော်ကနေပေါ့နော်။ အဲလိုဖြစ်တဲ့အခါကျတော့ ဒီလိုနိုင်ငံတကာဥပဒေမှာလည်း ဒီလို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မူတွေကို အသုံးချနေတယ်ဆိုရင် ဒါ စစ်ရာဇဝတ်မှုတွေကို ချိုးဖောက်တယ်ဆိုပြီးတော့မှ ကျမတို့လည်း စစ်ရာဇဝတ်မှု ချိုးဖောက်ကြောင်းကို ဖော်ပြထားတဲ့ဟာတွေရှိတယ်။ ဒီအစီရင်ခံစာထဲမှာပေါ့နော်။”
ရှမ်းပြည်နယ်(၁၅)မြို့နယ်ထဲမှာ တပ်မတော်ကနေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမှုပေါင်း အရေအတွက် ၁၄၂ ခုပါဝင်ပြီး မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ မုဒိန်းကျင့်မှုစတဲ့ ပြစ်မှုကျူးလွန်ထားတဲ့ အပေါ် တအာင်းအမျိုးသမီးအဖွဲ့အစည်းကနေ မှတ်တမ်းကောက်ယူ စုဆောင်း ထားတယ်လို့ မလွေးပိုးညိုဝ်းပြောပါတယ်။
သတင်းစာရှင်းလင်းပွဲပိတ်ပင်မှုနဲ့ပက်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနကအနေနဲ့ပိတ်ပင်တာမဟုတ်ဘဲ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှု အပိုင်းနဲ့သက်ဆိုင်တယ်လို့ယူဆကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်သန့်က အခုလိုပြောပါတယ်။
“ကျနော်တို့အနေနဲ့ကတော့ ဒီဟာနဲ့ပတ်သက်လို့ ရေးသားဖော်ပြမှု အပိုင်းတွေမှာက ဆောင်ရွက်ထားတာမရှိပါဘူးခင်ဗျ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လေ။ ကျန်တဲ့အပိုင်းကတော့ ကျနော်သီးခြား comment ပေးစရာမရှိပါဘူးခင်ဗျ။ ဒါကတော့ မြို့နယ် General Admin ရဲ့အပိုင်းပဲဖြစ်တယ်ဆိုတော့လေ။ အဓိကတော့ မြို့နယ်အုပ်ချုပ်ရေးဆိုတဲ့ဟာဆိုတော့ အဓိကတော့ သူ့တို့ရဲ့စီမံပိုင်ခွင့်အပိုင်းထဲမှာလည်း ဖြစ်နိုင်တယ်လေ။”
ပလောင်အမျိုးသမီးအဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲပိတ်ပင်တားဆီးခံရမှုနဲ့ပက်သက်ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးကနေ သူ့အမြင်ကို အခုလိုပြောပါတယ်။
“ကျမအမြင်နဲ့ကတော့ ဒါက မပိတ်ပင်သင့်ဘူး။ ဒါပြည်သူလူထုအတွက်ကို သူကလုပ်ဆောင်နေတာ။ ပြည်သူလူထုက အမှန်တကယ်ပဲ လူ့အခွင့်အရေး ချိုးဖောက်တာကို ခံနေရတယ်။ တကယ့်အစစ်အမှန်ပဲ ကျမတို့မျက်စိ၊ ကိုယ်တွေ့မှာလည်း မြင်တွေ့နေရတယ် ကြားနေရတယ်။ ကမ္ဘာသိအောင် မြင်နေရတယ် အကုန်လုံး ကြားတွေ့နေရတယ်။ ဒီအစိုးရဘက်အနေနဲ့ တပ်မတော်အနေနဲ့လည်း သူတို့က မှန်ကန်တဲ့နည်းလမ်းကို တကယ်ပဲ သူတို့က လူ့အခွင့်အရေး ကို အမှန်တကယ်မချိုးဖောက်ဘူးဆိုရင် ဒီဟာကို ပိတ်ပင်တားဆီးတာမျိုးမလုပ်သင့်ဘူး။”
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း လွတ်လပ်စွာရေးသားထုတ်ဝေခွင့် ဆန္ဒဖေါ်ထုတ်ခွင့်တွေ အတော်အတန်ရရှိလာခဲ့ပြီးလို့ဆိုပေမဲ့ တပ်မတော်အရေးနဲ့ပက်သက်ပြိး လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ကန့်သတ် ခံနေရဆဲလို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း ခေါင်းဆောင်ဖြစ်သူလွေးပိုးညိုဝ်းအခုလိုပြောပါတယ်။
“ကျမတို့မြန်မာပြည်က ဒီမိုကရေစီလမ်းကြောင်းကို သွားနေပြီလို့ အများက သတ်မှတ်ကြတယ်။ ပြောဆိုကြတဲ့အချိန်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ဟာကို ဖော်ပြဖို့က ကျမတို့တာဝန်ပဲ ကျမတို့က စစ်တပ်နဲ့ ပတ်သက်တဲ့ ကိစ္စကို ပြောခွင့်မရှိဘူးဆိုရင် စစ်တပ်ကပဲ အုပ်ချုပ်နေသလားလို့တောင်မှ ဒါ သံသယဖြစ်စရာပဲ။”
ရှမ်းပြည်နယ် တအာင်းပလောင်ဒေသက စစ်ပွဲကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အခြေအနေတွေကို တအာင်းအမျိုးသမီးအဖွဲ့အစည်းကနေ မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ကုလသမဂ္ဂလူအခွင့်အရေး အရာရှိမစ္စယန်ဟီလီနဲ့ တွေ့ ဆုံတင်ပြခဲ့ပြီးဖြစ်သလို နိုင်ငံတော်သမ္မတဦးထင်ကျော်ထံတင်ပြသွားဖို့ကြိုးပမ်းနေဆဲလို့လဲ အဖွဲ့တာဝန်ရှိသူ တွေက ဆိုပါတယ်။