သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ငြိမ်းချမ်းရေး အမေရိကန် နိုင်ငံခြားရေးဌာနမှာ ဆွေးနွေး


အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy နဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကချင် ခေါင်းဆောင်တွေ
အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy နဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကချင် ခေါင်းဆောင်တွေ

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခ အခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အ စည်းတွေအားလုံး ဆွေးနွေးညှိုနှိုင်းရေးနည်းလမ်းနဲ့ အဖြေရှာဖို့ အမေရိကန်အစိုးရဘက်က တိုက်တွန်းလိုက်ပါတယ်။

မတ်လ (၂၈)ရက်နေ့က အရှေ့တောင်အာရှဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy နဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကချင် ခေါင်းဆောင်တွေ တွေ့ဆုံပြီး မြန်မာ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သဘောထားအမြင်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

အဲဒီတွေ့ဆုံပွဲမှာ UNFC ကတောင်းဆိုထားတဲ့ အချက်အပါအဝင် NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ခြင်း ရှိမရှိကို အမေရိကန်အစိုးရဘက်က စိတ်ဝင်စားမှုရှိနေကြောင်း ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San က ပြောပါတယ်။

“ သူတို့ ပြောတာကတော့ အစိုးရဘက်က ပေးထားတဲ့သတင်းဖြစ်ပါလိမ့်မယ်။ UNFC ဘက်ကတောင်းဆိုထားတဲ့ အချက် (၉)ချက်ကို အစိုးရဘက်က လက်ခံတဲ့အခြေအနေ ကြားသိရလို့ သူတို့ဝမ်းသာပါတယ်ပေါ့နော်။ ငြိမ်းချမ်းရေးကတော့ နီးစပ်လာပြီလို့ ထင်ပါတယ်လို့ပြောတယ်။ ဒါပေမဲ့ ကျနော်တို့က ပြောပါတယ်။ မဟုတ်ပါဘူး။ အဲဒါမမှန်ဘူးလို့။ (၉)ချက်ကို လက်ခံတဲ့ သဘောသဘာဝမရှိပါဘူးလို့။ (၉)ချက်ကို အတိအကျလက်ခံမယ့် အခြေအနေမရှိဘူးလို့ ပြောတာပါ။ ဆက်ပြီးဆွေးနွေးရမယ်လို့ ပြောပြပါတယ်။

မေး။ ။ ဆက်ပြီးဆွေးနွေးရမယ်ဆိုတဲ့ အချက်တွေက ဘာတွေပါလဲရှင့်။ ဥပမာ ပြောလို့ရမလား။

ဖြေ။ ။ “တချို့အချက်က နိုင်ငံရေးအရ အားလုံးပါဝင်တဲ့ မူတို့၊ နောက် တခြားနိုင်ငံကနေပြီးတော့ international witness ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြဿနာရှိနေပါတယ်။ နောက်တခုက ဆိုင်းထိုးပြီးမှ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ ကြေညာချက် ပထမဆုံးအချက်နဲ့ပတ်သက်လို့တောင် လက်ခံနိုင်တဲ့ အခြေအနေမရှိဘူးလို့ ပြောပြပါတယ်။”

ဒါအပြင် တနင်္လာနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည် စခန်းကို သွားခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်လို့လည်း ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy နဲ့ ဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားတွေဘက်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားတဲ့ ယုံကြည်မှုနဲ့ ပတ်သက်လို့တော့ Gum San က အခုလိုပြောပါတယ်။

“အခြားလူတွေနဲ့ တိုင်းတာမယ်ဆိုရင် သူတဦးတယောက်၊ ခေါင်းဆောင်တဦးအနေနဲ့ သူပဲအဓိကကျတယ်။ သူပဲတတ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ့အပေါ်တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကတော့ တနှစ်နဲ့ တနှစ် နည်းပါးလာတဲ့အခြေအနေရှိပါတယ်လို့ ပြောပါတယ်။”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အစိုးရနဲ့ ဆက်လက် ညှိုနှိုင်းဆွေးနွေးဖို့ အမေရိကန်ဘက်က လိုလားကြောင်း Mr. Mruphy ကပြောဆိုခဲ့တယ်လို့ Gum San က ပြောပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဘေးရှောင်ဒုက္ခသည်တွေအရေးအပါအဝင်၊ ကချင်ပြည်နယ်မှာ ကက်သလစ်နဲ့ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတွေ ကန့်သတ်ခံရမှုတွေကိုလည်း ဆွေးနွေးပွဲမှာပါဝင်တဲ့ ကချင်ဘာသာရေးခေါင်းဆောင်တွေက တင်ပြခဲ့သလိုမလေးရှားနိုင်ငံက ကချင်ဒုက္ခသည်တွေ အရေးတွေကိုပါ ဆွေးနွေးတင်ပြခဲ့တယ်လို့ Gum San က ပြောပါတယ်။

မတ်လ (၂၈)ရက် အင်္ဂါနေ့က အရှေ့တောင်အာရှဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy နဲ့ တွေ့ဆုံပွဲကို အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Kachin Catholic Community of America၊ Kachin American Baptist Association၊ Kachin Baptist Churches နဲ့ ကချင်မဟာမိတ်အဖွဲ့အစည်းက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG