သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံဖြိုးရေး ဒေါ်စု ဦးဆောင်ဆွေးနွေး


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဓါတ်ပုံ- Myanmar State Counsellor office)
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဓါတ်ပုံ- Myanmar State Counsellor office)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာပါအကြံပြုချက်တွေကို အစိုးရအနေနဲ့ အမြန်ဆုံး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်သွားရေးကို ဒီကနေ့ (ဗုဒ္ဓဟူးနေ့)ကျင်းပတဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှုတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့တဲ့အကြောင်း အစည်းအဝေး တက်ရောက်သူတချို့က ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးမှုရှိရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးတင်ပြခဲ့ကြတဲ့ ဒီ အစည်းအဝေးအကြောင်း မခင်ဖြူထွေးက မေးမြန်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက နေပြည်တော်မှာ ရှိတဲ့ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခမ်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုတိုးတက်ရေးဆိုင်ရာ လုပ်ငန်း အခြေအနေတွေကို ပုံမှန် ဆွေးနွေး ညှိနှိုင်းကြတဲ့ ဗဟိုကော်မတီ အစည်းအဝေးဖြစ်ပြီး ဒီအစည်းအဝေး မှာတော့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရဘက်က အမြန်ဆုံး ထိထိရောက်ရောက် အကောင်အထည် ဖော်သွားဖို့ကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဒီကနေ့ အစည်းအဝေးကို တက်ရောက်ခဲ့ တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

“အဓိကအချက်ကတော့ ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေ ထွက်လာတယ်လေ။ ဒါနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စတွေ ဆွေးနွေးတာပေါ့နော်။ အစီရင်ခံစာကတော့ fair (မျှတ)တယ်ပေါ့နော်။ အကောင်အထည်ဖေါ်ရမယ်။ ဒါတွေကို ပြောတာပါ။ တချို့ကလည်း လုပ်နေတယ်ဆိုပေမယ့် ဆက်ပြီး အကောင်အထည်ဖေါ်မယ့် လုပ်ငန်းတွေကို ခပ်သွက်သွက်နဲ့ ခပ်မြန်မြန်လုပ်ဖို့ဟာတွေ လုပ်နေပါတယ်။ ကျနော်တို့ဆို camp နဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ နောက်ဆုံးပတ်က ရခိုင်ကို သွားတယ်။ လက်ရှိ ရှိနေတဲ့ camp တွေရဲ့ အခြေအနေကိုကြည့်တယ်။ ဒါတွေလေ့လာတယ်။ တချို့နေရာတွေက ပြန်ပြီး နေရာချထားလို့ ရတယ်အခြေအနေရှိတယ်။ တချို့နေရာက မရသေးဘူး။ အဲတော့ ရတဲ့နေရာက စလုပ်မယ်။”

ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာမှာ လူသားချင်းစာနာမှု အကူအညီတွေကနေ ရေရှည် ဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားဖို့ နဲ့ ဒီအတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တဲ့အကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

“ ရခိုင်ပြည်နယ် လူမှုစီးပွား ဖွံဖြိုးတိုးတက်ရေးဆိုတဲ့ စီမံချက်ကြီးကတော့ ရှိတာပေါ့။ အဲဒါကိုလည်း ကျနော်တို့က အကောင်အထည်ဖေါ်တယ်။ နောက် UN အဖွဲ့အစည်းတချို့နဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ လူသားချင်းစာနာထောက်ထားမှုကနေ ရေရှည်ဖွံဖြိုးတိုးတက်ရေးဆီ ပြောင်းလဲသွားမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်ပေါ့။”

ရခိုင်ပြည်နယ်တွင်း လက်ရှိအခြေအနေနဲ့ ပတ်သက်လို့လည်း ဒေါက်တာ ဝင်းမြတ်အေးက အခုလို ပြောပါတယ်။

“အရင်ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်စပ်ပြီးကြည့်ရင် တည်ငြိမ်တဲ့သဘောတော့ ရှိပါပြီ။ အခုတော့ ပြန်ပြီးတည်ငြိမ်လာပြီ။ ကျနော်တို့လည်း လုပ်သင့်လုပ်ထိုက်တာတွေ အကုန်လုပ်နေတယ်။ ကျနော်တို့ အခုလုပ်မယ့် လုပ်ငန်းစဉ်တွေကို ဆက်လုပ်သွားရင်တော့ ပိုကောင်းလာမှာပေါ့။ တဖြေးဖြေးနဲ့။ ဒါပေမဲ့ အဲဒီနေရာတွေက အမြန်တမ်းတော့ သတိထားရမယ့် နေရာတော့ ဖြစ်နေတယ်။”

ဒီကနေ့ အစည်းအဝေးကတော့ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံဖြိုးရေးကိစ္စတွေကို ဆောင်ရွက်နေကြတဲ့ လုပ်ငန်းညှိနှိုင်းအဖွဲ့တွေရဲ့ ပုံမှန် အစည်းအဝေး ဖြစ်ပြီး ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်း ကော်မတီ၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီတွေက တာဝန်ရှိသူတွေ တက်ရောက်ကြတဲ့ အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG