သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံညီလာခံ ကိုယ်စားလှယ် ၇၀၀ ခန့်တက်မည်


မြန်မာနိုင်ငံမှာ သြဂုတ်လ ၃၁ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၅၀ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ လောက် တက်ရောက်မယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

တက်ရောက်မယ့် ကိုယ်စားအရေအတွက် အတိအကျကိုတော့ အခုလလယ်မှာ ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC စည်းဝေးပွဲအတွင်း ဆုံးဖြတ်သွားမယ်လို့ ဝန်ကြီး ဦးကျော်တင့်ဆွေက လွှွတ်တော်ကို ပြောကြားလိုက်တာပါ။

အဲဒီစည်းဝေးပွဲကနေ ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးကြမယ့် နိုင်ငံရေးမူဘောင်တွေကိုလည်း ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ကြမယ့် တခြား အဖွဲ့အစည်းတွေကတော့ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ နိုင်ငံရေးပါတီနဲ့ တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။

အဖွဲ့ဝင် ၁၈ ဦးပါတဲ့ ဒီ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မီတီကို နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး တခြားအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒီ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေးကော်မီတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီ ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ ခေတ်မီပြီး အင်အားတောင့်တင်းတဲ့ နိုင်ငံတော်ဖြစ်ရေးအတွက် ပထမခြေလှမ်းတရပ် အစိုးရဖြစ်တဲ့အတွက် ညီလာခံဖြစ်မြောက်ရေး ကော်မတီနဲ့ အားလုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG