သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံညီလာခံ လုံခြုံရေးထိပါးမှု Duterte ဒေါသနဲ့ တုန့်ပြန်


ဖိလစ်ပိုင်သမ္မတ Duterte
ဖိလစ်ပိုင်သမ္မတ Duterte

အကြိမ် ၃၀ မြောက် အာဆီယံ ၂၀၁၇ ထိပ်သီးညီလာခံကို ဧပြီ ၂၆ ကနေ ၂၉ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်ဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အခြား အာဆီယံခေါင်းဆောင် ၈ ဦးတို့လည်း ဒီသောကြာနေ့ ဆိုက်ရောက်ကြဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖိလစ်ပို်င် Bohol ကျွန်းမှာ အစ္စလမ် အစွန်းရောက်တွေ ဝင်တိုက်ခိုက် ခဲ့တဲ့အတွက် ခု အာဆီယံထိပ်သီးညီလာခံမှာ လုံခြုံရေးကို အထူးတင်းကြပ်ထားပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကတော့ အစွန်းရောက်တွေရဲ့ လုပ်ရပ်အပေါ် ဒေါသထွက်ခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပါမယ်။

အကြိမ် (၃၀) မြောက် အာဆီယံထိပ်သီးညီလာခံကို မကျင်းပမှီ ဆက်စပ်ဆွေးနွေးပွဲဖြစ်တဲ့ အာဆီယံကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေကျင်းပနေတဲ့ Bohol ကျွန်းမှာ ပြီးခဲ့တဲ့သတင်းပတ်က အစ္စလာမ်မစ် အစွန်းရောက် Abu Sayyaf အဖွဲ့ဝင်တွေက အနီးရှိ Inabanga မြို့ကိုဝင်တိုက်ခဲ့တဲ့အတွက် အစိုးရတပ်နဲ့ အစွန်းရောက်တပ်တွေ ပစ်ခတ်ရာမှာ Abu Sayyaf အဖွဲ့ဝင် (၆) ဦးအပြင် အစိုးရဘက်က စစ်သား (၃) ဦးနဲ့ ရဲသား (၁) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မနီလာမြို့တော်မှာ သမ္မတ ဒူတာတေးက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပတဲ့ အာဆီယံ ၂၀၁၇ ထိပ်သီးညီလာခံအတွက် လုံခြုံရေးကို အထူးတင်းကြပ် ချထားတာဖြစ်ပါတယ်။

ညီလာခံဖြစ်မြောက်ရေးတာဝန်ခံ သံအမတ်ကြီး Marciano Paynor Jr., က အာဆီယံခေါင်းဆောင်တွေ တက်ရောက်တဲ့ ညီလာခံမှာ လုံခြုံရေးဟာ ထိပ်တန်းဦးစားပေးတဲ့အချက်ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“လုံခြုံရေး ဦးစားပေးမှုက ကျနော်တို့အတွက် နံပါတ် (၁)ပါပဲ။ ဒီထိပ်သီးညီလာခံမှာ မတော်တဆဖြစ်မှုလုံးဝမရှိစေဖို့ပါပဲ။ ဒါပေမဲ့ ဘာဖြစ်မလဲဆိုတာ ကြိုသိနိုင်ဖို့က မလွယ်တော့ ကြိုတင်ပြင်ဆင်မှုတွေက သိပ်ခက်ခဲပါတယ်။ ဒါကြောင့်မို့ လုံခြုံရေးအတွက် ပြင်ဆင်ရာမှာ ကျနော်တို့ သိပ်ကို အားထုတ် ဂရုစိုက်ပါတယ်။ တချိန်တည်းမှာပဲ သမ္မတက ကျနော်တို့ကို ညွှန်ကြားခဲ့တဲ့စကားက ကျနော်တို့ရဲ့ လုံခြုံရေးတင်းကြပ်မှုဟာ မနီလာမြို့တော်မှာ သာမန်သွားလာမှုတွေကို အဟန့်အတားမဖြစ်စေဖို့ပါပဲ။ Bohol ကျွန်းမှာ မကြာသေးမှီက ဖြစ်ရပ်ကြောင့်လည်း ကျနော်တို့ လုံခြုံရေးကို အထူးအရေးတယူဆောင်ရွက်နေပါတယ်။”

အာဆီယံထိပ်သီးညီလာခံကျင်းပမယ့် PICC ခေါ် ဖိလစ်ပိုင်နိုင်ငံတော်ခမ်းမ အနီးပတ်ဝန်းကျင်ရပ်ကွက်မှာ လုံခြုံရေးအတွက် ချထားတဲ့ အမှုထမ်းပေါင်း ၄၁,၀၀၀ ရှိပြီး အဲဒီအနက် ရဲနဲ့ စစ်တပ်က အမှုထမ်း ၂၆, ၀၀၀ အပြင် အစိုးရဌာန ၂၁ခုက အမှုထမ်းပေါင်း ၁၅,၀၀၀ ကိုလည်း တာဝန်ချထားတာဖြစ်ပါတယ်။ အခု ဖိလစ်ပိုင်က တာဝန်ယူကျင်းပတဲ့ အာဆီယံညီလာခံမှာ အစည်းအဝေးပေါင်း ၁၃၇ ခု၊ ထိပ်သီးညီလာခံပေါင်း ၂ ခု၊ ဝန်ကြီးအဆင့်ဆွေးနွေးပွဲပေါင်း ၁၇ ခု၊ အဆင့်မြင့်အစိုးရအရာရှိ ဆွေးနွေးပွဲပေါင်း ၄၂ ခုနဲ့ နည်းပညာပိုင်းဆိုင်ရာဆွေးနွေးပွဲပေါင်း ၇၆ ခုတို့ ကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပြင် ကမ္ဘောဒီးယား၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ဘရူးနိုင်း နိုင်ငံကခေါင်းဆောင်တွေဟာ ဧပြီလ (၂၈) ရက်သောကြာနေ့မှာ မနီလာမြို့တော်ကို ဆိုက်ရောက်ဖို့ရှိပါတယ်။

အခုလိုအာဆီယံ ဆက်စပ်ညီလာခံကျင်းပနေစဉ်အတွင်းနဲ့ ထိပ်သီးညီလာခံမကျင်းပမှီ အစ္စလာမ်မစ်အစွန်းရောက်တွေက Bohol ကျွန်းမှာ ဝင်တိုက်ခဲ့တဲ့အတွက် အပြောကြမ်းတယ်လို့ နာမည်ကြီးတဲ့ သမ္မတ ဒူတာတေးကို အမျက်ထွက်စေခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ သမ္မတရာထူးဆက်ခံအပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အတွက်လည်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အနောက်အုပ်စု အစိုးရတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ Abu Sayyaf အစွန်းရောက်တွေကို နှိမ်နင်းဖို့ သူ့စစ်တပ်ကို အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဒေါသထွက်တဲ့အတွက်ကြောင့် ဒီအစွန်းရောက်တွေကို ဖမ်းမိရင် သူ့အနေနဲ့ အသည်းကို အစိမ်းလိုက်ဝါးစားပစ်မယ်လို့လည်း မစ္စတာဒူတာတေးက လာအို နိုင်ငံကိုရောက်ရှိစဉ် ကွင်းဖွင့်ပွဲတခုမှာ အခုလို သတိပေးခဲ့ပါတယ်။

“သူတို့တတွေဟာ တိရစ္ဆာန်တွေပါပဲ။ ကျနော်ကိုလည်း တိရစ္ဆာန်လို ဖြစ်စေချင်ကြတာပါ။ ကျနော်ဖြစ်ပြနိုင်ပါတယ်။ ကျနော့်အတွက် ရိုးနေပါပြီ။ ကျနော်တို့က အတူတူပါပဲ။ အဆ (၅၀) ပိုဆိုးပြနိုင်ပါတယ်။ ဒီအကြမ်းဖက်သမားတွေက ကျနော်ကို သိပ်ပြီး ဒေါသထွက်စေပါတယ်။ ကျနော် လူသားစားပြနိုင်ပါတယ်။ ကျနော်ကို ဆားနဲ့ ရှာလကာရည်ပေးပါ။ အဲဒီလူတွေရဲ့ အသည်းကိုစားပြနိုင်ပါတယ်။”

အခုလိုသမ္မတ ဒူတာတေးဟာ လူကြမ်းကြီးဖြစ်တယ်လို့ နိုင်ငံတကာမှာ ကျော်ကြားပေမယ်လို့လည်း အိမ်နီးချင်းနိုင်ငံခေါင်းဆောင်တွေနဲ့တော့ သူဟာတည့်အောင် ပေါင်းတာဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်နဲ့ သူဟာသီချင်း တွဲဆိုခဲ့သလို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနဲ့လည်း ဈေးအတူ ထွက်ဝယ်ခဲ့ဘူးတဲ့အပြင် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့လည်း နေ့လည်စာ အုန်းထမင်း အတူစားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မတ်လတုန်းက လာရောက်စဉ်အတွင်းတုန်းကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဒူတာတေးဟာ နှင်းဆီးပန်းစည်းကို ဆက်သခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG