သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ နိုင်ငံခြားရေးမူဝါဒသစ်အပေါ် ဝေဖန်မှုတွေထွက်ပေါ်


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ ပိုပြီး အမျိုးသားရေးအစွန်းရောက်ဆီ ဦးတည်တဲ့ နိုင်ငံခြားရေးမူဝါဒကို ဦးတည်နေပြီး - မကြာသေးခင်က ဖိလစ်ပိုင်ခေါင်းဆောင်တွေ အပြောင်းအလဲတခုက သက်သေပြနေတယ်လို့ ဖိလစ်ပိုင်မှာရှိတဲ့ နိုင်ငံရေးသုံးသပ်သူတွေ နဲ့ ဝေဖန်သူတွေက ပြောဆိုကြပါတယ်။

မူဆလင်ခွဲထွက်ရေးသမားတွေကို နှိမ်နင်းနေတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့တွေရှိရာ တောင်ပိုင်း Mindanao ကျွန်းကနေ အမေရိကန်စစ်ရေးအကြံပေး တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့ ဖိလစ်ပိုင်သမ္မတက တောင်းဆိုခဲ့တဲ့ - တနင်္လာက အရပ်ဘက်ဝန်ထမ်းတွေကို မိန့်ခွန်းပြောကြားမှုအတွင်း ဖိလစ်ပိုင်သမ္မတ Duterte ရဲ့ ချဉ်းကပ်ပုံနဲ့ပတ်သက်ပြီး နောက်ထပ် အချက်အလက်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အထူးတပ်ဖွဲ့တွေအနေနဲ့ကတော့ ၂၀၀၂ နှစ်ကတည်းက အကြမ်းဖက်ဝါဒ ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေမှာ ကူညီဖို့ အဲဒီဒေသမှာ ရှိနေခဲ့တာပါ။

အမေရိကားနဲ့ လက်တွဲနေသမျှ ကာလပတ်လုံး - Mindanao ဒေသ ဘယ်တော့မှ ငြိမ်းချမ်းသွားမှာ မဟုတ်ဘဲ - အရှုံးတောင်ပေးရနိုင်တယ်လို့ လည်း - ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးမူဝါဒကို အရင်ကတည်းက ပြန်လည်သုံးသပ်ခဲ့ပေမဲ့ - အမေရိကန်နဲ့ သဘောထားမကွဲချင်တာကြောင့် သူ မလုပ်နိုင်ခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ သူ့ရဲ့မိန့်ခွန်းအတွင်း - အမေရိကန်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးအတွင်း မူဆလင်တွေကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ၁၉၀၆ ခုနှစ်တုန်းက အမေရိကန်တပ်ဖွဲ့တွေရဲ့ ဓာတ်ပုံတွေကိုလည်း လက်ကမြှောက်ကိုင်ဆောင် ပြထားပါတယ်။

XS
SM
MD
LG