သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ်လ ၁၃ ကိုဖုန်းမော်နေ့ ကျင်းပ


စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးခဲ့ရတဲ့ (၂၉)နှစ်မြောက် နှစ်လည်အခမ်းအနား
စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးခဲ့ရတဲ့ (၂၉)နှစ်မြောက် နှစ်လည်အခမ်းအနား

အရပ်သားအစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် ၁၉၈၈က လုံထိန်းရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ကျဆုံးခဲ့ရတဲ့ စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးခဲ့ရတဲ့ (၂၉)နှစ်မြောက် နှစ်လည်အခမ်းအနားကို ရန်ကုန်စက်မှုတက္ကသိုလ် RIT ရဲ့ စုဝေးခန်းမမှာ ကျင်းပခွင့်ရခဲ့ပါတယ်။ နောက်နောင် မြန်မာပြည်သမိုင်းမှာ ဒီလိုဆိုးဝါးလှတဲ့ အဖြစ်အပျက်မျိုးတွေ ထပ်မဖြစ်စေချင်အောင် ကြိုးစားကြရမယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က(၂၈)နှစ်မြောက် နှစ်လည်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ စက်မှုတက္ကသိုလ်မှာကျင်းပတဲ့ နှစ်လည်အခမ်းအနားအကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၇ခုနှစ် တနင်္လာနေ့ မတ်လ ၁၃ရက်နေ့ ဒီကနေ့ဟာ လွန်ခဲ့တဲ့ ၂၉နှစ်-၁၉၈၈ မတ်လ ၁၃ရက်တုန်းက အဓိကရုဏ်းနှိမ်နှင်းရေး လုံထိန်းရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့ (၂၉)နှစ်မြောက်နေ့ဖြစ်ပါတယ်။ ဒီ၂၉နှစ်မြောက် နှစ်လည်အခမ်းအနားကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အရပ်သားအစိုးရ လက်ထက်မှာ ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်စက်မှုတက္ကသိုလ် RIT စုဝေးခန်းမမှာ တရားဝင် ကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်။

ကိုဖုန်းမော် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့ ၂၉နှစ်မြောက် နှစ်လည်အခမ်းအနားကျင်းပရေးကော်မတီ အဖွဲ့ဝင် ရန်ကုန်စက်မှုတက္ကသိုလ် RIT ကျောင်းသားဟောင်း ကိုကျော်ဝဏ္ဍက အခုလိုမျိုး ပထမဆုံး စက်မှုတက္ကသိုလ် စုဝေးခန်းမမှာ ကျင်းပခွင့်ရခဲ့တဲ့ အခမ်းအနားနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

“ဒါကတော့ ၂၉နှစ်တာကလာမှ ပထမဦးဆုံးအကြိမ်ကျောင်းမှာ ပြုလုပ်ခွင့်ရတဲ့ နှစ်ပေါ့နော်။ ကျနော်တို့ ၈၈ ပြီးကတည်းက ၈၉ ခုနှစ်မှာ တကြိမ်လုပ်တယ် အဲဒါက အားလုံး စုပေါင်းပြီးလုပ်ခဲ့တဲ့ ကျောင်းရဲ့ရင်ပြင် မြက်ခင်းပြင်မှာ လုပ်ခဲ့တာပေါ့နော်။ ကျောင်းရဲ့စုဝေးခန်းမမှာ တရားဝင်ခွင့်ပြုခွင့်ရတာကတော့ ဒီနှစ်က ပထမဦးဆုံးအကြိမ်ပါပဲခင်ဗျ။”

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးခဲ့ရတဲ့ (၂၉)နှစ်မြောက် နှစ်လည်အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီသဝဏ်လွှာထဲမှာပါတဲ့ မြန်မာပြည်သမိုင်းမှာ ကိုဖုန်းမော်တို့ကျဆုံးခဲ့ရတာအပါအဝင် ကျောင်းသားပြည်သူရဟန်းရှင်လူတွေ အသက်သွေးမြေကျခဲ့ရသလို အဖြစ်ဆိုးမျိုး ထပ်မဖြစ်အောင် အားလုံးက ဝိုင်းကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သလိုဒီလို တရားလက်လွတ်မပြုမှုနိုင်အောင် ဥပဒေအရ တားဆီးနိုင်အောင် ကြိုးစားကြရမယ်လို့လည်း ကိုကျော်ဝဏ္ဍက ပြောပါတယ်။

“ဒီနေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပေးပို့တဲ့ သဝဏ်လွှာထဲမှာပါသလိုပဲ နောက်နောင် မြန်မာပြည်သမိုင်းမှာ ဒီလိုမျိုး ဆိုးရွားလှတဲ့ အဖြစ်ပျက်မျိုးတွေ နောက်နောင်မဖြစ်အောင်တော့ ကျနော်တို့တွေ ကြိုတင်တားဆီးနိုင်အောင်တော့ ကျနော်တို့တွေ အသက်ဝင်အောင်တော့ ကြိုးစားရလိမ့်မယ်ပေါ့နော် ပြီးခဲ့တာတွေကတော့ အများကြီးပါပဲ ၁၉၆၂ ခုနှစ်ကနေ အခုအချိန်အထိဆိုရင် ဒီလို အဓမ္မ နှိပ်စက်မှုတွေ မြောက်များစွာရှိခဲ့ပါတယ်။ နောက်နောင် ဒီလိုအလားတူအဖြစ်မျိုးမဖြစ်အောင်တော့ ကျနော်တို့ ကြိုတင်ကာကွယ်လုပ်ဖို့ကတော့ ကျနော်တို့မြင်ပါတယ်ခင်ဗျ။”

နဝတ၊ နအဖ အရင်စစ်အစိုးရခေတ်အဆက်ကတော့ ဖုန်းမော်ကျဆုံးခဲ့တဲ့ မတ်လ ၁၃ရက်နေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် ဒီမိုကရေစီအင်အားစုတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အထိမ်းအမှတ်ပြု ဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။ မတ်လ (၁၃)ရက်နေ့မှာကျဆုံးခဲ့ရသူတွေနဲ့ ၈လေးလုံးအရေးတော်ပုံကြီးအတွင်း အသက်ပေးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူ စွန့်လွှတ်ခဲ့သူ အာဇာနည်တွေအတွက် တရားဝင်အသိအမှတ်ပြု အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်နိုင်ရေးကိုလည်း ဒီမိုကရေစီအင်အားစုတွေဘက်က ကြိုးစားသွားကြမှာဖြစ်တယ်လို့လည်း ကိုကျော်ဝဏ္ဍက ပြောပါတယ်။

မြန်မာပြည်ရဲ့အပြောင်းအလဲတွေတိုင်းဟာ မတ်လမှာ အစပြုလို့ပေါ်ပေါက်လာလေ့ရှိသလို ကိုဖုန်းမော်တို့ကိုစိုးနိုင်တို့ကျဆုံးရတဲ့မတ်လ ၁၃ရက်နေ့ဟာလည်း မတ်လရဲ့ သမိုင်းမှတ်တမ်းတခုဖြစ်ကြောင်းနဲ့ အတိတ်သမိုင်းကြောင်းတွေမှာ ပိတ်လှောင်မနေပဲ ဒီသမိုင်းသင်္ခန်းစာကိုယူပြီး နိုင်ငံအနာဂတ်ကောင်းအောင် ဘယ်လိုဖန်တီးကြမလဲ ဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးဝိုင်းဝန်း ထူထောင်သွားကြရမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာထဲ တိုက်တွန်းပြောဆိုထားပါတယ်။ နိုင်ငံအတွက် အထိခိုက်ခံ အနစ်နာခံခဲ့တဲ့ စစ်မှန်တဲ့ အာဇာနည်တွေကို တန်ဖိုးထားခြင်းအားဖြင့်လည်း ငြိမ်းချမ်းတဲ့လူ့ဘောင်နဲ့ ဒီမိုကရေစီပန်းတိုင်ကို အမှန်တကယ်ရောက်တဲ့အထိ ချီတက်သွားကြရမယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မတ်လ ၁၃ရက်နေ့မှာတိုက်တွန်းနိုးဆော်သွားပါတယ်။

မတ်လ ၁၃ ကိုဖုန်းမော်နေ့ ကျင်းပ
please wait

No media source currently available

0:00 0:03:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG