သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ဗုံးခွဲမှုနဲ့ ဖမ်းဆီးခံရသူအပေါ် လူသတ်မှု စွဲချက်တင်


ရန်ကုန်မြို့မှာ သင်္ကြန်ကာလတွင်းက ဗုံးပေါက်ကွဲမူနဲ့ ပတ်သက်လို့ စွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့ အင်ဂျင်နီယာ ကိုဖြိုးဝေအောင်ကို မကြာသေးခင် ရက်ပိုင်းကပဲ ဗုံးဖောက်ခွဲမှု၊ လူသတ်မှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုလိုက်ပြီလို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

စစ်ဘက်က ပုဂ္ဂိုလ်တွေ အပါအဝင် လူ ၁၀ ဦး သေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်မြို့ သင်္ကြန်ကာလက ဗုံးပေါက်ကွဲမူနဲ့ ပတ်သက်ပြီး အင်ဂျင်နီယာ ကိုဖြိုးဝေအောင်ကို ပြီးခဲ့တဲ့ ၃၀ ရက်နေ့က ရှေ့နေမပါဘဲ ထောင်တွင်းတရားရုံးမှာပဲ တရားစွဲခဲ့ကြောင်း သူ့ရဲ့ရှေ့နေ ဦးကျော်ဟိုးက အခုလို ပြောပြပါတယ်။

“မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)၊ နောက်တခုက လူဝင်မှုကြီးကြပ်ရေး ပြဋ္ဌာန်းချက် အက်ဥပဒေ ပုဒ်မ ၁၃(၁)၊ နောက် ဖောက်ခွဲပုဒ်မ ၃၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂၊ ၃၀၄၊ ၃၂၆၊ ကြိုတင်ကြံစည်ပြီး လူသတ်တာပေါ့။ ဗုံးခွဲပြီး လူသတ်တာပေါ့ဗျာ။ ၃၀၄ ကတော့ လူသေမှုပေါ့။ ၃၂၆ က ဒဏ်ရာရတဲ့လူတွေပေါ့။ အပြင်းအထန် နာကျင်စေမှုပေါ့။”

ရှေ့နေအနေနဲ့ တရားစွဲဆိုချိန်ကို သိလိုက်ခြင်း မရှိသလို အမှုတွဲတွေကို ပြန်လည်ကူးယူခွင့် မပေးတာကြောင့် အမှုကို ရှေ့ဆက်ပြီး ချေပသွားနိုင်ဖို့ ပြင်ဆင်မှုတွေ မရခဲ့ဘူးလို့ ဆိုပါတယ်။

“ဘာမှ ကြိုတင် ပြင်ဆင်မှု မရဘူးပေါ့။ ကြိုတင် ပြင်ဆင်မှု မရတော့ အဲဒီ ၁၄ ရက်နေ့ကျမှပဲ တရားသူကြီးကို ပြောပြီးတော့ အမှုတွဲ ကူးရမှာပေါ့။ အခုက ဖြိုးဝေအောင် ပြောပြချက်အရ ပုဒ်မတွေပဲ သိတယ်။ အမှုအခြေအနေကတော့ ၁၇(၁) တို့၊ ၁၃(၁) တို့က ဘယ်တုန်းက ဖြစ်တဲ့ ကိစ္စမှန်းလည်း မသိဘူး။ ကျနော်တို့သိတာက သူ့ကို ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး စွဲတာလို့ပဲ သိတာကိုး။ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး သူ့ကို ဖမ်းတယ်၊ ဆီးတယ်၊ စစ်ဆေးတယ်၊ ဒါပဲသိတယ်။ ၁၇(၁) တို့၊ နယ်စပ်ဖြတ်ကျော်တဲ့ ကိစ္စတွေက ဘယ်တုန်းကဖြစ်လို့ ဘာကြောင့်စွဲလဲဆိုတာ အမှုတွဲကြည့်ပြီးမှ ပြောလို့ရမယ်။

“စွဲထားတယ်ဆိုတာလည်း ကျနော်က အခြေအနေ မသိလိုက်ဘူး။ ကျနော်တို့ကိုလည်း အကြောင်းမကြားဘူး။ မကြားတော့ ပထမရုံးချိန်းက ကျနော်တို့ မသွားလိုက်ရဘူး။ ထောင်ထဲမှာ ရုံးချိန်း ချိန်းသေးတာကိုး။ မသွားလိုက်ရတော့ ဒီရုံးချိန်းပြီးတော့ ကျနော် ဖြိုးဝေအောင်ကို သွားတွေ့တဲ့အခါကျတော့ ဒီလိုပဲ အမှုကို စွဲတင်လိုက်တယ်တဲ့။ မြောက်ပိုင်းခရိုင် တရားရုံးကို ၄ မှုနဲ့ စွဲတင်တယ်လို့ ပြောတယ်။ ပြောတော့ နောက်ရက်မှာ ကျနော် အမှုတွဲ သွားကူးတယ်။ သွားကူးပေမဲ့ အမှုတွဲကို ကူးခွင့်မပေးဘူး၊ တရားသူကြီးက။”

အခုလို တရားဥပဒေကြောင်းအရ နစ်နာမှုတွေ ရှိနေတဲ့အတွက် ဒီအမှုက နောက်ထပ် နိုင်ဖို့ အခွင့်အလမ်းတွေရော ရှိနိုင်ပါ့မလားလို့ မေးတဲ့အခါမှာတော့ ဗုံးပေါက်ကွဲမှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်တဲ့အတွက် ဗုံးပေါက်မှုမှာ ပါဝင်ပတ်သက်မှု မရှိတာကို သက်သေ ခိုင်ခိုင်လုံလုံ ရှိတယ်ဆိုတဲ့အကြောင်း ရှေ့နေက ပြောပါတယ်။

“ဖြစ်တဲ့အချိန်မှာ ဗုံးပေါက်ကွဲတဲ့ နေရာကို သူ မရောက်ဘူး။ သူက သူ့အလုပ်ခွင်ထဲမှာပဲ ရှိတာကိုး။ သူ့အလုပ်ခွင်မှာ ရှိတဲ့သူတွေကို သူက သက်သေ ခေါ်ပြမှာပေါ့လေ။ တရားလိုဘက်က နေပြီးတော့ သူ ဗုံးခွဲတဲ့ကိစ္စမှာ ပါတယ်ဆိုတာ အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်မှ သူ့ဘက်ကနေ ထုချေရမှာပေါ့။”

ရန်ကုန်သင်္ကြန်ကာလအတွင်း ပေါက်ကွဲမှု ဖြစ်ပြီးနောက် သင်္ကာမကင်းသူများကို ဖမ်းဆီးမှုတွေ ဆက်လုပ်နေပေမဲ့လည်း ပြန်လည်လွှတ်ပေးတာမျိုး မဟုတ်ဘဲ အမှု တခုမဟုတ် တခုနဲ့ အရေးယူနေတာ၊ တရားစွဲနေတာကို အာဏာပိုင်တွေဘက်က ပြုလုပ်နေပါတယ်။ ဖမ်းဆီးထိန်းသိမ်းတဲ့ ကာလမှာလည်း အတင်းအကျပ် ဝန်ခံခိုင်းမှုတွေ လုပ်တဲ့အတွက် တရားလိုတွေရဲ့ တင်ပြချက်တွေကို သက်သေတွေနဲ့ ပြန်လည်ချေပသွားဖို့အတွက် လုပ်ဆောင်သွားမယ်လို့ စွပ်စွဲခံရသူတွေရဲ့ မိသားစုတွေက ဆိုပါတယ်။

XS
SM
MD
LG