သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသမဂ္ဂဝင် မဖြူနှင်းထွေး ဖမ်းဆီးခံရမှှု လူ့အခွင့်အရေးအဖွဲ့ဝေဖန်


ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဖြူနှင်းထွေး
ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဖြူနှင်းထွေး

အခုနှစ်အစောပိုင်းတုန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တရုတ်ဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲတယ်ဆိုတဲ့ အမှုနဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ဖြူနှင်းထွေးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာကြောင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေရော ဒေသခံတွေပါ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေပါတယ်။

AHRC အာရှလူ့အခွင့်အရေး ကော်မရှင်ကတော့ ဒါကို ကန့်ကွက်လိုက်ပြီး၊ ဒေသခံတွေအရေး ကျောင်းသားတွေက ဝင်ရောက်ကူညီတာကို အာဏာပိုင်တွေက အငြိုးထားတဲ့လုပ်ရပ် ဖြစ်ပုံရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး AHRC က မြန်မာရှေ့နေ ဦးမင်းလွင်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တဦးဖြစ်တဲ့ မဖြူနှင်းထွေးကို အာဏာပိုင်တွေကနေ တလောတုန်းက ဖမ်းဆီးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျောင်းသားတက်ကြွလှုပ်ရှားသူ တော်တော်များများက ကန့်ကွက်မှုတွေ ရှိနေပါတယ်။ နောက် ဒေသခံတွေကလည်း အဲ့ဒါကို ဆန္ဒပြတာတွေ ရှိပါတယ်။ အဲတော့ ဒီအမှုနဲ့ပတ်သက်လို့ AHRC အနေနဲ့ ဘယ်လိုမြင်သလဲခင်ဗျ။ အမှုက မျှမျှတတ ရှိရဲ့လား။

ဖြေ။ ။ “တကယ့် ဒေသခံတွေလည်းဖြစ်တဲ့သူတွေကိုတောင် မှ ကျေအေးပြီးတော့ ပြန်လည် လွှတ်ပေးပြီးပြီဆိုရင် ဖြူနှင်းထွေးကို ဒီပုဒ်မနဲ့ ဆက်လက်ပြီးတော့ အရေးယူထားတဲ့ဥစ္စာက မဖြစ်သင့်ဘူးလို့ပဲ ကျနော်တို့က မြင်ပါတယ်။ နောက်ပြီးတော့တခါ ဒီလိုမျိုး လုပ်ဆောင်တဲ့ကိစ္စမှာလည်း သာမန်အမျိုးသမီးတယောက်အနေနဲ့ ဒီလိုလုပ်ဆောင်နိုင်ဖို့ဆိုတာက အလွန်တရာ ခဲယဉ်းတယ်။ နောက်ပြီးတော့တခါ အခင်းဖြစ်ပွားစဉ်ကလည်း ဒီဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့ ဒေသခံနှစ်ဦးနဲ့ပတ်သက်လို့ အမှုမဖွင့်ဘူးဆိုတာတွေ၊ အရေးယူ ဆောင်ရွက်ခြင်းမပြုဘူး ဆိုတာတွေကို ဒီဝမ်ဘောင်စက်ရုံကနေပြီးတော့ ကတိတွေပေးထားတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း ရွာသား ၅ ဦးကို ကျေအေးပြီးတော့ လွှတ်လိုက်တယ်ဆိုတာကို ကျနော်တို့ သိရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ ရွာသူရွာသားတွေနဲ့သာ သက်ဆိုင်တယ်၊ ဖြူနှင်းထွေးနဲ့တော့ ဒီကိစ္စက ပတ်သက်ဖို့ သိပ်လမ်းမမြင်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။”

မေး။ ။ အခု ဒီ သူ့ရဲ့ပြဿနာနဲ့တဆက်တည်းပါ ဒီနိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ကျတဲ့ ကိစ္စကလည်း နည်းနည်းရှုပ်ထွေးနေပါတယ်ခင်ဗျ။ အဲတော့ တက်ကြွလှုပ်ရှားသူတွေဘက်ကလည်း သူ့ကို ပြန်လွှတ်ပေးဖို့ဆိုပြီးတော့ တောင်းဆိုနေပါတယ်။ ဆိုတော့ ဒီအမှုနဲ့ပတ်သက်လို့ မဖြူနှင်းထွေးဟာ နိုင်ငံရေးအကျဉ်းသားဆိုပြီးတော့ သတ်မှတ်နိုင်ပါသလား။

ဖြေ။ ။ “ဒီ ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာ ဖွဲ့ထားတဲ့ နိုင်ငံရေးအကျဉ်း သားများ ပြန်လည် စိစစ်ရေးကော်မတီကိုတောင်မှ သူတို့က ဖျက်သိမ်းပြီးတော့ လုပ်ဖို့ အစီအစဉ် ရှိနေပြီလေဗျာ။ အဲတော့ ဒီပြစ်မှုတွေနဲ့ စွပ်စွဲခံရတဲ့ ကိစ္စရပ်တွေမှာတော့ သူတို့က နိုင်ငံရေးအကျဉ်းသား မရှိဘူး။ ဒါက ရာဇဝတ်မှုတွေနဲ့ စွဲဆိုထားတာပဲ ဖြစ်တယ်ဆိုပြီးတော့ကာ အစိုးရဘက်ကတော့ ပြောမှာပေါ့ဗျာ။ အဲ့ဒီလိုပဲ တချိန်လုံး တောက်လျှောက် ငြင်းပယ်လာခဲ့တာပဲ။”

မေး။ ။ ဟုတ်ကဲ့ ကိုမင်းလွင်ဦးအမြင်ကရော မဖြူှနှင်းထွေးအမှုက ပြန်ပေးမှုပါတယ်၊ နောက်တခါ တရားရုံးကို ဆင့်ခေါ်တာ မလာတဲ့အမှု ပါပါတယ်။ အဲတော့ ဒီအမှုက နိုင်ငံရေးအကျဉ်းသားလို့ရော သတ်မှတ်လို့ရလား၊ ကိုမင်းလွင်ဦးအမြင်။

ဖြေ။ ။ “ဒီဥစ္စာက ကျနော်တို့ ပြန်ပြောလို့ရှိရင် နည်းနည်းတော့ နောက်ကြောင်းပြန်လှည့်ဖို့ လိုတာပေါ့နော်။ အဲတော့ ဘာဖြစ်လဲဆိုတော့ကာ ကျနော်တို့ ဒီ ၂၀၀၇ တုန်းကလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းဖို့အတွက် ဆိုပြီးတော့ မဟန်နီဦးတို့ ရာဟုကျော်ကျော်မောင်တို့၊ စည်သူမောင်တို့၊ မတင်ဇာခိုင်တို့၊ သင်းဖွဲ့ ဖွဲ့စည်းရေးဥပဒေနဲ့ အရေးယူခံရတာတွေ ရှိပါတယ်။ အဲ့ဒီမှာ ဟန်နီဦးကို စာမေးပွဲဖြေနေတဲ့အချိန်မှာပဲ စာမေးပွဲမဖြေဘဲနဲ့ ဒီ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် စီတန်းလမ်းလျှောက်တဲ့အထဲမှာ ပါတယ်။ နောက်ပြီးတော့ အသင်းအဖွဲ့ ဖွဲ့စည်းရေးအတွက် ဦးဆောင်လှုပ်ရှားတယ်ဆိုပြီးတော့ အပြစ်ပေးခဲ့တာတွေ ရှိတယ်။ အဲ့ဒါ ဗကသ ဖွဲ့စည်းရေးအတွက် ဆောင်ရွက်တဲ့ကိစ္စရပ်တွေပေါ့နော်။ အခုလည်းတခါ လာပြန်ပြီ။ ဒီလိုမျိုး ကျောင်းသားတွေ ပါဝင်ပတ်သက်တယ်ဆိုတဲ့အပေါ်မှာ အငြိုးအတေးနဲ့ လုပ်ခဲ့တယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ဒါကတော့ နိုင်ငံရေးနောက်ခံ မကင်းတဲ့အတွက် နိုင်ငံရေးအကျဉ်းသားလို့ပဲ ကျနော်တို့ကတော့ သတ်မှတ်ရမှာပါပဲ။”

မေး။ ။ အငြိုးအတေးတွေ ဖြစ်မယ်ဆိုရင်တော့လို့ ကိုမင်းလွင်ဦး က ပြောတယ်ဆိုတော့ ဒီကိစ္စက အငြိုးအတေးဖြစ်တယ်လို့ရော ယူဆလို့ ရလို့လား။

ဖြေ။ ။ “ကျနော်တို့ အမြင်ကတော့ပေါ့ဗျာ ဒီလက်ပံတောင်းတောင် အရေးကိစ္စမှာ ဒေသခံတောင်သူလယ်သမားတွေကို အကြံပေးတာ၊ ကူညီတာ၊ တောင်သူလယ်သမား အရေးတွေကို တက်တက်ကြွကြွ လိုက်လံဖြေရှင်းပေးတာ၊ တောင်သူလယ်သမားတွေကို ပညာပေးတာ စတဲ့ကိစ္စရပ်တွေမှာ ဒီကျောင်းသားတွေ ပါဝင်ပတ်သက်လို့သာ ဒီဒေသခံ တောင်သူလယ်သမားတွေက ဆူပူအုံကြွရတယ်ဆိုတဲ့ အမြင် အစိုးရမှာ ရှိနေတယ်။ အဲဒါကတော့ ကျနော်တို့ ဒီ လက်ပံတောင်းတောင်ကိစ္စကို လေ့လာလိုက်တဲ့တလျှောက်လုံး၊ နောက်ပြီးတော့ တောင်သူလယ်သမား အရေးကိစ္စရပ်တွေ လေ့လာတဲ့ ကိစ္စတလျှောက်လုံးတွေမှာ ဒါတွေက ကျောင်းသားတွေအပေါ်မှာ အငြိုးထားတယ်ဆိုတာတွေကို ကျနော်တို့ တွေ့နေရပါတယ်။”

XS
SM
MD
LG