သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာမှာ စစ်ကြောင့် ဒုက္ခရောက်သူတွေအတွက် ပုပ်ရဟန်းမင်းကြီးဆုတောင်း


ပုပ်ရဟန်းမင်းကြီး Francis
ပုပ်ရဟန်းမင်းကြီး Francis

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း စစ်အတွင်း အတိဒုက္ခရောက်နေသူတွေကို မမေ့ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးဖို့ ပုပ်ရဟန်းမင်းကြီး Francis က မနေ့က ဗာတီကန်မှာ ကျင်းပတဲ့ ကင်ညာနိုင်ငံ ရေလွှမ်းမိုးမှုတွေမှာ မြေပြိုပြီး သေဆုံးခဲ့သူတွေအတွက် ဝတ်ပြုဆုတောင်းပွဲမှာ မြွက်ကြားသွားပါတယ်။

"ငြိမ်းချမ်းရေးအတွက် ဆုတောင်းဖို့ မမေ့ကြပါနဲ့၊ စစ်ရဲ့ ဒဏ်ခံစားနေရသူတွေအတွက် ဆုတောင်းကြရအောင်ပါ။ စစ်ဟာ အမြဲတစေ ရှုံးနိမ့်မှုပါ။ ယူကရိန်းမှာ ခံစားနေရတဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူတွေကို အမှတ်ရပါ။ စစ်အတွင်းက ပါလက်စတိုင်းနဲ့ အစ္စရေး ပြည်သူတွေကို သတိရပါ။ ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြရအောင်ပါ" လို့ ပုပ်ရဟန်းမင်းကြီး Francis က မြွက်ကြားသွားတာပါ။

ကင်ညာနိုင်ငံတဝန်း ရေလွှမ်းမိုးမှုတွေကြား လူတွေသေဆုံးပြီး ဆယ်နဲ့ချီပျောက်ဆုံးနေတာကြောင့် ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းတွေ လုပ်ကိုင်နေချိန်မှာ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပွဲ ကျင်းပတာပါ။ ပြီးခဲ့တဲ့ လပိုင်း မိုးတွေ အကြီးအကျယ် ရွာသွန်းပြီး ရေလွှမ်းမိုးခဲ့တာကြောင့် ကင်ညာနိုင်ငံ Nairobi မြို့က လူပေါင်း တသိန်းခွဲလောက်အပါအဝင် လူ နှစ်သိန်းနီးပါး အိုးအိမ်တွေကနေ ဖယ်ရှားရပြီး လူ ၁၇၀ လောက် သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ စစ်တပ်က အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ဝတ်ပြုဆုတောင်းပွဲတွေမှာ ပုပ်ရဟန်းမင်းကြီး Francis မကြာခဏ မိန့်ကြားလေ့ရှိသလို အခါအားလျှော်စွာ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံအခြေအနေဟာ လူမှုရေး တင်းမာမှုတွေ လျော့ကျမသွားဘဲ လူသားချင်းစာနာမှု ဆိုင်ရာ ကူညီရေး ကြေကွဲဖွယ်ရာ အဖြစ်တွေတိုးလာနေတယ်လို့လည်း မိန့်ကြားလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG