သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတ အိန္ဒိယခရီးစဉ်စတင်


သမ္မတဦးထင်ကျော်နဲ့ဇနီး ဒေါ်စုစုလွင်တို့ အိန္ဒိယနိုင်ငံသို့ ပထမအကြိမ်ခရီး (ဓာတ်ပုံ-သမ္မတရုံးဝန်ကြီးဌာန)
သမ္မတဦးထင်ကျော်နဲ့ဇနီး ဒေါ်စုစုလွင်တို့ အိန္ဒိယနိုင်ငံသို့ ပထမအကြိမ်ခရီး (ဓာတ်ပုံ-သမ္မတရုံးဝန်ကြီးဌာန)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အစိုးရသစ်တက်လာခဲ့ပြီးတဲ့နောက် သမ္မတသစ်ရဲ့ အိန္ဒိယနိုင်ငံ ကို ပထမဆုံး ခရီးစဉ်အဖြစ် သမ္မတဦးထင်ကျော် ဟာ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို ဒီကနေ့ စတင်ထွက်ခွာသွားပြီဖြစ်ပါတယ်။ အိန္ဒိယသမ္မတ Pranab Mukherjee ရဲ့ ဖိတ်ကြားချက်နဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေးတွေကို အဓိကဆွေးနွေးမယ့် မြန်မာသမ္မတရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ဟာ ၄ ရက်တာကြာမြင့်မှာဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ သမ္မတကတော် ဒေါ်စုစုလွင် ဦးဆောင်တဲ့ မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ Pranab Mukherjee ရဲ့ဖိတ်ကြားချက်နဲ့ ဒီကနေ့ သြဂုတ်လ ၂၇ရက်နေ့ စနေနေ့ မနက် ၉ နာရီမှာ နေပြည်တော်ကနေ အိန္ဒိယနိုင်ငံ ကို ထွက်ခွာပြီးတော့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ဘီဟာပြည်နယ် ဂါယာမြို့ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ သမ္မတကို အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး နဲ့ ဘီဟာပြည်နယ် ၊ ဂါယာခရိုင် အုပ်ချုပ်ရေးမှူး တို့က ခရီးဦးကြိုဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ထဲမှာ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါသွားကြတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ သူ့ရဲ့လေးရက်တာခရီးစဉ်အစမှာပဲ ဗုဒ္ဓဂါယာကို သွားရောက်ဖို့ရှိတယ်လို့ သမ္မတရုံးပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေး က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“သွားသွားချင်း ကျနော် အကြမ်းဖျင်းသိတာကတော့ ဗုဒ္ဓဂါယာကို အရင်သွားမယ်။ ပြီးမှ နယူးဒေလီကို State Visit သွားမယ်၊ အဲလိုသိရတယ်။ ဝန်ကြီးတွေ ပါသွားတယ်၊ ၃၀ ရက်နေ့အထိ။”

ဒီနေ့ စနေနေ့မှာ သမ္မတဦးထင်ကျော်ဟာ မဟာဗောဓိပင်ရှိရာ ဗုဒ္ဓဂါယာကို သွားရောက်ပြီး ရှေးဟောင်း သုတေသနပြတိုက်ကို သွားဖို့ ရှိသလို တနင်္ဂနွေနေ့ မှာတော့ Taj Mahal ရှိရာ Agra ကို သွားရောက်မှာ ဖြစ်ပါတယ်။

အိန္ဒိယ သမ္မတ Pranab Mukherjee နဲ့လည်း တနင်္လာနေ့မှာ တွေ့ဖို့ စီစဉ်ထား ပါတယ်။ မြန်မာသမ္မတဦးထင်ကျော်ဟာ တနင်္လာနေ့မှာပဲ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အများအပြားကို လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့လည်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာတော့ အိန္ဒိယ မြန်မာနှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေးတွေကို အဓိကထားပြီး အိန္ဒိယ မြန်မာ နယ်စပ်ဒေသ အတွက် ကောင်းမွန်စွာ စီမံခန့်ခွဲရေး ကို ဦးစားပေးပြီး စီးပွါးရေး၊ ကုန်သွယ်ရေး အပါအဝင် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြင့်ဖို့ လုပ်ဆောင်နိုင်တယ် လို့ နှစ်နိုင်ငံ အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်းကတော့-

“ကျနော်မြင်တာတော့ အိန္ဒိယက ကျနော်တို့နဲ့ နယ်စပ်မှာ သူတို့ အဝေးပြေးကားလမ်းမကြီးဖောက်ဖို့ စီမံကိန်းတွေ ရှိပါတယ်။ အဲဒါအပြင်ကို အိန္ဒိယဘက် ကနေ အရှေ့မျှော်တဲ့မူဝါဒပေါ့နော် - အရှေ့နိုင်ငံတွေနဲ့ဆက်ဆံရေးမူဝါဒရှိတဲ့အခါကျတော့ စီးပွားရေးသဘောအရဆိုရင် တချို့ အကျိုးအမြတ်တွေ ရှိနိုင်ပါ တယ်။”

မြန်မာနိုင်ငံအနေနဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒသစ်အတိုင်း အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတို့နဲ့ နိုင်ငံချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားနေတာဖြစ်တယ် ဆိုတာကိုလည်း ဦးအောင်သူငြိမ်းက အခုလိုပြောပါတယ်။

“တရုတ်နဲ့အိန္ဒိယဆိုတာက အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ အင်အားကြီးတဲ့နိုင်ငံလည်း ဖြစ်တယ်၊ အဲဒီတော့ ယေဘုယျပြောရင်တော့ တရုတ်နဲ့ ဆက်ဆံရေး ပြီးတဲ့အခါမှာ အိန္ဒိယကိုလည်း ပစ်ထားလို့မရဘူးဆိုတဲ့ သဘောမျိုး ဆောင်တယ် ထင်ပါတယ်။ အဲဒီတော့ အခုနက ပြောတဲ့အတိုင်းပေါ့နော်၊ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးဖို့ရှိပါလိမ့်မယ်။ နောက်တခါ နယ်စပ်မှာကျတော့ နာဂသူပုန်ကိစ္စမျိုးတွေက တခါတလေလည်း သူတို့ ဆွေးနွေးနေကြတဲ့ ဟာတွေ ရှိပါတယ်။ အဲဒီကိစ္စတွေလည်း ပါကောင်းပါမယ်လို့ ထင်ပါတယ်။”

အခု မြန်မာသမ္မတရဲ့ အိန္ဒိယခရီးစဉ်အတွင်း မြန်မာနိုင်ငံထဲကနေ အိန္ဒိယအစိုးရကို ပုန်ကန်တဲ့ လက်နက်ကိုင်တွေ အရေးကို ဦးစားပေး ဆွေးနွေးဖို့လည်း ရှိတယ်လို့ အိန္ဒိယနိုင်ငံနိုင်ငံခြားရေးဌာန ကပြောဆိုထားပါတယ်။ သမ္မတဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်မတိုင်ခင်လေးမှာပဲ မြန်မာနိုင်ငံကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တရက်တာခရီးစဉ် လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံခဲ့ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအရေးဆွေးနွေးခဲ့ကြပါ တယ်။ နိုင်ငံတော် အတိုင်ပင်ခံလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခင် လတွေ အတွင်း အိန္ဒိယမှာ ကျင်းပမယ့် BIMSTEC ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

မြန်မာသမ္မတ အိန္ဒိယခရီးစဉ်စတင်
please wait

No media source currently available

0:00 0:04:16 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG