သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတအာဏာ လွဲှပြောင်းရေး ချောမွေ့စေဖို့ စတင်ဆောင်ရွက်


အရွေးကောက်ခံသမ္မတ Donald Trump နဲ့ လက်ရှိ သမ္မတ အိုဘားမား
အရွေးကောက်ခံသမ္မတ Donald Trump နဲ့ လက်ရှိ သမ္မတ အိုဘားမား

အမေရိကန်မဲဆန္ဒရှင်တွေက Donald Trump ကို နောက်တက်မယ့်သမ္မတသစ်အဖြစ် ရွေးချယ်ခဲ့ကြပါပြီ။ သမ္မတရာထူးအတွက် မကြာခဏဆိုသလို သဘောထားကွဲပြားမှုတွေနဲ့ အချိန်အတော်ကြာ ခါးခါးသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီးတဲ့နောက် အမေရိကန်ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ကို အလေးထားတဲ့အနေနဲ့ အေးဆေးတည်ငြိမ်စွာ အာဏာလွှဲပြောင်းပေးရေးအတွက် လုပ်ငန်းတွေ စတင်နေကြပြီဖြစ်ပါတယ်။ VOA သတင်းထောက် Chris Simkins သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

ရွေးကောက်ပွဲ ပြီးသွားပေမဲ့ နိုင်ငံတဝန်းမှာတော့ စိတ်ဝမ်းကွဲပြားမှုတွေ နက်နက်နဲနဲ ရှိနေဆဲဖြစ်ပါတယ်။ Hillary Clinton က Donald Trump ကိုရှုံးသွားတဲ့အတွက် အိမ်ဖြူတော်အပြင်ဘက်မှာ မကျေနပ်သူတွေ စုရုံးပြီး ခံစားချက်တွေကို လာပြီး ရင်ဖွင့်နေကြပါတယ်။

နာနာကျည်ကျည်းဖြစ်ခဲ့ကြတဲ့ နိုင်ငံရေးပြိုင်ပွဲကြီးနောက်မှာတော့ အရွေးကောက်ခံသမ္မတ Donald Trump က နိုင်ငံပြန်လည် စည်းလုံးညီညွတ်ရေးလမ်းကြောင်းကို ရှေ့ရှုလိုက်ပါတယ်။

“Hilliary Clinton ရဲ့ကျေးဇူးတွေရှိပါတယ်။ သူ နိုင်ငံ့တာဝန်တွေထမ်းဆောင်ခဲ့တဲ့အတွက် သိပ်ကိုကျေးဇူးတင်ထိုက်သူတယောက်ဖြစ်ပါတယ်။ သွေးစည်းညီညွတ်တဲ့ ပြည်သူတွေအဖြစ် ကျနော်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ အချိန်ကျရောက်နေပါပြီ။”

ရှုံးသွားတဲ့ Hillary Clinton ကတော့ အသွင်ကူးပြောင်းရေးတစိတ်တဒေသအဖြစ် ပါတီကြီး ၂ ရပ်ကြားကွဲပြားခြားနားမှုတွေ အဆုံးသတ်ရေးအတွက် Donald Trump အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ အခုလို ကမ်းလှမ်းလိုက်ပါတယ်။

“ကျမတို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီမိုကရေစီအနှစ်သာရက ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို တန်ဖိုးထားပါတယ်။ ကျမတို့အနေနဲ့ လေးစားရုံတင်မကဘဲ မြတ်မြတ်နိုးနိုးတန်ဖိုးထားတာပါ။”

နိုင်ငံကိုဦးဆောင်တာဝန်ယူကြမယ့် အစိုးရအဖွဲ့ဝန်ကြီးတွေအပါအဝင်၊ အစိုးရသစ်ဝန်ထမ်းရွေးချယ်ရေးအတွက် သမ္မတအိုဘားမားအစိုးရက အရွေးကောက်ခံသမ္မတ Trump ရဲ့ အသွင်းကူးပြောင်းရေးအဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးသေချာအောင် ပူးပေါင်းဆောင်ရွက်မယ်လို့ သမ္မတအိုဘားမားက ကမ်းလှမ်းလိုက်ပါတယ်။

“သူနိုင်ငံကို စည်းလုံးညီညွတ်စွာ ဦးဆောင်ဖို့ သူ့ရဲ့ အောင်မြင်မှုတွေကို ကျနော်တို့အားလုံး ချီးကျူးနေကြပါတယ်။ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးဟာ ကျနော်တို့ဒီမိုကရေစီရဲ့ ထူးခြားတဲ့ အမှတ်သင်္ကေတတခုဖြစ်ပါတယ်။ လာမယ့်လတွေအတွင်းမှာဒါတွေကို ကမ္ဘာကြီးကိုပြသသွားမှာပါ။”

Donald Trump က ရွေးကောက်ပွဲအတိုင်ခင်တုံးကတော့ ချောမွေ့စွာအသွင်းကူးပြောင်ရေးအပေါ် သံသယတွေပွားခဲ့ပြီး ရွေးကောက်ပွဲရလာဒ်ကို လက်ခံမယ်မခံဘူးဆိုတာကိုပြောဖို့ ငြင်းဆိုခဲ့တာပါ။

အရွေးကောက်ခံသမ္မတ Donald Trump အနေနဲ့ သမ္မတတာဝန်မထမ်းဆောင်မှီ၊ သွေးစည်းညီညွတ်ရေးအတွက် ဇောင်းပေတဲ့စကားတွေပြောဖို့ လိုတယ်လို့ Brookings Institute သုတေသနဌာနရဲ့ နိုင်ငံရေးအကဲခတ် Norman Eisen က သုံးသပ်ပါတယ်။

“မနေ့ညက သူပြောခဲ့တဲ့မိန့်ခွန်းကတော့ ပါတီစွဲမထားဘဲ၊ လက်ခံဖို့နဲ့၊ စည်းလုံးညီညွတ်ရေးအတွက် ဆက်လုပ်သွားမယ်ဆိုတာကိုဘဲ ပထမဆုံးခြေလှမ်းအဖြစ် သူလုပ်နိုင်ပြနိုင်ခဲ့တာပါ။”

သမ္မတအာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ကတော့ Donald Trump သမ္မတသက်တမ်းစတင်ဖို့အတွက် ကျမ်းသစ္စာကျိန်ဆိုဖို့ အခမ်းအနားကျင်းပမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG