သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ကန်သံရုံးရှေ့မှာ ဆန္ဒပြ


အမေရိကန်သံရုံး- မလေးရှား ကွာလာလမ်ပူမြို့တော်။
အမေရိကန်သံရုံး- မလေးရှား ကွာလာလမ်ပူမြို့တော်။

မလေးရှားနိုင်ငံမှာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာဟာ ကွာလာလမ်ပူမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ ဒီကနေ့ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အငြင်းပွားစရာဖြစ်နေတဲ့ ပြည်ဝင်ခွင့်မူဝါဒနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က မွတ်စလင်အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံကလူတွေကို အမေရိကန်နိုင်ငံထဲကို ပြည်ဝင်ခွင့် ဗီဇာ ရက်ပေါင်း ၉၀ ပိတ်ပင်လိုက်ပြီး၊ ဒုက္ခသည်တွေကို ရက် ၁၂၀ ပိတ်ပင်လိုက်တဲ့ သမ္မတရဲ့အမိန့်ကို ပြီးခဲ့တဲ့ တပတ်ကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံထဲကို ပြည်ဝင်ခွင့် ၃ လ ပိတ်ပင်လိုက်တဲ့ နိုင်ငံတွေကတော့ အီရတ်၊ ဆီရီးယား၊ အီရန်၊ ဆူဒန်၊ လစ်ဗျား ဆိုမာလီ၊ နဲ့ ရီမင် နိုင်ငံတွေဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနက ပြောပါတယ်။

အခုလို ခရီးသွားခွင့်ပိတ်လိုက်တာဟာ မွတ်စလင်တွေကိုပစ်မှတ်ထားဖို့ ရည်ရွယ်ပြီးလုပ်တာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

သမ္မတထရမ့်ရဲ့ အမိန့်က အစ္စလာမ်ဘာသာနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ သဘောထားအမြင်ကို ပိုအားကောင်းစေပြီး၊ အဲဒီနိုင်ငံတွေက နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အခုလို တားဆီးလိုက်တာကြောင့် မွတ်စလင်တွေအဓိကနေထိုင်တဲ့ မလေးရှားအပါအဝင် တခြားနိုင်ငံတွေက ကျောင်းသားတွေ ပညာသင်ကြားရေးနဲ့ သွားလာရေးကိစ္စတွေမှာလည်း အနှောက်အယှက်တွေကြုံ လာရနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG