သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကော်မရှင်လုပ်ရပ် မေးခွန်းထုတ်စရာ


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ၊ အင်းဝအပ်ချုပ်ဆိုင်မိသားစုက အိမ်အကူ မိန်းကလေးနှစ်ဦး နှိပ်စက်ခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက် အပါအဝင် မြို့နယ်တွင်း ကလေးသူငယ်တွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေကို အလေးထားစောင့်ကြည့်နေကြောင်း နိုင်ငံတော် သမ္မတရုံးက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီအတောအတွင်းမှာပဲ အိမ်အကူမိန်းကလေးတွေ နှိပ်စက်ခံရတယ်ဆိုတဲ့ အမှုမှာ ကြားကနေ ညှိုနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံလူ့ အခွင့် အရေး ကော်မရှင်ရဲ့ လုပ်ရပ်ဟာ ဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်လို့ အရေးယူသင့်သလား၊ ဒါမှမဟုတ် ကော်မရှင်အဖွဲ့ဝင် တွေဘက်က ကာကွယ် ပြောဆိုခဲ့ သလို သူတို့ဘက်က ပြဌာန်းချက်တွေ အတိုင်းဆောင်ရွက်တာပါလို့ ဆိုလာတဲ့အတွက် ဒီကော်မရှင်ရဲ့ ပြဌာန်းချက်တွေကိုပဲ ပြင်ဆင်သင့်သလား စတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဥပဒေပညာရှင်လည်းဖြစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးအောင်သိန်းက အခုလို ဗွီအိုအေကိုပြောပါတယ်။

“လူ့အခွင့်အရေးကော်မရှင်ဆိုတာက လူ့အခွင့်အရေး၊ မတရားနစ်နာမှုတွေ၊ မတရားပြုကျင့်မှုတွေခံရသူတွေရဲ့ကိစ္စတွေကို နိုင်ငံတော်သမ္မတနဲ့ အာဏာပိုင်အဖွဲ့အစည်းကို သူတို့က တင်ပြအစီရင်ခံပြီး ပြောရမှာပဲ၊ အကြံပေးရမှာပဲပေါ့နော်။ အခုကိစ္စက ကလေးတွေရဲ့ ဖြစ်ပေါ်မှုဟာ အင်မတန်မှ ရုပ်ဆိုးတဲ့ကိစ္စဖြစ်တယ်။ အဲဒါကို ကော်မရှင်က ညှိနှိုင်းဆောင်ရွက်ပေးပါတယ်ဆိုရုံနဲ့ လုံလောက်မယ်လို့ ကျနော်မထင်ဘူး။ သူ့ ဥပဒေအရလည်း ဒီလောက်အထိ ရာဇဝတ်မှုကျူးလွန်တဲ့ ပြစ်မှု ပေါ်ပေါက်နေတာကို ညှိနှိုင်းပေးပိုင်ခွင့်လည်း သူ့မှာမရှိဘူး။ ညှိနှိုင်းပေးပိုင်ခွင့်ဆိုတာက အခြားအခြားသော ပြဿနာများတွေနဲ့ မတူဘူး အခုဟာက ။ အဲဒီတော့ အဲဒါကို ကျနော်တို့က စံနမူနာထားပြီးပြောရမယ်ဆိုရင် ကော်မရှင်ရဲ့ ဆောင်ရွက်ချက်ဟာ တရားမမျှတတဲ့ မမှန်ကန်တဲ့ဆောင်ရွက်မှုလို့ ၊ သူ့လုပ်ပိုင်ခွင့်ပေးတဲ့ဘောင်ထက် ကျော်လွန်ပြီး ဆောင်ရွက်တယ်လို့ ကျနော်တို့က အဲဒီလိုပဲမြင်တယ်။

မေး။ ။ ဒါဆိုရင် ဒီလူ့အခွင့်အရေးကော်မရှင် ဘက်ကရော သူတို့ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့ တောင်းပန်နိုင်ဖို့ အလားအလာရောရှိ နိုင်မလားရှင့်။

ဖြေ။ ။ ဒီဟာကတော့ အဖွဲ့အစည်းတွေက ကျနော်တို့ ပြီးခဲ့တဲ့ အစဉ်အလာကကြည့်ရင်တော့ တောင်းပန်တယ်ဆိုတဲ့ စကားလုံးတွေ သုံးလေ့သုံးထမရှိဘူး။ ဒါပေမယ့် လွတ်လပ်တဲ့ကော်မရှင်တရပ် က မိမိ အမှားကို မိမိမှားပါတယ်လို့ ပြောလို့ ပြည်သူလူထုက လက်ခံကျေနပ်ရင်တော့ ဒီကော်မရှင်ဟာ သက်တမ်း ဆက်ရှည်ပေါ့ဗျာ ။ တကယ်လို့ ဝန်ခံဖို့ ဝန်လေးတယ်ဆိုရင်တော့ ဘာပြောပြောသိက္ခာ ရှိစွာနဲ့ မိမိ ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတာတော့ ကိုယ့်လမ်းကိုရွေးသင့်တယ်လို့ မြင်ပါတယ်။”

ကလေးသူငယ်တွေအပေါ်နှိပ်စက်ခံရမှုကို စုံစမ်းစောင့်ကြည့်နေပြီး အစီရင်ခံစာရေးသား နေသူလည်းဖြစ်၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွန့်အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကတော့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အရေးယူ သင့်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက ရာဇဝတ်မှုဖြစ်နေလို့ပါပဲ ၊ ရာဇဝတ်မှုကို သိလျှက်နဲ့ ထိမ်ချန်ထားခြင်း ဖြစ်ပါတယ်။”

ဒါအပြင် အရင်သမ္မတ ဦးသိန်းစိန်လက်ထက်က ပြဌာန်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့အားနည်းချက်တွေကိုလည်း ပြင်ဆင်ရမှာဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်တွေရဲ့ နောက်ခံ သမိုင်းကြောင်းတွေအရလည်း ကော်မရှင်ကို ပြန်ပြီးဖွဲ့စည်းသင့်တယ်လို့ ကိုမျိုးရန်နောင်သိမ်းက ဆိုပါတယ်။

“ပြောရင်တော့ အကျဉ်းဦးစီးညွန်ချုပ် ဦးဇော်ဝင်းပေါ့နော် ပုဂ္ဂိုလ်ရေးအရပြောရင်တော့ ကျနော့်ကိုဆေးကုခွင့် မပေးခဲ့တဲ့လူပေါ့ဗျာ။ ကျနော်ထောင်ထဲမှာ အောက်ပိုင်းချိနေလို့ ဆေးမကုပေးခဲ့လို့ ကျနော့်မိခင်လည်း အကြိမ်ကြိမ် သွားပြီးတော့ စကားပြော ဆိုပြီးတော့ ကျနော့်မိခင်ကိုလည်း ငေါက်ငမ်းလွှတ်ခဲ့တဲ့ ပုဂ္ဂိုလ်ဗျ။ အဲဒီလို ပုဂ္ဂိုလ်မျိုးက လူ့အခွင့်အရေးကော်မရှင်မှာပါနေတာက ထူးဆန်းဖွယ်ကောင်းတာပေါ့နော်။ ပုဂ္ဂိုလ်အနေနဲ့ အမျိုးစား ၂ မျိုးပေါ့နော် လူ့အခွင့်အရေးကို ခံစားချက်နဲ့နားလည်တဲ့လူမျိုးပေါ့၊ နောက်တခုက လူ့အခွင့်အရေးကို ဥပဒေကြောင်းအရ နားလည်တဲ့လူမျိုးပေါ့နော် ဒီလို ပုဂ္ဂိုလ်မျိုးကို ထည့်သွင်းဖွဲ့စည်းသင့်ပါတယ်။ လူ့အခွင့်အရေးကို ခံစားချက်နဲ့နားလည်တဲ့လူမျိုးဆိုရင် ဥပမာအားဖြင့် ကိုမင်းကိုနိုင်လိုလူမျိုးပေါ့ဗျာ ၊ ဒီလိုပုဂ္ဂိုလ်မျိုးဦးဆောင်တဲ့ ကေ်ာမရှင်ဖြစ်သင့်ပါတယ်။

အခုလို ကလေးသူငယ်တွေကို ညှဉ်းပန်းနှိပ်စက်တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုရဲ့ ကျူးလွန်မှုနဲ့ပတ်သက်လို့ ကျောက်တံတားမြို့နယ် ရဲစခန်းက အရေးယူ ဆောင်ရွက်ခဲ့ပုံကို ပြန်ပြီး စစ်ဆေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတက ညွန်ကြားထားသလို ညှိုနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ရပ်ကို လေ့လာနေကြောင်း သမ္မတရုံးက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်း လူ့အခွင့်အရေးကော်မရှင်ကို ဥပဒေကြောင်းအရ အစိုးရဘက်က အရေးယူဖို့ မနေ့က အရေးကြီးအဆိုတင်သွင်းထားပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ ဥပဒေအခန်း( ၄) ပုဒ်မ (၁၈)မှာတော့ ကော်မရှင်အဖွဲ့ဝင်ရဲ့ ရာထူးသက်တမ်းနဲ့ပတ်သက်လို့ ရာထူးမှနှုတ်ထွက်ခြင်းနဲ့ တာဝန်မှ ရပ်စဲခြင်း၊ လစ်လပ်ရာထူးများအတွက် ဖြည့်စွက်ခန့်ထားခြင်းဆိုတဲ့နေရာမှာ နိုင်ငံတော်သမ္မတသည် ကော်မရှင်အဖွဲ့ဝင်တဦးဦးအား ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာပျက်ကွက်မယ်ဆိုရင် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌတို့နဲ့ ညှိုနှိုင်းပြီး တာဝန်မှရပ်စဲနိုင်သည်လို့ ဖေါ်ပြထားပါတယ်။

ဆယ်ကျော်သက်အရွယ် မိန်းကလေးနှစ်ဦးဖြစ်တဲ့ မစန်းကေခိုင်နဲ့ မသဇင်တို့အပေါ် ငါးနှစ်နီးပါး ညှဉ်းပန်း နှိပ်စက်ခဲ့တယ်ဆိုတဲ့ အင်းဝင်အပ်ချုပ် ဆိုင်ပိုင်ရှင်မိသားစုရဲ့ လုပ်ရပ်ကို လွန်ခဲ့တဲ့ သုံးလ လောက်က ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာန အယ်ဒီတာ ကိုဆွေဝင်းက စတင်စုံစမ်းသိရှိခဲ့တာပါ။

ညှဉ်းပမ်းနှိပ်စက်ခံရတဲ့ မိန်းကလေးနှစ်ဦးနဲ့ ပတ်သက်လို့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုကို ဥပဒေကြောင်းအရ တရားစွဲထားကြောင်း လူမှုကယ်ဆယ်ရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေကို ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG