သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး သတိနဲ့ ကိုင်တွယ်ဖို့ ICG သတိပေး


A reveller covered in tomato pulp participates in the annual Tomatina festival in the eastern town of Bunol, near Valencia, Spain.
A reveller covered in tomato pulp participates in the annual Tomatina festival in the eastern town of Bunol, near Valencia, Spain.

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေအပေါ် ဆက်လက်ပြီး အလွန်အကျွံအင်အားသုံးဆောင်ရွက်မှုအပါအဝင် အစိုးရရဲ့ကိုင်တွယ်မှု မှားယွင်းနေမယ်ဆိုရင် နိုင်ငံဖြတ်ကျော်ဂျီဟတ်စစ်ပွဲဆင်နွဲနေသူတွေက မြန်မာနိုင်ငံထဲမှာ သူတို့ရည်ရွယ်ချက်အတိုင်းဖြစ်အောင် ရိုဟင်ဂျာတွေထဲက အစွန်းရောက်နေသူတွေကို အသုံးချသွားလိမ့်မယ်လို့ နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG ကသတိပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်ထဲက မွတ်ဆလင် သူပုန်ထမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ICG အဖွဲ့က ဒီဇင်ဘာ ၁၅ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။ ပြည်ပရောက်သူတွေဦးဆောင်ပြီး တိုက်ခိုက်ရေး သင်တန်းတက်ထားတဲ့ ရိုဟင်ဂျာတိုက်ခိုက်ရေးသမားတွေရဲ့ ရခိုင်ပြည်နယ်ထဲ လတ်တလောတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်များတဲ့ အကွေ့ အပြောင်းတခုဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

ဆော်ဒီအာရေဗျမှာ အခြေစိုက်တဲ့ ရိုဟင်ဂျာကော်မတီတခုက ဦးဆောင်တဲ့ Harakah al-Yaqin လို့ဆိုတဲ့ သောင်းကျန်းသူအဖွဲ့ကနေ ခေတ်သစ်ပျောက်ကျားတိုက်ခိုက်ရေးနည်းစနစ်တွေ အတွေ့အကြုံရှိပြီး နိုင်ငံတကာက သင်တန်းတွေရယူထားတဲ့ ရိုဟင်ဂျာတွေကို တိုက်ခိုက်ဖို့အမိန့်ပေးကြီးကြပ်ခဲ့တာဖြစ်တယ်လို့ ICG ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ရန်ပုံငွေကောင်းကောင်းရှိပုံရပြီး စနစ်တကျဖွဲ့ထားတဲ့ ဒီအဖွဲ့ပေါ်ပေါက်လာတာဟာ ရခိုင်ပြည်နယ်ထဲက ရှုပ်ထွေးတဲ့အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာအစိုးရအတွက် အထူးသတိထားစရာ အပြောင်းအလဲဖြစ်တယ်လို့ အစီရင်ခံစာရေးသား ပြုစုသူကပြောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ သြဇာလွှမ်းမိုးမှုရှိပေမဲ့၊ ဖွဲ့စည်းပုံအရ စစ်တပ်ကို သူတိုက်ရိုက် ညွှန်ကြားထိန်းချုပ်လို့ မရတာက အခြေအနေကို ပိုပြီးရှုပ်ထွေးစေတယ်လို့ ICG အဖွဲ့ကမြင်ပါတယ်။

သင်တန်းပေးမှုတချို့နဲ့ သွေးစည်းညီညွတ်မှုပြတဲ့လက္ခဏာတွေကလွဲလို့ Harakah al-Yaqin အဖွဲ့ဟာ နိုင်ငံဖြတ်ကျော် ဂျီဟတ်အတွေးအခေါ်နဲ့ စစ်ဆင်နေပုံ မရတဲ့အပြင် အကြမ်းဖက်ဝါဒပျံ့စေတဲ့ရည်ရွယ်ချက်နဲ့ လုပ်နေပုံမရဘူးလို့တော့ ICG ကဆိုပါတယ်။ ဒါပေမဲ့ အစိုးရက ထိထိရောက်ရောက်မကိုင်တွယ်ဘူးဆိုရင်တော့ ရိုဟင်ဂျာတွေကြား အစွန်းရောက်အမြင်တွေ ပေါ်ပေါက်လာနိုင်ပြီး ဂျီဟတ်ဝါဒီတွေရဲ့ အသုံးချမှုကို ခံရလိမ့်မယ်လို့ သတိပေးထားပါတယ်။

အခြေခံလူ့အခွင့်အရေးတွေကို မလေးစားဘဲ နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ပြီး လုံခြုံရေးအင်အား အလွန်အကျွံ အသုံးပြုနေတာက လုံခြုံရေးအတွက် ဆန့်ကျင်ဖက် ဆိုးကျိုးတွေကိုပဲ ရစေမယ်လို့ ICG က ပြောပါတယ်။ မျှော်လင့်ချက်ကင်းမဲ့ စိတ်ပျက်အားလျော့စိတ်တွေတိုးလာလေ လူတွေကို အကြမ်းဖက်တုံ့ပြန်မှုတွေလုပ်လာအောင် တွန်းအားပေးရာရောက်လေ ဖြစ်တယ်ဆိုတာကိုလည်း အစီရင်ခံစာက မီးမောင်းထိုးပြပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေတွေကို ပြောင်းလဲသွားအောင် မြန်မာအစိုးရကလုပ်ဖို့ အချိန်မနှောင်းသေးဘူးလို့ ကြာသပတေးနေ့ကထုတ်ပြန်တဲ့ ICG ရဲ့အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင်နဲ့ လူမှုအသိုင်းအဝိုင်းတွေကြား တင်းမာမှုအခြေအနေ ပိုဆိုးမသွားအောင်လုပ်တဲ့နေရာမှာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေရဲ့ စိုးရိမ်မှုနဲ့ နစ်နာမှု မကျေနပ်မှုတွေကိုလည်း ထည့်စဉ်းစားဖို့လိုအပ်တယ်လို့ ICG ကပြောပါတယ်။ ICG အစီရင်ခံစာဟာ ပြည်တွင်းထောက်လှမ်းရေး အချက်အလက် တော်တော်များများနဲ့ ကိုက်ညီနေပြီး ပြည်ပအကြမ်းဖက်အဖွဲ့အစည်းတွေကနေ ငွေကြေးအပါအဝင် အထောက်အပံပေးနေတာတွေကို နိုင်ငံတကာနဲ့ ပူးပေါင်း ဖော်ထုတ်၊ အရေးယူဆောင်ရွက်မှုတွေ လုပ်နေပြီလို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ အမေရိကန်အစိုးရကတော့ လေ့လာသုံးသပ်နေပြီး မှတ်ချက်ပေးပြောဖို့ စောသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG