သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန်ကော်မရှင် ရခိုင်ခရီး


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရခိုင်ကော်မရှင်ရဲ့ ရခိုင်မြောက်ပိုင်းက ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ( ဇူလိုင် ၉ ၂၀၁၆)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရခိုင်ကော်မရှင်ရဲ့ ရခိုင်မြောက်ပိုင်းက ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ( ဇူလိုင် ၉ ၂၀၁၆)

ရခိုင်ပြည်နယ်တောင်ပိုင်းက ဒေသခံတွေနဲ့တွေ့ဆုံ ကွင်းဆင်းလေ့လာပြီးတဲ့နောက်မှာ ဒေသတွင်းစီးပွားရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး အရေးတကြီးဆောင်ရွက်သင့်တာတွေကို ကော်မရှင်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ နဲ့ အစိုးရကို အကြံပြုအစီရင်ခံစာ အမြန်ဆုံး တင်သွင်းသွား မှာဖြစ်တယ်လို့ကော်မရှင်အဖွဲ့ဝင်တဦးကပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရခိုင်ကော်မရှင်ရဲ့ ရခိုင်တောင်ပိုင်း ကို သွားရောက်လေ့လာတဲ့ ခရီးစဉ် ကြာသပတေးနေ့မှာ အဆုံးသတ်ပါပြီ။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို လေ့လာ အကြံပေးနိုင်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွဲ့စည်းပေးထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူှချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရခိုင်ကော်မရှင်က ကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူနဲ့ ရမ်းဗြဲကို သွားရောက်ပြီး ဒေသတွင်းအခြေအနေတွေ လေ့လာ ဒေသခံပြည်သူတွေကို သွားရောက် မေးမြန်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ရက်နေ့ကစတင်ခဲ့တဲ့ ဒီရခိုင်တောင်ပိုင်းခရီးစဉ်အတွင်း ဒေသတွင်း စီးပွားရေးစီမံကိန်းတွေ၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လို့ လေ့လာခဲ့တာတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင်လိုက်ပါသွားခဲ့တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က အခုလိုပြောပြပါတယ်။

“၁ အချက်ကတော့ ဒီကျောက်ဖြူဘက်မှာက အရမ်းကို အပြုသဘောဆောင်ပါတယ်။ ရပ်မိရပ်ဖတွေရော CSO တွေရော ကျနော်တို့ကို လှိုက်လှိုက်လဲလဲ ကြိုဆိုပါတယ်။ အထူးစီးပွားရေးဇုံနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ အားသာချက် အားနည်းချက်တွေတော့ ရှိတယ် အဲဒါတွေလည်း သူတို့ တင်ပြကြပါတယ်။ သို့သော်လည်း သူတို့က အတိတ်မှာပဲ သူတို့ လှောင်ပိတ်မခံပဲ နဲ့ ရှေ့ကို ထွက်ချင်တဲ့ သဘောတွေရှိတယ်။ နောက်ပြီး ၂ ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ သဘောထား ပျော့ပြောင်းပါတယ်။”

ရခိုင်တောင်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်ဒေသခံတွေကြား ဆက်ဆံရေး အခြေအနေကို မေးမြန်းခဲ့သလို ဒေသခံတွေဘက်က ဒေသတွင်းစီးပွားဖွံ့ဖြိုးအောင် နေထိုင်ရေး အဓိကလိုလားကြတယ်ဆိုတာကို ပြောဆိုခဲ့ကြတယ်လို့လည်း ဦးအေးလွင်ကပြောပါတယ်။

“နောက်ပြီးတော့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုထဲမှာ ပါတဲ့ ကမန်တွေ အတွက်ကိုလည်း ရခိုင်အမျိုးသားတွေက ပြောပေးတဲ့လူရှိပါတယ်။ တိုင်းရင်းသား ကမန်များသည် သူတို့ မျိုးနွယ်စု ဖြစ်တယ်ဆိုတာကို ရခိုင်မြို့မိ မြို့ဖတွေက လက်ခံတယ် နောက် ဖြစ်နေတာက ဒီ ကမန်တွေအားလုံးက camp တွေထဲမှာ ခွဲပြီးနေရတယ်။ သူတို့ အိမ်တွေက အဖျက်ဆီးခံရတာရှိသလို၊ တချို့မြို့ပေါ်ကတော့ ဖျက်ဆီးမခံရဘူး။ ဒါပေမယ့်အဲဒီကို လုံးဝသွားလို့မရသေးတဲ့ အနေအထားဖြစ်နေတဲ့အတွက် ရခိုင် မြို့မိမြို့ဖ အချို့က ဒီလိုတိုင်းရင်းသားတွေကို အခွင့်အရေး ဥပဒေနဲ့ အညီ ကာကွယ်ပေးပြီးတော့ လွတ်လွတ်လပ်လပ်သွားဖို့ ဆိုတာတွေကို ပြောပါတယ်။

မေး။ ။ အန်ကယ်တို့ အခု ဒီခရီးစဉ်က ပြန်လာတဲ့အခါမှာ ကော်မရှင်အနေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် အစိုးရအဖွဲ့တွေကို ဘယ်လိုမျိုး အစီရင်ခံစာလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်ငန်းစဉ်တွေကို လုပ်ဖို့ ရှိပါသလဲ

ဖြေ။ ။ ကျနော်တို့ လုပ်ငန်းစဉ်ကတော့ တခုတည်း တစိုက်မတ်မတ် အကြံအဉာဏ်ပြုရေးအတွက် အခက်အလက်စုဆောင်းဖို့ တခုတည်းသောလုပ်ငန်းစဉ်ပါပဲ။ အခက်အလက်တွေ စုဆောင်းမယ်၊ အခက်အလက်တွေက မှန်ကန်ဖို့အတွက် ဆန်းစစ်မယ်။ ပြီးရင် အပြုသဘောဆောင်သော အကြံပြုချက်တွေ ကျနော်တို့ ပေးမယ်။ ကျနော်တို့ ကြားဖြတ်အစီရင်ခံစာကို နောက်လထဲ တင်ဖို့ ရှိပါတယ်။”

အခုလို ကော်မရှင်ရဲ့လေ့လာကွင်းဆင်းမှုကိုကြိုဆိုပြီး ရခိုင်တောင်ပိုင်းမှာ အဓိက သဘာဝဓာတ်ငွေ့ စီမံကိန်းတွေနဲ့ စီးပွားရေးဖွံ့ဖြိုးမှု စီမံကိန်းတွေကြောင့် ကျေးရွာအိုးအိမ်တွေ ရွှေ့ပြောင်းပေးရသလို မိရိုးဖလာလယ်ယာစိုက်ပျိုးရေးတွေ ဖယ်ရှားပေးခဲ့ကြရတဲ့ ဒေသခံပြည်သူတွေရဲ့ နစ်နာမှုတွေနဲ့ ရေရှည်ဘဝ ရပ်တည်ရေးတွေကိုလည်း ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အလေးထားလုပ်ဆောင်ပေးဖို့ကိုလည်း ကော်မရှင်အနေနဲ့ တိုက်တွန်းပေးပါလို့ ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးခိုင်ကောင်းစံကလည်း ပြောပါတယ်။

“အဓိကတော့ ဒေသခံ CSO တွေရယ် တကယ်ပဲ ခံစားနေရတဲ့ လယ်ယာမြေပိုင်ရှင်တွေပေါ့နော် အဲဒီဒေသအတွင်းက လူတွေကို အဓိက ကြိုပြီးတော့ ချပြဖို့ လိုပါလိမ့်မယ်။ အဲဒီလို မပြောပဲနဲ့ ကျောက်ဖြူဒေသဆိုရင် အဓိက ဒီပိုက်လိုင်းမှာ တော်တော်ခံစားခဲ့ရတာပေါ့နော်။ အခုထိ ကျောက်ဖြူမှာဆိုရင် လယ်ယာမြေတွေ လျော်ကြေးမရသေးတဲ့ မိသားစုတွေအများကြီး ရှိနေပါသေးတယ်ပေါ့ အဲဒီတော့ အဲဒီဒေသထဲမှာ တကယ်ပဲ လုပ်ကိုင်စားသောက်နေတဲ့ လူတွေရဲ့ အသက်မွေးဝမ်းကျောင်း ၊ ဘဝလုံခြုံမှုတွေအတွက်က ဒေသခံ ပြည်သူတွေရဲ့ မျိုးဆက်တွေအတွက် စီမံကိန်းကိုလည်း ပွင့်လင်းစွာ ချပြဖို့ အရေးကြီးတယ်။ နစ်နာကြေးတွေဆိုရင်လည်း နှစ်ရှည်ပေါ့ ထောက်ပံ့ကြေးတွေ ပေးဖို့လည်း လိုအပ်တယ်လို့ ကျနော် အကြံပြုချက်ပေးချင်ပါတယ်။”

ကော်မရှင်အဖွဲ့ဝင် ၇ ဦး ပါဝင်လိုက်ပါလာတဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ ကျောက်ဖြူနဲ့ ရမ်းဗြဲခရီးစဉ်အပြီးမှာ ကြားဖြတ် အစီရင်ခံစာတစောင်လည်း ထုတ်ပြန်မှာပါ။ ဒီအစီရင်ခံစာထဲမှာတော့ ဒေသတွင်းစီးပွားရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး အရေးတကြီးဆောင်ရွက်သင့်တာတွေကို ကော်မရှင်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ နဲ့ အစိုးရကို အကြံပြုအစီရင်ခံစာ အမြန်ဆုံး တင်သွင်းသွား မှာဖြစ်ပါတယ်။ ရခိုင်အကြံပေးကော်မရှင်အနေနဲ့လည်း ရခိုင်ပြည်နယ်တဝှမ်း ဒေသတွင်းအခြေအနေတွေကို သွားလေ့လာတဲ့ ခရီးစဉ်တွေ ဆက်တိုက်သွားရောက်ဖို့လည်း စီစဉ်ထားတယ်လို့သိရပါတယ်။

ကိုဖီအာနန်ကော်မရှင် ရခိုင်ခရီး
please wait

No media source currently available

0:00 0:04:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG