သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင် ဘာသာရေးအဖွဲ့တွေနဲ့တွေ့ဆုံ


 ကိုဖီအာနန်ကော်မရှင်
ကိုဖီအာနန်ကော်မရှင်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို အစိုးရအဖွဲ့အစည်းတွေအပြင် ပြည်သူလူထုကို တရားဝင်ချပြသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင်တဦးက ပြောလိုက် ပါတယ်။ လာမယ့် သြဂုတ်လ လယ်ပိုင်း နောက်ဆုံးအစီရင်ခံစာမတင်ပြခင် အဖွဲ့ ခေါင်းဆောင် ကိုဖီအာနန် မြန်မာနိုင်ငံကို လာမယ် လို့လဲပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ သီးခြားတွေ့ဆုံပွဲကို အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတခုဖြစ်ဖို့ နှစ်ဖက်စလုံးကမျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ကြားဖြတ်အစီအရင်ခံစာတင်ပြပြီးခဲ့ပြီဖြစ်တဲ့ ကုလအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့ အပြီးသတ် အစီရင်ခံစာကိုအစိုးရအဖွဲ့အစည်းတွေ အပြင် ပြည်သူတွေကိုတရားဝင်ချပြသွားမှာ ဖြစ်သလို နောက်ဆုံးအစီရင်ခံ စာမှာ ရခိုင်ဒေသဖွံ့ဖြိုးရေးပိုင်းကိုအဓိကထားပါဝင်မယ်အကြံပေး ကော်မရှင်အဖွဲ့ ဝင်တဦးဖြစ်တဲ့ ဦးအေးလွင်က ဗွီအိုအေကို ပြောပါတယ်။

“၁အချက်ကတော့ ကျနေ်ာတို့ကိုဖွဲ့စည်းပေးတဲ့ နိုင်ငံတော်အစိုးရကို ကျနော်တို့တင်ပြရမှာပေါ့ခင်ဗျာ။ နောက် တပ်မတော်ကိုလည်း ကျနေ်ာတို့တင်ပြမယ်။ တင်ပြပြီးတဲ့အခါမှာ အများပြည်သူတွေကို သတင်းစာရှင်းလင်းပွဲကြီးလုပ်ပြီးချပြမယ်။ ဒီ Final Report မှာတော့ ရခိုင်ပြည်နယ်ကြီးတခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ဆောင်မယ်ဆိုရင်တော့ ရခိုင် ဗုဒ္ဓဘာသာ အမျိုးသားတွေရဲ့ အလုပ်ရရှိရေး၊ ပညာရေး ဒါတွေအကုန်လုံးကပါလာမှာပေါ့နော်။”

လာမယ့် သြဂုတ်လလယ်ပိုင်း နောက်ဆုံးအစီရင်ခံစာမတင်ပြခင် အဖွဲ့ ခေါင်းဆောင်ကိုဖီအာနန် မြန်မာနိုင်ငံကိုလာမယ်လို့လည်း ဦးအေးလွင်က ပြောပါတယ်။

တနင်္လာနေ့တုန်းကလဲ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တချို့ဟာ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင် တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတွေ့ဆုံပွဲမှာ နှစ်ဖက် ဘာသာရေးခေါင်းဆောင်တွေဘက်က တင်ပြကြတာကို ဦးအေးလွင်က အခုလို ပြန်ပြောပြပါတယ်။

“ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေကတော့ သူတို့ယေဘုယျအားဖြင့်ကတော့ပေါ့နော် ဥပဒေလေးစားလိုက်နာဖို့တို့ နိုင်ငံသားဥပဒေအတိုင်း ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်များကို စစ်ဆေးပြီးတော့ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေကိုလည်း နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးဖို့ပေါ့နော်၊ နောက်ပြီးတော့ ဘာသာရေးအစွန်းရောက်တွေ မဖြစ်ဖို့ အဲဒီကိစ္စတွေသူတို့ပြောပါတယ်။ အစ္စလာမ်ကတော့ သူတို့တခုပဲပြောပါတယ် ကော်မရှင်တွေက ဒီလိုပဲ ဖွဲ့စည်းပြီးတော့ Report တွေတက်လာတယ်ပေါ့ လက်တွေ့လုပ်ဖို့ကိစ္စတို့ပြောတာပေါ့နော်။ နောက်တခုကတော့ ဘာသာရေးအဆောက်အဦး ရခိုင်မှာတင်မက ပြည်မမှာလည်း ၁၉၆၂ နောက်ပိုင်း ဗလီတလုံးမှ ဆောက်လို့မရဘူး သင်္ချိုင်းတွေလည်းဖျက်ခံရတယ်၊ စာသင်ကျောင်းတွေလည်း စာသင်ကျောင်းတွေလည်း ခွင့်ပြုချက်မရဘူး အဲဒါတွေပြောတာပေါ့နော်။”

ကော်မရှင်အဖွဲ့ဝင်တချို့ဟာ ရခိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့အတွက် ဒီကနေ့မှာတော့ စစ်တွေမြို့ ကိုရောက်နေပါတယ်။ အကြံပေး ကော်မရှင်အဖွဲ့နဲ့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ တနင်္လာနေ့က သီးခြားတွေ့ဆုံချိန်မှာ ကော်မရှင်ကို ကန့်ကွက် နေတဲ့ ရခိုင်အဖွဲ့တွေနဲ့တွေ့ဆုံဖို့၊ အဲဒီကနေ အချက်အလက်တွေရဖို့ ဆရာတော်တွေကို မေတ္တာရပ်ခံထားပါတယ်။

ဆရာတော်တွေဘက်ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစစ်ဆေးမှုကို အမြန်ဆုံး လုပ်ပေး ဖို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လုပ်ဆောင်ဖို့ ဆွေးနွေး မိန့်ကြားခဲ့ကြတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆွေးနွေးပွဲ ကိုတက်ရောက်ခဲ့တဲ့ ဓမ္မပီယဆရာတော်ကအခုလိုမိန့်ပါတယ်။

“ဘုန်းဘုန်းတို့က ကမ္ဘာမှာ သိမှားနေတာတွေရှိတာပေါ့နော်၊ ဥပမာဆိုပါတော့ မောင်တောဒေသမှာဆိုရင် ကမ္ဘာက လူနည်းစုလို့ပြောတဲ့နေရာမှာ မွတ်စလင်တွေကို လူနည်းစုလို့ ရည်ညွန်းပြောဆိုတာ သတင်းဌာနတွေလည်း ဒီလိုပြောဆိုတယ်၊ တကယ်ကျတော့ သူတို့က အဲဒီမှာ အများစုဖြစ်တာကို ကမ္ဘာကပြောတဲ့အခါကျတော့ သူတို့ကို Minority ပြောလိုက် အဲဒါတွေကို သတင်းအမှန်တွေဖြစ်ဖို့ ဘုန်းဘုန်းတို့က အကြံတွေပေးတာပေါ့။ နောက်တခါ လူနည်းစုတွေမှာ အဲဒီဒေသတွေမှာ သွားဖို့လာဖို့ဆိုတာ မလုံခြုံဘူး ဌာနေတွေကိုပဲ ရည်ညွှန်း ၊ မွတ်စလင်တွေကိုပဲ ရည်ညွှန်းပြောကြတာပေါ့နော် အဲဒါကို ရခိုင်ကော်မရှင်အနေနဲ့ ကမ္ဘာကိုအမှန်တရားဖြစ်အောင် ထောက်ပြဖို့အတွက်ပြောတာပေါ့ ၊ ဒါတွေလည်းသူတို့လက်ခံပါတယ်။”

ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေအတွက် လူမှုဖူလုံရေး ပိုကောင်းလာဖို့ အကြံပြုချက်တွေကို ကြားနေအဖွဲ့အစည်းအနေနဲ့ တင်ပြ ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပေ မယ့် ကော်မရှင်နဲ့ ပတ်သတ်လို့ ကန့်ကွက်မှုတွေရှိနေဆဲပါ။ ဒီလိုကန့်ကွက်ရတာနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီဥက္ကဌ၊ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလိုပြောပါတယ်။

“အဲဒီတော့ ကုလသမဂ္ဂဆိုတာတောင် ကျနော်တို့က မျက်နာကြည့်ရမယ့်အထဲမှာပါတာပေါ့နော်။ ကုလသမဂ္ဂကမ္ဘာမှာ အစ္စလာမ်မစ် နိုင်ငံတွေက များနေတာပေါ့။ အဲဒီတော့ မဲခွဲရင်သူတို့ပဲ နိုင်သွားတာပေါ့။ အဲဒီတော့ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌတောင်မှ ခင်ဗျားတို့သိပါတယ်။ ဆိုတော့ ပြန်ကြည့်ရင်ကျနော်တို့က နိုင်ငံတကာကို သိပ်မယုံဘူး ၊ အမေရိကန်ဘာလုပ်လုပ် ဘာမှမပြောရက်ဘူး၊ ရုရှားဘာလုပ်လုပ် ဘာမှမပြောဘူး ဒါပေမယ့် နိုင်ငံငယ်လေးတွေမှာကတော့ လူ့အခွင့်အရေးဘာဖြစ်တယ်၊ ခွဲခြားဆက်ဆံပါတယ်ဆိုတာတွေအပြောအင်မတန်ကြီးကြတာပေါ့နော် ၊ ကျနော်တို့က ခံရပေါင်းများပြီတွေ့ဆုံတာတွေများပြီ မစ္စတာ ကင်တားနား၊ ယန်ဟီးလီ နောက်ပိုင်း ယန်ဟီးလီလက်ထက်မှာတော့ မတွေ့ဘူး ၊ ကျနေ်ာတို့တွေ့တယ်ပြောတယ် ဒါပေမယ့် ရခိုင်တွေရဲ့အသံကို ဘယ်တော့မှ report မထွက်ဘူး။ သူတို့စိတ်ကြိုက်တွေ့ခဲ့ပါတယ်ဆိုတဲ့ ရခိုင်တွေဖြစ်သွားတာပေါ့ သမိုင်းမှာ ပြောတာပါ။”

မကြာခင်ကျင်းပဖို့ကြေညာထားတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပထမဆုံး တက်ရောက် ရမယ့် ဒေါက်တာအေးမောင်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးကိစ္စ လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ လဲပြောပါတယ်။

လာမယ့် သြဂုတ်လလယ်ပိုင်း တင်သွင်းမယ့် နောက်ဆုံးအစီရင်ခံစာမှာ ထည့်ဖို့အတွက် ကော်မရှင်အနေနဲ့ နှစ်ဖက် ဘာသာရေး ခေါင်းဆောင်တွေအပြင် UNFPA နဲ့ UNHCR တို့လို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လဲ တွေ့ဆုံပြီး လူဦးရေနဲ့ ပတ်သက်တာ၊ နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်တာတွေကို ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG