သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံအမတ်ကြီး ရခိုင်ကော်မရှင်နဲ့ တွေ့ဆုံ


ကန်သံအမတ်နဲ့ မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌဖြစ်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ကိုနေပြည်တော်မှာတွေ့ဆုံခဲ့(MOI)
ကန်သံအမတ်နဲ့ မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌဖြစ်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ကိုနေပြည်တော်မှာတွေ့ဆုံခဲ့(MOI)

ရခိုင်ပြည်နယ် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်က ရခိုင်ဒေသနဲ့ပတ်သတ်တဲ့ စုံစမ်းမှု ဆိုင်ရာ အစီရင်ခံ စာမှာ ဘက်လိုက်မှုမရှိ၊ အရှိကိုအရှိအတိုင်းအမှန်အကန်ဆုံးထုတ်ဖော်ပြောသွားမယ်လို့ အမေရိကန်သံအမတ်ကြီး နဲ့တွေ့ချိန်မှာ ကတိပြုပြောဆိုလိုက်ပါတယ်။ အမေရိကန်သံအမတ်ကြီးကလည်း စုံစမ်းစစ်ဆေးရေးလုပ်ဆောင်မှု တွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ယုံကြည်ကိုးစားမှုရှိဖို့အတွက် လုပ်ဆောင်ကြစေချင် တယ်လို့ ကော်မရှင်ကို တိုက်တွန်း လိုက်ပါတယ်။ ဒီပြင်ကော်မရှင်ကရေးသားနေတဲ့ စစ်ဆေးမှုဆိုင်ရာအစီရင်ခံစာနဲ့ပတ်သတ်ပြီးလည်း မေးမြန်းခဲ့သလို လုပ်ငန်းဆိုင်ရာလုပ်ဆောင်နေမှုတွေကိုလည်းအသေးစိတ်မေးမြန်းခဲ့တယ်လို့ ကော်မရှင်ဘက်ကပြောပါတယ်။ဒီသတင်းအပြည့်အစုံကိုဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမခကပေးပို့ထားပါတယ်။

အမေရိကန်သံအမတ်ကြီးစကော့မာရှယ်ကရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် ကို တွေ့ဆုံခဲ့ချိန်မှာ အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။ မနေ့ကနေ့လည်လောက်က ကန်သံအမတ်က ကော်မရှင်ဥက္ကဌဖြစ်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ကိုနေပြည်တော်မှာတွေ့ဆုံခဲ့ပြီး ကော်မရှင်ရဲ့ လုပ်ဆောင် နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သတ်ပြီးမေးမြန်းခဲ့ပါတယ်။ ဒီလိုမေး မြန်းခဲ့တာနဲ့ပတ်သတ်ပြီး ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကျိန်ငိုက်မန်က တွေ့ဆုံမှုနဲ့ပတ် သတ်လို့ အခုလိုပြောပြပါတယ်။

“သူမေးတဲ့ဟာတွေကတော့ ယေဘုယျဆန်ဆန်ပါပဲ အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ ကျမတို့ပြောတာက ဘက်လိုက်မှုမရှိပဲနဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်ထားတဲ့အစီရင်ခံစာဖြစ်တယ်ဆိုတာ အဲဒါပါပဲ။ ဘာကြောင့်လဲဆိုတော့ အမတို့က ဘက်လိုက်မှုမရှိပဲနဲ့ မှန်ကန်စွာလုပ်တယ်ဆိုတာကို ကိုယ်ကိုတိုင် သွားရောက် ထဲထဲဝင်ဝင်ပါဝင်ပြီးတော့ ၊ အကုန်လုံး ကော်မရှင်အဖွဲ့ဝင်အားလုံးကလည်း ကြိုးပမ်းခဲ့တယ်ဆိုတာပေါ့နော်။”

အမေရိကန်သံအမတ်ကြီးက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးအရ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးအတွင်း၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း အလေးအနက် စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဆောင်မှုတွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ယုံကြည်ကိုးစား မှုရှိဖို့အရေးကြီးပါတယ်လို့ VOA ကို ပြောပါတယ်။

"စုံစမ်းစစ်ဆေးရေးကော်မရှင်တွေဖွဲ့စည်းပြီး ဆောင်ရွက်နေတာတွေဟာ သိပ်အရေးကြီးပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိမရှိ၊ အချက်အလက်တွေကို ထဲထဲဝင်ဝင် သိရှိအောင်လုပ်ဖို့နဲ့ ပွင့်လင်းမြင်သာပြီး ယုံကြည်ကိုးစားလို့ရမယ့်နည်းလမ်းတွေနဲ့ ကိုင်တွယ်ရပါလိမ့်မယ်။ ချိုးဖေါက်မှုတွေရှိခဲ့ရင်လည်း မီးမောင်းထိုးပြပြီး၊ တရားဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖေါက်တဲ့အဖြစ်တချို့ရှိပါတယ်။ မြန်မာတနိုင်ငံတည်းမှာ ဖြစ်နေတာမဟုတ်ပါဘူး။ ဒီကိစ္စဟာ အမြဲတန်းလိုလို ကိုင်တွယ်ရတာခက်ခဲပါတယ်။ ဒီမိုကရေစီခရီးမှာတော့ ဒီပြဿနာကို ယုံကြည်ကိုးစားလောက်တဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်ကြရမှာပါ။ တွေ့ရှိချက်တွေကိုအများပြည်သူသိအောင် ကိုချပြဖို့လိုပါတယ်။ လွယ်တော့မလွယ်ပေမဲ့ အရေးကြီးပါတယ်။ မြန်မာပြည်သူတွေနဲ့ အစိုးရကသာ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆုံးဖြတ်ကြရမှာဘဲဖြစ်ပါတယ်လို့ ထပ်လောင်းပြောပါရစေ။ တရာဥပဒေစိုးမိုးရေးအပြင် အသိုင်းအဝိုင်း ၂ ခုအကြားဆက်ဆံရေး၊ ကြိုးစားပြီး ယုံကြည်မှုတည်ဆောက်ကြဖို့နဲ့ အရှိန်ရလာတာနဲ့အမျှ အသည်းအသန်လိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။"

တွေ့ဆုံမှုနဲ့ပတ်သတ်လို့တော့ အသေးစိတ်ကိုနှစ်ဖက်စလုံးကထုတ်ပြန်ထားခြင်းမရှိပါဘူး။ မကြာခင်မှာ ရခိုင်ပြည်နယ် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်ဘက်က လေ့လာတွေ့ရှိမှုဆိုင်ရာအစီရင်ခံစာကို သမ္မတထံတင်သွင်းဖို့ ရှိနေသလို ရေတိုရေရှည် လုပ်ငန်းတွေအတွက်လည်းအကြံပြုသွားဖို့ရှိတယ်လို့ ကော်မရှင်ဘက်ကတော့ ပြော ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG