သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ANP ပါတီမှတ်ပုံတင်ခွင့် စစ်ကောင်စီပယ်ဖျက်


တောင်ကုတ်မြို့နယ်ရှိ ရခိုင်အမျိုးသားပါတီရုံး။ (ANP) (ဓာတ်ပုံ - Arakan National Party - ဇွန် ၂၂၊ ၂၀၂၀)
တောင်ကုတ်မြို့နယ်ရှိ ရခိုင်အမျိုးသားပါတီရုံး။ (ANP) (ဓာတ်ပုံ - Arakan National Party - ဇွန် ၂၂၊ ၂၀၂၀)

ရခိုင်ပြည်နယ်ရဲ့အင်အားကြီးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်ပါတယ်။ အခုလို ပါတီလျှောက်ထားမှုပယ်ဖျက်တာကြောင့် ရခိုင်ပြည်နယ်အခြေအနေဟာ နိုင်ငံရေးလမ်းကြောင်းပေါ်မရှိတော့ဘူးဆိုတဲ့ သဘောသက်ရောက်တယလို့ ANP အထွေထွေအတွင်းရေးမှူး ခိုင်ပြည်စိုးက တုံ့ပြန်ပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့လူထုထောက်ခံမှုကြီးမားတဲ့ ပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချကြောင်း ဇူလိုင် (၁) ရက်နေ့က စစ်ကောင်စီမီဒီယာတွေက ထုတ်ပြန်ပါတယ်။ ANP ပါတီဟာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့်ဥပဒေ ပြဌာန်းချက်တွေနဲ့မညီတာကြောင့် ပယ်ချလိုက်တာဖြစ်တယ်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေပြဌာန်းချက်မှာ မတရားအသင်းအဖြစ်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်လည်းကောင်း ကြေညာခြင်းခံထားရတဲ့အဖွဲ့အစည်း၊ နိုင်ငံတော်ကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း (သို့မဟုတ်) အဲဒီအဖွဲ့အစည်းဝင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ် အားပေး ကူညီနေတဲ့အဖွဲ့အစည်းတွေကို မှတ်ပုံတင်ခွင့်လျှောက်ထားခွင့်မရကြောင်း ဖော်ပြထားပါတယ်။

ဒါပေမယ့် ANP ပါတီဝင်တွေထဲက ဥပဒေနဲ့ ငြိစွန်းနေသူတွေရှိရင် ကော်မရှင်အနေနဲ့ ပါတီကိုတရားဝင်အကြောင်းကြားပြီး ပြင်ဆင်ချက်တွေ လုပ်ခွင့်ပေးသင့်တယ်လို့ ANP ပါတီအထွေထွေ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးပါတီလုပ်ရတယ်ဆိုတာကလည်း အကုန်လုံးသိတဲ့ အတိုင်းပါပဲ။ ဓားသွားထက်မှာ ရပ်နေရသလိုပါပဲ။ ဟိုဘက်ကလည်း တမျိုးမြင်၊ ဒီဘက်ကလည်း တမျိုးမြင်၊ အဲဒီအချိန်မှာ ကျနော်တို့ နိင်ငံရေးပါတီရပ်တည်ဖို့အတွက်တောင်မှ တော်တော်လေး လုံးပမ်းတိုက်ခိုက်နေရတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ တရားဝင်မှတ်ပုံတင်တဲ့ပါတီတွေကို ဘယ်လိုဟာမျိုးတွေက ငြိစွန်းနေတယ်၊ ဘာဖြစ်နေတယ်ဆိုတာကိုတော့ ကျနော်တို့က ဥပဒေဘောင်အတွင်းက ရပ်တည်နေသလို သူတို့ဘက်ကလည်း ဥပဒေဘောင်အတွင်းကနေ ကျနော်တို့ ပါတီဘက်ကို ပြောသင့်တယ်လို့ မြင်ပါတယ်။”

ရွေးကော်ပွဲကော်မရှင်ထုတ်ပြန်ချက်ထဲမှာ ပါတီမှတ်ပုံတင်ခွင့်ပြဌာန်းချက်နဲ့ မကိုက်ညီတာကြောင့်ပယ်ချလိုက်တာဖြစ်တယ်လို့ဖော်ပြထားပေမယ့် ဘယ်လိုငြိစွန်းနေလဲဆိုတာ တရားဝင်ဖော်ပြထားတာမတွေ့ရပါဘူး။ လက်ရှိမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ANP ပါတီဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ကင်းရှင်းပြီး မှတ်ပုံတင်ခြင်းလျှောက်ထားသူ ၂၅ ဦးဟာလည်း ပုဒ်မ ၇ နဲ့ငြိစွန်းမှုမရှိသူတွေဖြစ်တယ်လို့လည်း ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“ရှင်းရှင်းပြောရရင် ရခိုင်ပြည်နယ် နိုင်ငံရေးအခြေအနေတွေကတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ရမယ့် အနေအထားမရှိတော့ဘူးဆိုတဲ့ သဘောသက်ရောက်သွားတယ်လို့ မြင်တယ်။”

ရခိုင်အမျိုးသားပါတီ ANP ကို ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ပါတီအနေနဲ့ ရခိုင်ပြည်နယ်ထဲဆက်ရှိနေမှာပါလို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တကြော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲတဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၁၃ ရက်ကနေ ဒီနေ့အထိတိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA ဘက်က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ဒါ့ပြင် ကျန်ရှိနေသေးတဲ့ ရခိုင်ပြည်နယ်တွင်းကမြို့နယ်တွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲရှိပါတယ်။

လက်ရှိ ရခိုင်ပြည်သူတွေဟာလည်း ပါတီနိုင်ငံရေးထက် တော်လှန်ရေးကို ပိုအားပေးထောက်ခံနေတာကြောင့် ပါတီ ရှိခြင်း မရှိခြင်းက အရေးမကြီးဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

“ဘယ်တော့မှလုပ်မလဲမသိတဲ့ စစ်ကောင်စီရဲ့ ရွှေးကောက်ပွဲကို မျှော်နေမယ့်အစား Free and Fair ဖြစ်ချင်မှလည်း ဖြစ်မယ်ဆိုတော့ မိမိတို့ ဆုပ်ဆုပ်ပိုင်ပိုင် ကိုင်ထားနိုင်တဲ့ ULA/AAရဲ့ တော်လှန်ရေးလမ်းကြောင်းကို ပြည်သူတွေက ပိုစိတ်ဝင်စားတယ်၊ အပေးအယူလုပ်ရင်လည်း ပိုတွက်ခြေကိုက်နိုင်တယ်၊ ရခိုင်ပြည်နယ်ရဲ့အကျိုးကို ပိုပြီးတော့ ပါတီနိုင်ငံရေးထက် သယ်ပိုးနိုင်တဲ့ အခြေအနေမျိုးရှိတဲ့အတွက် ဒီအချိန်မှာတော့ ပါတီမရှိလည်း ဘာမှမဖြစ်ဘူးလို့ ထင်ပါတယ်။ တချိန်ချိန်မှာတော့ ကျနော်တို့မှာ ရလဒ်ကောင်းတွေရလာမယ့်အခြေအနေ အများကြီးရှိတယ်လို့ သုံးသပ်ပါတယ်။”

ANP ပါတီကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန်လမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၂ဝ ရွေးကောက်ပွဲတွေမှာ ရခိုင်ပြည်နယ် မဲန္ဒနယ်မြေအများစုကို အနိုင်ရရှိခဲ့တဲ့ပါတီတခုလည်း ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ANP ပါတီကို မှတ်ပုံတင်ခွင့်မပြုပေမယ့် ရခိုင်ပြည်နယ်က တခြားနိုင်ငံရေးပါတီတွေဖြစ်တဲ့ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီနဲ့ ခမီအမျိုးသားဖွဲ့ဖြိုးတိုးတက်ရေးပါတီတို့ကို မှတ်ပုံတင်ခွင့်ပြုထားပါတယ်။

Forum

XS
SM
MD
LG