သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးတုန်းသတ်ဖြတ်မှုအဆင့်သတ်မှတ်ချက် အခြေအမြစ်မရှိဟု ရခိုင်ဒေသခံပယ်ချ


Myanmar Malnourished Rohingya
Myanmar Malnourished Rohingya

ကုလသမဂ္ဂအစီရင်ခံစာအပါအဝင် အများပြည်သူအတွက်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး Early Warning Project အဖွဲ့က လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ပွားနိုင်ခြေ အမြင့်မားဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို တတိယနေရာမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ အခုလို လူမျိုးတုန်းသတ်ဖြတ်နိုင်ခြေအမြင့်မားဆုံးနိုင်ငံစာရင်းထဲ မြန်မာကို တတိယနေရာမှာ ထည့်သွင်းဖော်ပြလိုက်တဲ့အပေါ် ရခိုင်ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ဒါဟာ အခြေအမြေမရှိတဲ့စွပ်စွဲမှုအဖြစ်ပယ်ချလိုက်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေဆဲ မြန်မာနိုင်ငံအပေါ် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရတိုက်ခိုက်မှုအဖြစ် ရှု့မြင်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကမ္ဘာတဝှမ်းမှာ အစိုးရတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုတွေ နောက်တဖန်ဖြစ်နိုင်တဲ့ စိုးရိမ်ဖွယ်အခြေအနေ မြင့်မားနေပြီးလူမျိုးတုန်း သတ်ဖြတ်မှုတွေဖြစ်ပွားနိုင်ခြေ အမြင့်မားဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို တတိယနေရာမှာ ထည့်သွင်းထားတဲ့ အစီရင်ခံစာကိုEarly Warning Project ဆိုတဲ့အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂအစီရင်ခံစာ အပါအဝင် အများပြည်သူအတွက်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး Early Warning Project အဖွဲ့က သုံးသပ်ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက မကြာသေးမှီကထုတ်ပြန်ထားတဲ့ အစီရင်ခံစာပါ အချက်တွေအရ မြန်မာနိုင်ငံမှာရှိတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှု တိုးလာတာနေတာကြောင့် လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေရောက်နိုင်ခြေမြင့်မားနေတယ်လို့ Early Warning Projectနှစ်ပါတ်လည်အစီရင်ခံစာက ဖော်ပြတာပါ။ ဒီအပေါ်မှာတော့ ရခိုင်ဒေသခံလည်းဖြစ် ရခိုင်ပြည်နယ်က မြေပုံမြိုနယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးဖေသန်းက ဒါဟာ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်လိုက်တဲ့ စွပ်စွဲချက်တခုအဖြစ်ပယ်ချလိုက်ပါတယ်။

“လူမျိုးတုန်းသတ်ဖြတ်တယ် တတိယအဆင့်ရှိတယ်ဆိုတာဟာ အဲဒါကျတော့ ဒါဟာ လုံးဝအခြေအမြစ်မရှိဘူးခင်ဗျ။ ဒီအစီရင်ခံစာတွေ မီဒီယာတွေက တက်လာတာဟာ ကျနေ်ာက တဖက်သက်ကျတယ်လို့ ။အတင်းအဓမ္မလုပ်တာတွေတော့ ရှိကောင်းရှိပါလိမ့်မယ်။ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့အဆင့်အထိတော့ မဟုတ်ဘူးခင်ဗျ ကျနေ်ာတို့က ဒေသခံတွေပါ ဒါမျိုးကတော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး ၊ အကြမ်းဖက်လုပ်တဲ့အခါမှာ ပြန်လည်စစ်ဆင်ရေးတွေလုပ်တဲ့အခါမှာတော့ နည်းနည်းအကြမ်းကိုင်တွယ်တာကတော့ ရှိချင်ရှိမှာပေါ့ ၊ ဒါပေမယ့် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့စကားကတော့ တော်တော့်ကို ကြီးကျယ်ပါတယ် လက်တွေ့မကျဘူးလို့ ကျနော်တို့ဒေသခံတွေအနေနဲ့ မြင်ပါတယ်။ လူဦးရေ ဘယ်လောက်များသေသွားလို့လဲ၊ ဒေသမှာ အခက်အခဲတွေတွေ့နေလို့လဲ ၊ ဒုက္ခသည်စခန်းမှာ ဆိုရင်လည်း စားနပ်ရိက္ခအပြည့်အစုံနဲ့ကို သူတို့ရှိနေကြတာပါ။ အပြင်မှာရှိတဲ့ရခိုင်တွေနဲ့တောင်မှ သူတို့စာဝတ်နေရေး ချောင်လည်ပါတယ်။”

ဒီမိုကရေစီဖော်ဆောင်မယ့်အရပ်သားအစိုးရလက်ထက်မှာမှ ဒီလိုပြင်းထန်တဲ့စွပ်စွဲချက်တွေ ဖိအားပေးမှုတွေ ပိုမြင့်တက်လာတဲ့အနေအထားဟာ ဒီမိုကရေစီလမ်းကြောင်းကို သွေဖီအောင် နှောင့်ယှက်နေတာနဲ့အတူတူပဲလို့လည်း ဦးဖေသန်းက သုံးသပ်လိုက်ပါတယ်။

“တမင်ကျနော်တို့နိုင်ငံကို အားနည်းချက်ရှိနေတဲ့ စီးပွားရေးအရ၊ နိုင်ငံရေးအရ အဖက်ဖက်မှာ အားနည်းနေတဲ့ ကျနေ်ာတို့ဒေသကို သက်သက် ဒီဘင်္ဂလီတွေဘက်ကလိုက်ပြီးတော့ ဖိအားပေးနေတယ်၊ ဒါတွေကိုပြောနေတယ်လို့ပဲ ကျနေ်ာထင်တယ် အရင်စစ်အစိုးရခေတ်ကတောင်မှ ဒီလောက်အထိ ဖိအားမရှိခဲ့ဘူးခင်ဗျ၊ ဒီမိုကရေစီအစိုးရရောက်မှ ဒီလောက်အတင်းအဓမ္မတိုက်တွန်းပြီးတော့မှ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တွန်းအားပေးနေတယ်ဆိုတာ ကျနေ်ာတို့ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလည်း ကူညီရာမရောက်ပါဘူး ဖိအားပေးလွန်းတယ်လို့ ကျနေ်ာတို့ ခံစားရပါတယ်။ လူ့အခွင့်အရေးပြောရင်လည်းပြောပေါ့နော် ဒါပေမယ့် အဲလောက်အထိကတော့ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ အဆင့်အထိတော့မရှိပါဘူး။ ဒါက ကျနေ်ာတို့ဒေသကို ဖိအားပေးတာလွန်လွန်းတယ် ။ ဒါကြောင့်ဒါကိုတော့ လက်တွေ့မကျဘူးလို့ပဲ ပြောပါရစေ။”

အခုလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတချို့နဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတချို့တို့ဘက်က ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေကြား စစ်တပ်နဲ့ လုံခြုံရေးတွေဘက်က ရိုဟင်ဂျာတွေအပေါ် အင်အားသုံးပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတယ်၊ လူမျိုးတုန်းသတ်ဖြတ်မှု အသွင်ဆောင်နေတယ်ဆိုပြီး စွပ်စွဲနေသလို ရခိုင်ပြည်နယ်တွင်းကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု အဖွဲ့စေလွှတ်ဖို့ကိုလည်း ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှု ရှိနေတယ်ဆိုတဲ့စွပ်စွဲချက်တွေကြောင့် ကုလအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဖွဲ့ လေ့လာနေသလို ဒုသမ္မတဦးမြင့်ဆွေကိုယ်တိုင်ဦးဆောင်ပြီးလည်း ရခိုင်ပြည်နယ်အရေးဆောင်ရွက်နေတာမျိုးရှိတာကြောင့် ဒီလိုနိုင်ငံတကာစုံစမ်းရေးအဖွဲ့စေလွှတ်ဖို့ကို အစိုးရဘက်က ငြင်းပယ်ထားတာပါ။

အခုလိုလူမျိုးတုန်းသတ်ဖြတ်နိုင်ခြေမြင့်မားလာနိုင်ခြေရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေအပေါ် အဲ့ဒီ့ကို နိုင်ငံတကာစုံစမ်းရေးအဖွဲ့စေလွှတ်ခိုင်းပြီး လာလေ့လာမယ်ဆို အမြင်ရှင်းလင်းသွားနိုင်မလား ဆိုတဲ့ အမေးအပေါ် တော့ ဦးဖေသန်းက အခုလိုတုံ့ပြန်ပါတယ်။

“ကျနေ်ာတို့ဘက်က ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ အကျိုးဆက်တွေလည်း ပါတော့ ပါတာပေါ့ခင်ဗျ ၊ ဒါပေမယ့် ခုနကပြောသလိုပဲ ကော်မရှင်တွေ၊ ကော်မတီတွေ အများကြီးဖွဲ့ထားတယ်။ ဒါတွေရဲ့အစီရင်ခံစာတွေအပေါ်မှာ သူတို့စောင့်ကြည့်သင့်တယ်ပေါ့ဗျာ၊ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ကျနေ်ာတို့ကို ဖိအားပေးနေတယ်ဆိုတာ ကျနော်တို့နားလည်ပါတယ် ဒါကြောင့် နိုင်ငံတော်အနေနဲ့ဒီအပေါ်မှာ ဒီလိုစုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ပြည်တွင်းတွေကိုလာပြီးတော့ မလိုအပ်ဘူး၊ ပိုပြီးတော့ ပြဿနာတွေကို ရှုပ်ထွေးစေတယ်၊ လူ့အဖွဲ့အစည်း ၂ ခုကြားမှာ ပိုပြီးတော့ပြဿနာတွေကို ဖြစ်လာစေတယ်ဆိုတဲ့ ငြင်းဆန်မှုတွေကိုလည်း ကျနေ်ာတို့က ထောက်ခံပါတယ်။ အခြေအနေကို စောင့်ကြည့်ပြီးတော့ ဘယ်လိုဖြစ်လာသလဲဆိုတာကို နိုင်ငံတကာအဖွဲ့အစည်းတွေ UN အဖွဲ့အစည်းတွေနဲ့ စောင့်ကြည့်ပြီးတော့မှ ပိုပြီးတော့အဆင်ပြေလာလိမ့်မယ် ကျနေ်ာတို့ ရခိုင်ဒေသခံတွေကလည်း ဒီအပေါ်မှာ အလွန်ပဲ စိုးရိမ်မှုတွေရှိတယ်လို့ပြောချင်ပါတယ်။”

အစိုးရတပ်တွေက ပြည်သူအမြောက်အများကို သတ်ဖြတ်မှုဟာ ကမ္ဘာတဝန်းမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကျဆင်းခဲ့ရာက အခုပြန်လည်မြင့် တက်လာတယ်လို့ Early Warning Project အဖွဲ့ကပြောပါတယ်။ လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေ အရောက်ဆုံးနိုင်ငံအဖြစ် ဆူဒန်နိုင်ငံကို ဖော်ပြထားပြီး မြန်မာနိုင်ငံကတော့ တတိယမြောက်နိုင်ငံအဖြစ် ဖော်ပြထားတာဖြစ်ပါတယ်၊ ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးတွေ အဆိပ်ဓါတ်ငွေ့သုံးသတ်ဖြတ်ခံခဲ့မှုအပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေကို အမှတ်ရစေပြီး နောင်ဒါမျိုးမဖြစ်အောင် ရှောင်ရှားနိုင်ဖို့အတွက် အမေရိကန်က Holocaust Memorial ပြတိုက်နဲ့ Dartmouth ကောလိပ်တို့ရဲ့ပံ့ပိုးမှုနဲ့ Early Warning Project အဖွဲ့ကနေ ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးလုပ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG